သမ္မတဘိုင်ဒင်ရဲ့ ပထမဆုံးအာရှခရီးစဉ် ကြေညာချက်တွေမှာ စစ်ကောင်စီကို ရှုတ်ချ

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.05.23
သမ္မတဘိုင်ဒင်ရဲ့ ပထမဆုံးအာရှခရီးစဉ် ကြေညာချက်တွေမှာ စစ်ကောင်စီကို ရှုတ်ချ ၂ဝ၂၂ ခုနှစ် မေလ ၂၃ ရက်နေ့က ဂျပန်နိုင်ငံကို ရောက်ရှိလာသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden)။
Photo: Reuters

အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်နဲ့ ဂျပန် ဝန်ကြီးချုပ် KISHIDA Fumio ကီရှီဒါ ဖူမီရို တို့ရဲ့ မေလ ၂၃ ရက်နေ့ မနေ့က ပူးတွဲကြေညာချက်မှာ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ အရပ်သားပြည်သူတွေအပေါ် ရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြစ်တင် ရှုတ်ချလိုက်ပြီး စစ်ကောင်စီကို အကြမ်းဖက်မှုတွေ ချက်ခြင်း ရပ်ဆိုင်းဖို့နဲ့ အပြစ်မဲ့ ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် နိုင်ငံတစ်ဝန်း လူသားချင်းစာနာမှုအကူညီတွေ ဟန့်တားမှုမရှိဘဲ ပေးပို့ခွင့်ပြုရေး၊ ဒီမိုကရေစီစနစ်ကို အမြန်ဆုံး ပြန်လည်ကျင့်သုံးရေးတို့အတွက် ဖိအားပေးမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါ တယ်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း ဥက္ကဋ္ဌ ဦးသန်းဆွေက အခုလို ကြေညာချက် ထုတ်ပြန်တာဟာ ဝမ်းသာစရာဖြစ်ပေမယ့် ဂျပန်အစိုးရကို မြန်မာ့အရေးအတွက် နိုင်ငံတကာအနေနဲ့ ပိုမိုဖိအားပေးဖို့ လိုတယ်လို့ ဝေဖန်ပါတယ်။

“ကိုရီးယားနဲ့ ဂျပန်နိုင်ငံမှာ ကွာခြားတဲ့ အနေအထားက ကိုရီးယားအစိုးရက မြန်မာနိုင်ငံ ကိစ္စနဲ့ ပတ်သက်လာရင် သဘောထားပွင့်လင်းတယ်။ ပြောဆိုတာ ကိုင်တွယ်တာ ဂျပန်ထက်စာရင် ပိုပြီးတော့ ပွင့်ပွင့်လင်းလင်းရှိတယ်လို့ ကျနော်တို့က မြင်တယ်။ ဂျပန်ကတော့ စစ်အုပ်စုနဲ့ ပတ်သက်ပြီး ပြောတာဆိုတာ ရှိပေမယ့် တကယ်တမ်း နောက်ကွယ်မှာ စစ်အုပ်စုနဲ့ တစ်စုံတစ်ခုသော အတိုင်းအတာထိ ဆက်သွယ်မှု ရှိနေတယ်။ ပြီးခဲ့တဲ့အပတ်ကပဲ ဂျပန်နိုင်ငံကို စစ်အစိုးရကနေပြီး လွှတ်ထားတဲ့ အရာရှိတွေ သင်တန်းပေးဖို့ အတွက် ဂျပန်က ဗီဇာပေးလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး လျှို့ဝှက်လုပ်ထာပဲ။ ဒါပေမဲ့ သတင်းဌာနတွေက ပေါက်ကြားသွားပြီးတော့ ဒီမှာရှိနေတဲ့ အတိုက်အခံတွေ ဒီမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာ ဝေ့လည်ကြောင်ပတ်ဖြေတဲ့ ကိစ္စမျိုးတွေရှိတဲ့ အတွက်ကြောင့် ဂျပန်အစိုးရရဲ့ ပေါ်လစီကတော့ ကျနော်တို့ဘက်က ပြတ်ပြတ်သားသား မပြောနိုင်ဘူးဆိုရင် ဂျပန်အစိုးရက ဒီ့ထက်ပိုပြီးတော့ နက်ရှိုင်းတဲ့ ဆက်သွယ်မှုတွေ လုပ်လာနိုင်တယ်လို့ မြင်ပါတယ်။ ဂျပန်အစိုးက ပေါ်လစီက အခုမှ မဟုတ်ပါဘူး ဟိုး၁၉၈၈ ခုနှစ်ထဲကနေပြီးတော့ သူက ဦးဆောင်ပြီး လမ်းကြောင်းတစ်ခုကို ဖောက်သွားမယ်လို့ မမြင်ပါဘူး။ ကျန်တဲ့ နိုင်ငံတွေက အုံနဲ့ကျင်းနဲ့ အင်အား ကောင်းလာပြီး ပြည်တွင်းထဲမှာလည်း အတိုက်အခံတွေက အားကောင်းလာမယ် NUG အစိုးရရဲ့ နိုင်ငံခြား ဆက်ဆံရေးတွေကလည်း ပိုမိုပြီးတော့ အသိအမှတ်ပြုလာတာ ခံရမယ်ဆိုရင်တော့ ဂျပန်အစိုးရက ချော်လဲရောထိုင် ပါလာဖို့ပဲ ရှိပါတယ်။ သူ့အနေနဲ့ ကတော့ နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်နေရဲ့သားနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက်ကို သူကဦးဆောင်ပြီးတော့ သွားမယ်ဆိုတဲ့ အနေအထားကို မမြင်ပါဘူး။”

