ကရင်နီ ဒုက္ခသည်များ သောက်သုံးရေ ရှားပါးမှုနဲ့ ကြုံနေရ

2022.03.28
ကရင်နီ ဒုက္ခသည်များ သောက်သုံးရေ ရှားပါးမှုနဲ့ ကြုံနေရ လွိုင်ကော်မြို့နယ်ရှိ စစ်​ဘေးဒုက္ခသည်စခန်းတစ်ခုမှာ ရေခပ်နေသူတစ်ဦးကို ၂၀၂၂၂ မတ်လ ၂၃ ရက်နေ့တွင် တွေ့ရစဥ်
Photo: Citizen Journalist

ကရင်နီစစ်ဘေးဒုက္ခသည်စခန်းတွေမှာ နွေရာသီရောက်လာတာနဲ့အမျှ သောက်သုံးရေ ရှားပါးမှု ပြဿနာနဲ့ ကြုံတွေ့လာနေပါတယ်။

ထိုင်းနိုင်ငံနဲ့ ကရင်နီပြည်နယ် အစပ်က KNPP ထိန်းချုပ်နယ်မြေထဲမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် တွေဟာ သောက်သုံးရေရဖို့ မနက် ၄ နာရီလောက်ကတည်းက ထပြီး သွားရောက်တန်းစီ ခပ်ယူကြ ရတယ်လို့ ကရင်နီ ဒုက္ခသည် ဒေါ်နားမိုက ပြောပါတယ်။

 တစ်ညလုံး ရေစောင့်ခပ်ရတယ်။ ရေဆို လုပြီး ခပ်ရတယ်။ အဆင်မပြေဘူး။ အဲဒီရေက ရေချိုး စရာမရှိဘူး။ သုံးရက်မှာ တစ်ခါလား၊ လေးရက်မှာ တစ်ခါလား အဲလိုပဲချိုးရတယ်။ ရေမရှိဘူး။ လူလည်း တအားများလာ တယ်။ နောက်ဘက်မှာလည်း မငြိမ်မသက်ဖြစ်တော့ ဘယ်လိုမှ နောက်မှာ နေလို့မရတဲ့သူကလည်း ဒီဘက်မှာ ထွက်လာတယ်။ ထွက်လာတဲ့လူမှန်သမျှလည်း လူဦးရေ ပို ပိုတိုးလာတယ်။ ရေက နည်းနည်းပဲရှိတဲ့အခါကျတော့ နွေ ပူတဲ့အချိန်လည်း ဖြစ်တဲ့ အခါကျတော့ လုံးဝ ရေချိုးဖို့တော့ အဆင်မပြေဘူးပေါ့။ ရေသောက်ဖို့ကတော့ လုခပ်ရတယ်”

ဒုက္ခသည်တွေဟာ စခန်းနဲ့ လေးမိုင်လောက်ဝေးတဲ့ စမ်းရေထွက်တဲ့နေရာအထိ ရေသွားခပ်ကြရတာပါ။

အလှူရှင်တွေ သွယ်တန်းပေးထားတဲ့ ရေပိုက်တွေရှိနေပေမယ့် အခုလို ပူပြင်းတဲ့ရာသီချိန်မှာ စမ်းရေ တွင်းတွေပါ ခန်းလာလို့ ရေရှားပါးမှုနဲ့ ကြုံနေရပါတယ်။

သောက်သုံးရေ ရှားပါးမှုပြဿနာကို ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ထဲက ဒုက္ခသည်တွေလည်း ကြုံနေကြ ရပါတယ်။

