အလုပ်သမားတွေ အခွင့်အရေးချိုးဖောက်ခံရမှုပိုများလာ
2023.07.13
မြန်မာနိုင်ငံမှာ အလုပ်သမားတွေအခွင့်အရေး ချိုးဖောက်ခံရတာ အရင်ကာလတွေထက် များနေပြီး အကာအကွယ်မဲ့နေတယ်လို့ ပြည်တွင်း၊ ပြည်ပ အလုပ်သမားရေးအဖွဲ့တွေ၊ အလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုတွေက ပြောပါတယ်။
Action Labor Rights အဖွဲ့ဝင် မသန္တာစိုးလင်း၊ မဖြိုးမြတ်မြတ်သင်း၊ သူတို့ကိုကူညီတဲ့ ကိုဟိန်းမင်းဇော်၊ ရွှေပြည်သာမြို့နယ်မှာရှိတဲ့ ဟိုစိမ့် (မြန်မာ) အထည်ချုပ်စက်ရုံက ကိုအောင်အောင်၊ မသူသူစံ၊ မသန္တာအေး၊ မအေးသန္တာဌေး၊ မမေသူမင်းနဲ့ လှိုင်သာယာမြို့နယ် Sun Apparel Myanmar အထည်ချုပ်စက်ရုံက မသီတာဝင်း၊ ကိုလှိုင်ဝင်းထက်တို့ကို ဇွန်လ ၁၄ ရက်ကနေ ၁၇ ရက်အထိ သုံးရက်အတွင်း စစ်ကောင်စီကဖမ်းပြီး ဆူပူအောင်လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဒ်မ ၅၀၅-က နဲ့ရော၊ မတရားသင်းဆက်သွယ်မှုပုဒ်မ - ၁၇ (၁) နဲ့ပါ တရားစွဲထားတာကြောင့် အခုလို ပြောဆိုနေကြတာပါ။
"မြန်မာနိုင်ငံမှာ အခုအချိန်မှာ အလုပ်သမားဥပဒေ မရှိဘူးဆိုတဲ့ဟာမျိုးကိုပဲ ပြောကြတာလေ”
Action Labor Rights အဖွဲ့ကို အလုပ်သမားဥပဒေအရ တရားဝင်မှတ်ပုံမတင်ထားတဲ့ အဖွဲ့လို့ စစ်ကောင်စီကကြေညာထားပြီး လက်ရှိဖမ်းထားတဲ့သူတွေကို ပုဒ်မ - ၁၇ (၁) တပ်ထားတာပါ။
အဖွဲ့ထူထောင်တဲ့ ကိုသူရိန်အောင်နဲ့ မသူဇာတို့ကိုလည်း ဖမ်းဖို့ရှာနေတယ်လို့ ဇွန်လ ၂၈ ရက်က စစ်ကောင်စီသတင်းမှာ ဖော်ပြထားတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အဖမ်းခံထားရတဲ့သူတွေကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က ကြားနာစစ်ဆေးဖို့ ရမန်ယူထားပေမယ့် မကြားနာဖြစ်ဘဲ ရွှေပြည်သာမြို့နယ် ရဲစခန်းတစ်ခုမှာ ချုပ်ထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အဖမ်းဆီးခံထားရသူတွေထဲမှာ သမီးနှစ်ယောက်ပါနေလို့၊ နယ်ကနေ ရန်ကုန်မြို့ပေါ် လိုက်လာတဲ့ မိခင်က သူ့သမီးတွေကို အမြန်ဆုံးလွတ်စေချင်တယ်လို့ RFA ကို ပြောပါတယ်။
“ရင်ထဲကတော့ ခံစားရတယ်ပေါ့။ စိတ်မကောင်းဖြစ်ရတာပေါ့။ သမီးလေးတွေ အမြန်ဆုံးလွတ်ပါစေပေါ့။ ကျွန်မလည်း နယ်ကိုပြန်ချင်နေပြီလေ။ ကျန်းမာရေး လည်းမကောင်း၊ ဆေးခန်းပြရမယ့်ရက်ကလည်း ရောက်နေပြီမို့လို့ ပြန်ရမှာမို့လို့ ဘယ်လိုလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေတယ်”
