ရခိုင်ပြည်နယ်အရေး ဂျပန်ပါဝင်မှု နိုင်ငံရေးသမားတွေ ကြိုဆို

ခင်မောင်စိုး
2020.12.01
မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ရောက်ရှိခဲ့တဲ့ ဂျပန်အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ က မြန်မာအစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေကို တွေ့ဆုံခဲ့သလို ရခိုင်ပြည်နယ်ကိုလည်း သွားရောက်ပြီး ဒေသခံပြည်သူတွေ နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ သူက အစိုးရအာဏာပိုင်တွေကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ဂျပန်အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ ရဲ့ ခရီးစဉ်ကို ထူးခြားမှုအဖြစ် မြန်မာ့အရေး လေ့လာသူတွေက ရှုမြင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းကစပြီး AA နဲ့ မြန်မာ့တပ်မတော်အကြား တိုက်ပွဲတွေရပ်ဆိုင်းသွားခဲ့မှု၊ ရွေးကောက်ပွဲတွေ ကျင်းပရေးတိုက်တွန်းမှုနဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက်လည်း ကူညီမယ်လို့ ဂျပန် အစိုးရကိုယ်စားလှယ်က ပြောဆိုခဲ့မှုတွေဂြောာင့် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးအတွက် ဒေသခံပြည်သူတွေကလည်း ဝမ်းသာနေကြတယ်လို့ ဆိုပါတယ်။

ရခိုင်အမျိုးသားပါတီ နိုင်ငံရေးဦးဆောင်မှုကော်မတီဝင် ဦးဖေသန်း က မစ္စတာ ဆာဆာကာဝါရဲ့ ခရီးစဉ်ကို ကြိုဆိုပါတယ်၊ ရွေးကောက်ပွဲတွေ ကျင်းပရေးအတွက်ကတော့ NLD အစိုးရပေါ်မှာ မူတည်နေတယ်လို့  RFA ကို ပြောပါတယ်။

“မစ္စတာ ဆာဆာကာဝါ လာပြီးတော့ သူက ရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းမယ်။ မြေပြင်အခြေအနေကိုလည်း ကြည့်သွားတယ်ဆိုတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သူက သဘောထား၂ ခု အပေါ်မှာ ဆုံးဖြတ်တယ်လို့ ကျနော်တို့ နားလည်တယ်။ ပထမကတော့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သဘောထား ရယူတယ်။ ပြီးတော့ ပြည်ထောင်စုအစိုးရသဘောထား အဲဒီ နှစ်ချက်ပေါ်မှာ သူက ဆုံးဖြတ်တာပါ။ အခု တပ်မတော်ဘက်က သဘောထားပြောပြီးပြီဆိုတော့ အစိုးရသဘောထား အရေးကြီးတာပေါ့။ အစိုးရ သဘောမတူလို့လား၊ နောက်ကျနေတာလား၊ တခုခုတော့ အဖုအထစ်လေးတွေ ရှိနေပြီလို့ ကျနော်တို့ မှန်းဆရတာပေါ့။ နည်းနည်းတော့ စောင့်ကြည့်ရမှာပေါ့နော်။ ရက်ပိုင်းတော့ စောင့်ကြည့်သင့်တယ်လို့ ထင်တယ်”

NLD ပြန်ကြားရေးဌာနက စာရေးဆရာ မုံရွာအောင်ရှင်ကတော့ အဲဒီ ရွေးကောက်ပွဲကျင်းပရေးကို ပါတီခေါင်းဆောင်ပိုင်း အစည်းအဝေးတွေမှာ တိုင်ပင်မယ်လို့ သူယူဆကြောင်း ပြောပါတယ်။