တောတောင်ထဲက စမ်းရေတွင်းတွေက ရေရဖို့ ခက်နေတဲ့အကြောင်း ဒီးမော့ဆိုမြို့နယ်က စစ်ဘေး ဒုက္ခသည် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ရေကတော့ အခက်အခဲဖြစ်တယ်။ ရေကလည်း မနက်အစောခပ်ရင်လည်း အေးတာပေါ့နော်။ အဲလိုဖြစ်တဲ့ အခါကျတော့ အဒေါ်ကလည်း ကိုယ်တိုင်သွားပြီးတော့ မခပ်လို့ရှိရင်လည်း ချက်စရာ ပြုတ်စရာကလည်း လိုနေတယ်ကော၊ အဲဒါကို အဝေးကြီးသွားခပ်ရတယ်။ အဲဒါတောင်မှ ရေက လည်း သိပ်အဆင်မပြေဘူးပေါ့နော်။ ရေထွက်ပေါက် သိပ်အဆင်မပြေတဲ့အခါကျတော့ အဒေါ်တို့ အတွက်ဆို အခက်အခဲ ဖြစ်တယ်ပေါ့နော်”

KNPP ထိန်းချုုပ်နယ်မြေထဲမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းက စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် လောက်ပဲရှိခဲ့တာပါ။ ဒါပေမဲ့ အခုနှစ်ဆန်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် နှစ်ထောင်နီးပါးအထိ တိုးလာပါတယ်။

ရေနည်းနေသည့် လွိုင်ကော်မြို့နယ် စစ်ဘေးဒုက္ခသည်စခန်းတစ်ခုက ရေတွင်းကို တွေ့ရစဥ် (Photo: CJ)
ရေနည်းနေသည့် လွိုင်ကော်မြို့နယ် စစ်ဘေးဒုက္ခသည်စခန်းတစ်ခုက ရေတွင်းကို တွေ့ရစဥ် (Photo: CJ)

သောက်သုံးရေ ရဖို့ အတတ်နိုင်ဆုံးကြိုးစားနေပေမယ့် ဒုက္ခသည်ဦးရေတိုးလာလို့ အခက်အခဲရှိနေ ဦးမယ်လို့ (KNPP) ထိန်းချုုပ်နယ်မြေထဲက ဒုက္ခသည်စခန်းကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရေတွင်းတွေကို ကျနော်တို့ လိုက်ပြီးတော့ ကြည့်တယ်။ ရေတွင်းလေးတွေ ရတယ်ဆိုရင်လည်း ရေတွင်းလေး တစ်တွင်း၊ နှစ်တွင်း ၊ သုံးတွင်း အဲလိုပေါ့နော်။ အဲလိုမျိုး ကျနော်တို့ ကြည့်ပြီးတော့မှ အနည်းဆုံးမရသည့် တိုင်အောင်မှ သောက်ရေ သုံးရေ ချက်ပြုတ်နိုင်တဲ့အထိတော့ ကျနော်တို့ စီစဉ်နေပါတယ်။ ဒါပေမဲ့ လောလောဆယ်ကတော့ လျှံလျှံပယ်ပယ် သုံးနိုင်မယ့် အခြေအနေ ကတော့ ဒီပွင့်လင်းရာသီမှာတော့ တော်တော် လေး အခက်အခဲတွေ ရှိလာမှာပါ”

ကယားပြည်နယ် လွိုင်ကော်မြို့ နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်နဲ့ ကရင်ပြည်နယ်အစပ် သံတောင် ၊ ဆီးပူးဒေသဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဒုက္ခသည်တွေ စားနပ်ရိက္ခာ တွေ ခက်ခဲလာတဲ့အပြင် သောက်သုံးရေ ရှားပါးမှုပြဿနာနဲ့ပါ ရင်ဆိုင်နေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံအရပ်ဘက်အဖွဲ့အချို့နဲ့ အလှူရှင်အချို့က သောက်သုံးရေတွေကို ကားနဲ့သယ်ပြီး ဒုက္ခသည် တွေဆီ သွားရောက်လှူဒါန်းတာတွေ ရှိပေမယ့် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေကြောင့် အမြဲတမ်းသွားရောက် လှူဒါန်းနိုင်ခြင်းမရှိဘူးလို့ သောက်သုံးရေ အကူအညီပေးနေသူတွေက ပြောပါတယ်။

ကယား (ကရင်နီ) ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းနီးပါး ရှိနေတယ်လို့ ကရင်နီပြည် လူမှုအသင်း အဖွဲ့များ ကွန်ရက် ( KCSN) က မတ်လ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။