အဖမ်းခံထားရတဲ့ အလုပ်သမားတစ်ယောက်ရဲ့ ညီမကလည်း သူ့အစ်မဟာ နိုင်ငံရေး လုပ်တာ မဟုတ်ဘဲ လုပ်အားခတိုးတောင်းတာပဲဖြစ်လို့ အခုလို အဖမ်းခံရတာကို စိတ်မကောင်းဖြစ်မိတယ်လို့ RFA ကို ပြောပါတယ်။
“သူက နိုင်ငံရေးလုပ်ထားတာလည်း မဟုတ်ဘူး။ သူက ဟိုအရင်ခေတ်တွေ၊ ခေတ်တွေတုန်းကလည်း အဲလိုမျိုး ဆန္ဒပြတာတွေ ဘာတွေ တစ်ခါမှ မရှိခဲ့ဖူးဘူး။ အခုဖြစ်တဲ့ကိစ္စမှာလည်း သူက အလုပ်သမားဘက်နဲ့ ၅၆၀၀ တိုးပေးဖို့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး အဲလိုဖြစ်သွားတဲ့အတွက်မို့လို့ သူ့အတွက်တော့ နစ်နာစရာတွေ အများကြီးပေါ့။ အခုလိုမျိုး အထဲမှာနေရတာ သူ့အတွက် ထိခိုက်တာတွေ အများကြီးရှိတယ်ပေါ့။ အဲဒီအတွက် စိတ်မကောင်းဖြစ်တာပဲရှိပါတယ်”
စက်ရုံအလုပ်သမားတွေဟာ တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်အစား ခေတ်ကာလ ကုန်ဈေးနှုန်းအရ ၅၆၀၀ ကျပ်လောက်အထိ တိုးပေးဖို့နဲ့ အလုပ်သမားအခွင့်အရေးတွေရဖို့ ဦးဆောင်တောင်းဆိုခဲ့တဲ့အတွက် အလုပ်ထုတ်ခံရတဲ့အပြင် နှစ်ရှည်ထောင်ဒဏ်ကျနိုင်တဲ့ ပုဒ်မတွေနဲ့တရားစွဲခံနေရတာဖြစ်ပါတယ်။
အခုလိုလုပ်တာဟာ လူ့အခွင့်အရေးချိုးဖောက်ခံရတာလို့ နာမည်မပြောလိုတဲ့ အလုပ်သမားအရေး ဆောင်ရွက်တဲ့သူတစ်ယောက်က RFA ကို ပြောပါတယ်။
“ပြောမယ်ဆိုရင် လွတ်လပ်စွာပြောဆိုခွင့်လည်း ချိုးဖောက်ခံရတယ်။ နောက်ဒီ လူ့အခွင့်အရေးမှာပါတဲ့ လူတိုင်း၊ လူတိုင်းက သင့်တင့်မျှတသောလုပ်ခလစာနဲ့ အလုပ်ခံစားခွင့်ရရှိရမယ်ဆိုတဲ့ အခွင့်အရေးကိုလည်း လူ့အခွင့်အရေးနဲ့ ပြောမယ်ဆိုရင် ချိုးဖောက်ခံရတယ်။ အလုပ်သမားဥပဒေနဲ့ ပတ်သက်ရင်လည်း ချိုးဖောက်ခံရတယ်”
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ဒီအလုပ်သမားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး (EU) က ဇွန်လ ၂၀ ရက်နေ့က တောင်းဆိုထားပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ကို RFA ကအီးမေးလ်ကနေ ဆက်သွယ်မေးမြန်းတဲ့အခါမှာ အခုလို ဖမ်းဆီးတာတွေအတွက် စိုးရိမ်ပူပန်ပြီး အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုထားတဲ့အကြောင်း ဇွန်လ ၂၃ ရက်နေ့က သူတို့ထုတ်ထားတဲ့ ထုတ်ပြန်ချက်ကို ပြန်ပို့ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ ILO အဖွဲ့ဝင်နိုင်ငံအနေနဲ့ သဘောတူလက်မှတ်ထိုးထားတဲ့ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခြင်းနဲ့ စည်းရုံးခွင့်၊ အကာအကွယ်ပေးခြင်းဆိုင်ရာ ILO ပြဋ္ဌာန်းချက်၊ ၁၉၄၈ ခုနှစ် (အမှတ် ၈၇) အရ ကတိကဝတ်တွေကို ထိန်းသိမ်းဖို့ စစ်ကောင်စီကို