ဒါဟာ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်ရဲ့ သမ္မတအဖြစ် ပထမဆုံးအာရှခရီးစဉ်ဖြစ်ပါတယ်။ သူဟာ တောင်ကိုရီးယားနိုင်ငံကို သောကြာနေ့က ရောက်ရှိပြီး တနင်္ဂနွေနေ့မှာ ဂျပန်နိုင်ငံကို ခရီးဆက်ခဲ့တာပါ။

အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်နဲ့ တောင်ကိုရီးယား သမ္မတ Yoon Suk Yeol ယွန်း ဆတ်ရိုး တို့ရဲ့ မေလ ၂၁ ရက်နေ့ ပူးတွဲကြေညာချက်မှာတော့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနဲ့ ပူးတွဲ ကြေညာချက်မှာ ပါဝင်တဲ့အချက်တွေအပြင် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မြန်မာ စစ်တပ်ကို လက်နက်ရောင်းချမှုတွေ ပိတ်ပင်ပြီး ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ခိုလှုံခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။

တဆက်တည်းမှာပဲ ဒေသတည်ငြိမ်ရေးအတွက် အာဆီယံအဖွဲ့ရဲ့ အရေးပါမှုကို အခိုင်အမာ ထောက်ခံအားပေးဖို့ ထပ်လောင်းအတည်ပြုခဲ့ကြတဲ့အပြင် အမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေဟာ ဒီမိုကရေစီရေး၊ စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ ကမ္ဘာ့ခေါင်းဆောင်နိုင်ငံတွေ အဖြစ် အင်မတန်အရေးပါတဲ့ကဏ္ဍက တည်ရှိနေကြောင်းနဲ့ ရုရှားက ယူကရိန်းကို ကျူးကျော်မှုလို နိုင်ငံတကာစည်းမျဉ်း စည်းကမ်း ခြိမ်းခြောက်မှုတွေကို မိမိတို့ နှစ်နိုင်ငံ ညီညွတ်စွာ ရင်ဆိုင်ကြဖို့ ဆုံးဖြတ်ထားကြောင်း စသဖြင့်လည်း ပါရှိပါတယ်။

တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမျိးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ် ဦးရန်နိုင်ထွန်း ကတော့ သမ္မတဘိုင်ဒင်နဲ့ ဆွေးနွေးအပြီး ထုတ်ပြန်ချက်မှာ ပါဝင်တဲ့အချက်တွေကြောင့် တောင်ကိုးရီးယား သမ္မတသစ် ယွန်းဆတ်ရိုး အပေါ် သူတို့မြန်မာတွေက ပိုပြီးနှစ်သက် လာခဲ့ကြတယ်လို့ ပြောပါတယ်။