“AA က လောလောဆယ် အပစ်အခတ်ရပ်စဲနေတယ်။ ငြိမ်းချမ်းနေတယ်။ ရွေးကောက်ပွဲ ပြန်ပြီးကျင်းပပေးဖို့ တောင်းဆိုတယ်။ ဒါကို တပ်မတော်ကလည်း  သဘောတူတယ်။ ဒါပေါ်မှာ NLD ကလည်း CEC အစည်းအဝေးတွေကနေပြီး ဒီကိစ္စက လုပ်ကြရမှာဆိုတော့ လောလောဆယ် တုံ့ပြန်မှာမဟုတ်သေးဘူးလို့ ကျနော်ထင်တယ်။ ကျနော့်တဦးတည်းအမြင်ကတော့ ဒီကနေ့ တိုက်ပွဲတပွဲမရှိရင် ဒီနေ့ ဘဝရှင်သန်မှု ရှိတာပဲ။  အဲဒါဟာ တကယ့်အစစ်အမှန် ငြိမ်းချမ်းရေး အတွက် ဦးတည်တာ ဖြစ်ပါစေလို့လည်း ကျနော်ဆုတောင်းပါတယ်။ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေကို ပုံဖော်ပေးဖို့ လိုလိမ့်မယ်လို့ ထင်တယ်။ အထူးသဖြင့် NLD က ကိုယ်စားလှယ် ၃ ယောက်ကို ဖမ်းထားတာ လနဲ့ချီပြီး ကြာနေပြီ။ ပြန်ပြီးလွှတ်ပေးဖို့ သင့်တယ်လို့ ကျနော်ထင်တယ်။ အဲဒီလို လွှတ်ပေးတယ် ပြန်ပြီးဖြေသိမ့်မှုရှိလာမယ်ဆိုရင်တော့ တစုံတရာနားလည်မှုတွေ ရလာလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။”

ဦးဖေသန်းက ရခိုင်ပြည်နယ်က လက်ရှိပြဿနာတွေကို ဂျပန်အစိုးရက အဖြေရှာချင်ပုံရတဲ့အတွက် ဒါဟာ ရခိုင်ပြည်သူတွေအတွက် အားရစရာဖြစ်တယ်လို့လည်း ပြောပါတယ်။

 “AA တို့ ဒီဘက်က မဟာမိတ်အဖွဲ့တို့ဆိုရင်လည်း အမြဲတမ်း တရုတ်နဲ့ ဆက်သွယ်တယ်လို့ ပြောနေကြတာပေါ့လေ။ အဲဒီလို အခြေအနေမျိုးမှာ ဂျပန်က ထူးထူးခြားခြား ဝင်လာတာကတော့ နည်းနည်းတော့ စဉ်းစားရခက်တာပေါ့ ဒါပေမယ့် သူ့အနေနဲ့ နိုင်ငံရေးပယောဂမရှိဘူးလို့မြင်တယ်။ စီးပွားရေးအနေနဲ့လည်း အသာစီးရလိုမှု နဲ့ ဝင်လာတာမဟုတ်ဘူးလို့ ရိုးရိုးသားသားပဲမြင်တယ်။ အခုအချိန်အထိ သူ့ရဲ့ပါဝင်ပတ်သက်မှုကိုပေါ့နော် AA နဲ့ တပ်မတော်ကြားမှာ ရုတ်ချည်းကို ပြောင်းလဲပြီးတော့ ဗြုန်းစားကြီး ငြိမ်းချမ်းရေးရသလို ဖြစ်သွားတာ၊ ပြီးတော့ တဖွဲ့ကို တဖွဲ့ ထောက်ခံတာ၊ အဲလိုပြောင်းလဲလာတာတွေ အပေါ်မှာ ဂျပန်ရဲ့ ကြိုးစားမှုကို ကျနော်တို့က တော်တော့်ကို အံ့လည်း အံ့သြတယ်၊  ဝမ်းလည်း ဝမ်းသာတယ်”

စာရေးဆရာ မုံရွာအောင်ရှင် ကတော့ မြန်မာပြည်ငြိမ်းချမ်းရေးမှာ တရုတ်အစိုးရအပြင် ဂျပန်အစိုးရကလည်း စိတ်ဝင်တစား ပါဝင်လာတာဟာ ထူးခြားမှုပဲလို့ သုံးသပ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တုန်းကလည်း သမ္မတ ရှီကျင့်ဖျင်က မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို သူတို့အကူအညီပေးပါ့မယ်လို့ ကတိပေးတာတွေ ရှိတော့ တရုတ်ကတော့ အစဉ်တစိုက် ပါနေမှာပဲ။ ဒီမှာ ထူးခြားတာက အခု ဂျပန်ကပါ ဒီကိစ္စကို ဝင်ပြီး စိတ်ဝင်စားပြီး လုပ်လာတဲ့အတွက်ကြောင့်မို့ ဒီဟာပေါ်မှာ တရုတ်ရဲ့ပါဝင်ပတ်သက်မှု နဲ့ ဂျပန်ရဲ့ပါဝင်ပတ်သက်မှု ဘာမှ ပွတ်တိုက်မှုရှိလိမ့်မယ်လို့ ကျနော်တော့ မထင်ပါဘူး။”

ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ဂျပန်အစိုးရက ဘာတွေဆက်လက် ကူညီဆောင်ရွက်မှာလဲ ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။