တပ်မတော်နဲ့ AA တွေ့ဆုံပွဲ တိုးတက်မှုဟု ရှုမြင်ကြ

ခင်မောင်စိုး
2020.12.10

တပ်မတော်နဲ့ AA အဖွဲ့တို့ ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ ၉ ရက်နေ့က ပန်ဆန်းမြို့မှာတွေ့ဆုံပြီး ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

တပ်မတော်နဲ့ AA အကြား နိုဝင်ဘာလ ၂၅ ရက်နေ့က အင်တာနက်အွန်လိုင်းက ဆွေးနွေးခဲ့ပြီးနောက် အခုလို ဗုဒ္ဓဟူးနေ့က ပထမဆုံးအကြိမ်လူချင်း တွေ့ဆုံဆွေးနွေးခဲ့တာကို မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းအဖြစ် ANP ရခိုင်အမျိုးသားပါတီ နိုင်ငံရေးဦးဆောင်မှုကော်မတီဝင် ဦးဖေသန်း က ကြိုဆိုလိုက်ပါတယ်။

“ဒီကိစ္စက တော်တော့်ကို ရခိုင်ပြည်နယ်အတွက်ရော ကျနော်တို့နိုင်ငံအတွက်ရော အရေးကြီးတဲ့ ဖြစ်စဉ်တခုပါ။ အဓိက ဆုံမှတ်ကတော့ ရွေးကောက်ပွဲကို မကျင်းပဖြစ်တဲ့နေရာတွေမှာ ပြန်ုလုပ်ပေးဖို့ပေါ့။ ဒါက ခေါင်းစဉ်တခုပါ။ တကယ်တမ်းတော့ ဒီခေါင်းစဉ်ပေါ်မှာပဲ ငြိမ်းချမ်းရေးကို သူတို့စတင်ခြေလှမ်း လှမ်းခဲ့ကြတယ်လို့ ကျနော်တို့မြင်တယ်။ ဒါဟာ ကျနော်တို့အတွက် တော်တော့ကို ဝမ်းသာရမယ့် ကြိုဆိုရမယ့် ကိစ္စဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အနှောင့်အယှက် အဖျက်အဆီးမခံဘဲ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းကြဖို့ တိုက်တွန်းလိုပါတယ်။ အစိုးရဘက်ကလည်း ဒီအခြေအနေကို အသုံးချပြီး ငြိမ်းချမ်းရေးလမ်းကို ပီပီပြင်ပြင်ရောက်အောင် အားထည့်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ဘက်က လိုလားပါတယ်။ အဲဒီလိုအခြေအနေ အစိုးရ၊ တပ်မတော် နဲ့ AA တပ်တော်ရယ် သုံးပွင့်ဆိုင်ပေါင်းပြီး အဖြေတခုကို ရှာကြမယ်ဆိုရင် ပြည်ထောင်စုသား တိုင်းရင်းသားအားလုံး အတူတူလက်တွဲပြီးတော့ ဆွေးနွေးနိုင်မယ့် အခြေအနေကို ရောက်သွားလိမ့်မယ်လို့ ကျနော်တို့က အကောင်းဘက်က မျှော်လင့်ပါတယ်”

ကချင်ပြည်နယ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာကလည်း AA နဲ့ တပ်မတော်တွေ့ဆုံပွဲကို ငြိမ်းချမ်းရေးအပေါင်းလက္ခဏာအဖြစ် ရှုမြင်ပါတယ်။

“သူတို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲကတော့ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတဲ့ တွေ့ဆုံဆွေးနွေးပွဲလို့ ယူဆတယ်။ နှစ်ဖက်သဘောထားညှိပြီးတော့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်နိုင်တဲ့အထိ ဆက်လက်ဆွေးနွေးသွားရင် ပိုကောင်းတာပေါ့။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စားပွဲပေါ်မှာ အားလုံး ဆုံနိုင်အောင်ပေါ့။ ပင်လုံညီလာခံမှာ အားလုံးဆုံနိုင်အောင်၊ ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ အတူလက်တွဲဆောင်ရွက်သွားဖို့ လမ်းစမြင်လာပြီလို့ ကျနော် အဲဒီလိုမြင်တယ်”

နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က လက်ရှိမှာ NLD အတွက် တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ အခွင့်ကောင်းတခုကို ရရှိနေတယ်လို့ ပြောပါတယ်။

“ဒီဒေသတွေမှာ ရွေးကောက်ပွဲပြန်လုပ်လိုက်ရင် အများစုက ရခိုင်တိုင်းရင်းသားပါတီတွေဆီ ရောက်သွားမှာပဲဆိုတဲ့ စိုးရိမ်မှု ရှိပုံရတယ်။ ဒါပေမယ့် ဒီနေ့ NLD က ရရှိနေတဲ့ တောင်ပြိုကမ်းပြို အနိုင်ရမှု တခုလုံးနဲ့ နိုင်းယှဉ်ရင် ဘာမှ မပြောပလောက်ပါဘူး။ ဒါပေမယ့် အဲဒီလို လုပ်လိုက်ရင် အခု ပိတ်ဆို့နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပါတ်သက်တဲ့ကိစ္စကို အစဖြေဖို့ ဒါဟာ ပထမခြေလှမ်းဖြစ်တဲ့အတွက် အင်မတန် အရေးကြီးတယ်လို့ ကျနော်တော့ သုံးသပ်မိတယ်။”

NLD က တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ မကြာခင်က ပြောကြားခဲ့တာဟာလည်း ဝမ်းသာစရာပဲလို့ ဦးဖေသန်း ကပြောပါတယ်။

“ကျနော်တို့နဲ့ ဆွေးနွေးတိုင်ပင်လိုက်ရင် အပြုသဘောဆောင်တယ်။ ကျနော်တို့ဘက်ကလည်း လုပ်ပါမယ်။ အရင်တုန်းကလို ဝန်ကြီးချုပ်မရရင် ဘာညာလုပ်မယ် တခွန်းမှ မပြောပါဘူး။ သူတို့ဘာဆွေးနွေးလာမလဲ အဲဒါပဲ ကျနော်တို့က ကြိုတင်ပြီးတော့ဘာမှ ဆုံးဖြတ်ထားချက်မရှိဘူး။ ရွေးကောက်ပွဲကို လုပ်စေချင်တယ်။ မလုပ်ဘူးဆိုရင်လည်း ရခိုင်ပြည်နယ်အစိုးရဖွဲ့ဖို့ ရခိုင်လွှတ်တော်အခင်းအကျင်းကတော့ နည်းနည်း အားနည်းသွားတာပေါ့။ တကယ်လို့ သူတို့ဘက်က ဆွေးနွေးလာရင် ဒါတွေကို ချပြပြီး ဆွေးနွေးနိုင်တာပေါ့။ သူတို့ဆွေးနွေးဖို့ ဆုံးဖြတ်ထားတာ ဝမ်းသာပါတယ်။ ကျနော်တို့လည်း ကိုယ့်ပြည်နယ်တိုးတက်ရေးကို ရှေးရှုပြီး လုပ်ချင်တာပါ။ ပါတီဖွဲ့ထားပြီး လုပ်ပိုင်ခွင့်မရဘူး လုပ်ချင်ကိုင်ချင်စိတ်ရှိရဲ့သားနဲ့ ကျနော်တို့ကို အသိအမှတ်မပြုဘူး အသုံးမချဘူးဆိုတော့လည်း ကျနော်တို့မှာ ရွေးစရာလမ်းမရှိဘူးဖြစ်သွားတာပေါ့ အဲဒီသဘောပါ”

အခုပြုလုပ်ခဲ့တဲ့ တပ်မတော်နဲ့ AA ဆွေးနွေးပွဲကို NLD အစိုးရက ကြိုတင်သိရှိခဲ့သလား ဆိုတာကိုတော့ မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။