တိုက်တွန်းထားပါတယ်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ နေ့က ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ Sun Apparel အထည်ချုပ်စက်ရုံမှာ အလုပ် သမား ရာနဲ့ချီဆန္ဒပြခဲ့ကြောင်းကို မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM )က အသိပေးလာတယ်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်(ICL)ကလည်း ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
ICL ရဲ့ထုတ်ပြန်ချက်မှာတော့ Sun Apparel အထည်ချုပ်စက်ရုံက အလုပ်သမားတွေက လုပ်ခလစာနဲ့ ရက်မှန် ကြေး တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့အပြင် တခြားအလုပ်သမားအခွင့်အရေးချိုးဖောက်မှု ပြဿနာ တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေထဲမှာ ထမင်းစားနားချိန် စက်ရုံမန်နေဂျာတွေက အစည်းအဝေး ခေါ်တာ၊ လုပ်ငန်းခွင်ထဲ ဖုန်းယူခွင့်မပေးတာနဲ့ အလုပ်ချိန်မှာသိမ်းယူထားတာ၊ သိမ်းယူထားတဲ့ဖုန်းတွေကို သေချာ မထိန်းသိမ်းပေးတာကြောင့် ပြန်ပေးတဲ့အခါ ထိခိုက်ပျက်စီးမှုတွေရှိတာ၊ အလုပ်ချိန် ၈ နာရီပြည့်လို့ အချိန်ပို မဆင်းချင်၊ မဆင်းနိုင်သူတွေအတွက် အိမ်ပြန်ဖို့ ကြိုပို့ကားမစီစဉ်ပေးတာ၊ နေ့လယ်စာစားဖို့ နေရာ မစီစဉ်ပေးတာကြောင့် ကားရပ်နားတဲ့နေရာမှာ ထမင်းစားရတာ၊ အလုပ်သမားတွေအတွက် စီစဉ်ပေးတဲ့ သောက်ရေသန့်စင်မှုမရှိတာနဲ့ သောက်ရေစည်ကို အမျိုးသမီးအိမ်သာနဲ့ သုံးပေအကွာလောက်မှာ ထားရှိတာနဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကိုပဲ သောက်ရေသန့်ဘူးစီစဉ်ပေးတာ စတဲ့ ကိစ္စရပ်တွေလည်း ရှိနေတယ်လို့ ICL က ဖော်ပြပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာ စက်ရုံစီမံအုပ်ချုပ်တဲ့သူတွေကတောင် အလုပ်သမားဥပဒေ မရှိဘူးဆိုပြီး ပြောနေကြတယ်လို့ လုံခြုံရေးအရ နာမည်ထုတ်မပြောချင်တဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တစ်ယောက်က RFA ကို ပြောပါတယ်။
“အလုပ်သမား အခွင့်အရေး၊ ဥပဒေတွေ ချိုးဖောက်တာတွေကတော့ နိုင်ငံရေး ကောင်းနေတဲ့ အချိန်ကတောင် ချိုးဖောက်နေတာ အခုချိန်ကတော့ ပိုပြီးတော့ ဆိုးတာပေါ့။ ပိုပြီးတော့ ဆိုးတဲ့အပြင်မှာမှ မာရှယ်လော ထုတ်ပြန်ထားတာဆိုရင် ရွှေပြည်သာရှိမယ်။ လှိုင်သာယာရှိမယ်။ ဒီမန်နေဂျာတွေ အတော်များများကတော့ မြန်မာနိုင်ငံမှာ အခုအချိန်မှာ အလုပ်သမားဥပဒေ မရှိဘူးဆိုတဲ့ဟာမျိုးကိုပဲ ပြောကြတာလေ”