“သူအနေနဲ့က မြန်မာ့ဒီမိုကရေစီအရေးအတွက်ကို စာတစ်ကြောင်းလည်း မရေးခဲ့ဖူးဘူး။ စကားလုံးတစ်လုံးလည်း ပြောခဲ့ဖူးတာ မရှိပါဘူး။ အဲ့တော့ ကိုရီးယားနိုင်ငံမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေက တက်လာတဲ့ ကိုရီးယားသမ္မတအသစ်ကို မြန်မာဒီမိုကရေစီ အရေးအတွက် အားပေးမှုတွေ ထောက်ခံမှုတွေ ရှိပါ့မလား စိုးရိမ်ခဲ့သော်ငြားလည်းပဲ အခုအချိန်မှာ အမေရိကန်သမ္မတ ဘိုင်ဒင်ရဲ့ အာရှခရီးစဉ်မှာ ကိုရီးယားနိုင်ငံမှာရှိတဲ့ အချိန်မှာ မြန်မာနိုင်ငံအကြောင်းကို တခုတ်တရထည့်သွင်းပြီးတော့ ထုတ်ပြန်ခဲ့တဲ့ အတွက်ကြောင့် ကျနော်တို့ အနေနဲ့ကတော့ ကျေနပ်မှုတွေ ဖြစ်မိပါတယ်။ ဆက်လက်ပြီးတော့ မြန်မာ့ဒီမိုကရေစီ အရေးအတွက် အားပေးမှုတွေ ပံ့ပိုးမှုတွေ ဆက်လက်ရရှိလိမ့်မယ်လို ယုံကြည်ပါတယ်။ ယူကရိန်းကိစ္စ ဖြစ်လာတဲ့ အချိန်မှာ မြန်မာသတင်းဟာ မှေးမှိန်သွားသလို ဖြစ်ခဲ့ပါတယ်။ အခုအမေရိကန် သမ္မတနဲ့ ကိုရီးယားသမ္မတတို့ တွေ့ဆုံတဲ့ အချိန်မှာ ဒီလိုထုတ်ပြန်လိုက်တဲ့ အတွက်ကြောင့် ကိုရီယားနိုင်ငံရဲ့ မီဒီယာတွေ သတင်းစာနဲ့ စာစောင်အသွယ်သွယ်မှာ မြန်မာ့ဒီမိုကရေစီ အရေးနဲ့ မြန်မာနိုင်ငံရဲ့ ဖြစ်စဉ်အကြောင်းတွေဟာ တကျော့ပြန်လည်ပြီးတော့ ဖော်ပြလာတာကို တွေ့ရှိရတယ်။ သမ္မတဘိုင်ဒင် ကိုရီးယားကို ရောက်ရှိလာတဲ့အချိန်မှာ ကိုရီးယားမှာရှိနေတဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအနေနဲ့က တရုတ်သံရုံးရှေ့မှာ သွားရောက်ပြီး အင်တိုက်အားတိုက် ဆန္ဒပြနေတဲ့အချိန်နဲ့ ကွက်တိသွားကျတယ်။ အဲ့လိုအခြေအနေ ဖြစ်တဲ့အတွက်ကြောင့် အမေရိကန်သမ္မတ ကိုရီးယားကို ရောက်ရှိနေချိန်မှာ မြန်မာနိုင်ငံသားတွေက တရုတ်သံရုံးရှေ့မှာ ဆန္ဒပြနေပါတယ် ဆိုတဲ့ သတင်းလေးကလည်း ကိုရီးယားနိုင်ငံရဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြလာတာ တွေ့ရှိရပါတယ်”

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အာဆီယံဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်ကတော့ သမ္မတဘိုင်ဒင်ရဲ့ အာရှခရီးစဉ်ဟာ မြန်မာပြည်အတွက် အများကြီးအကျိုးရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ကျနော့်အနေနဲ့ကတော့ ဒီခရီးစဉ်ကနေပြီးတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအခြေအနေတွေကို ဒီ့ထက်ပိုပြီး စွမ်းဆောင်နိုင်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရရှိနိုင်မယ်။ လက်တွေ့ကျတဲ့ အကြံပြုချက်တွေနဲ့ ဆွေးနွေးချက် တွေလည်း ရှိလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒီခရီးစဉ်ကို ကျနော်တို့ အနေနဲ့ ကြိုဆိုပါတယ်။

သမ္မတ ဘိုင်ဒင်ဟာ ဝါရှင်တန်ဒီစီမှာ အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲကို ပြီးခဲ့တဲ့ရက်ပိုင်းက ဦးဆောင်ကျင်းပခဲ့ပြီး တစ်ဆက်တည်းမှာလိုလို အာရှတိုက်ကို အခုလို ခရီးထွက်ခဲ့တဲ့အတွက် အမေရိကန်အစိုးရအနေနဲ့ အင်ဒိုပစိဖိတ်ဒေသကို အလေးအနက်ထားကြောင်း သက်သေပြနေတယ်လို့ ဝေဖန်သူတွေက ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။