မြန်မာနိုင်ငံဟာ အလုပ်သမားအခွင့်အရေး ချိုးဖောက်တဲ့ ကမ္ဘာ့အဆိုးဆုံး ၁ဝ နိုင်ငံစာရင်းမှာ ပါတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) ရဲ့ ၂ဝ၂၃ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားအခွင့်အရေး ညွှန်းကိန်းမှာ ဖော်ပြခံခဲ့ရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်နဲ့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ၁၀၁ ယောက် သေဆုံးတာ၊ ဒါမှမဟုတ် သတ်ဖြတ်ခံရတာတွေရှိခဲ့ပြီး၊ (CDM) ဆိုတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် ၄၁၃ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အခုလို အလုပ်သမားတွေ ကြုံတွေ့နေရတာတွေဟာ အစိုးရတွေရဲ့ လစ်လျူရှုမှုကြောင့် ဖြစ်တယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ တာဝန်ရှိသူတစ်ယောက်က RFA ကို ပြောပါတယ်။
“အစိုးရလို့ဖြစ်သွားလို့ရှိရင် အလုပ်သမားကိစ္စတွေကို ခေါင်းထဲကို မထည့်ကြဘူး။ ဒါဖြေရှင်းရမယ့်ကိစ္စလို့ မယူဆဘူးပေါ့နော်။ တခြားနိုင်ငံရေးကိစ္စ၊ စစ်ရေးကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ တိုင်းရင်းသားအရေး ကိစ္စ၊ စီးပွားရေးကိစ္စ အဲလိုမျိုးပေါ့နော်။ တိုင်းပြည်မှာ ဖြေရှင်းရမယ့် တခြားကိစ္စရပ်တွေကိုပဲ ဦးစားပေး အနေနဲ့ဖြေရှင်းကြတာ။ အလုပ်သမားကိစ္စရပ်တွေကို အမြဲတမ်းချောင်ထိုးထားကြတယ်”
မေလ ၁ ရက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကိုပေးပို့တဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သဝဏ်လွှာမှာတော့ ၂၀၁၁ ခုနှစ် အလုပ်သမားဥပဒေအရ လက်ရှိမှာ အလုပ်သမားအဖွဲ့အစည်းပေါင်း (၃,၀၁၅) ဖွဲ့နဲ့ အလုပ်ရှင်အဖွဲ့အစည်း (၂၈) ဖွဲ့တို့ဟာ အတူညှိနှိုင်းပြီး အလုပ်လုပ်နေကြတယ်လို့ ပြောထားပါတယ်။
အဲဒီအပြင် လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခွင့်ဆိုင်ရာ ILO ပြဋ္ဌာန်းချက်အမှတ် (၈၇) နဲ့အညီ ကျင့်သုံးဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီဥက္ကဋ္ဌက ဆိုပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေနဲ့ ပြည်သူတွေဟာ မရေရာမသေချာမှုတွေနဲ့ မတရားမှုတွေကို အရင်ကာလတွေထက် ပိုကြုံနေရသလို၊ အလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာလည်း အကျပ်အတည်းမျိုးစုံနဲ့အတူ အသက်မွေးဝမ်းကျောင်းမှုတွေမှာ ခြိမ်းခြောက်ခံနေရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က မေလ ၁ ရက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။