မြန်မာပြည်ဖြတ်ပြီး ဗုဒ္ဓဂါယာကိုကြွချီမဲ့ ဗီယက်နမ်ဘုန်းတော်ကြီး ထစ်မင်းတွေ့
2025.03.04

ဗီယက်နမ်ဘုန်းတော်ကြီး ထစ်မင်းတွေ့ ဦးဆောင်တဲ့ သံဃာတော်တွေဟာ ဗီယက်နမ်နိုင်ငံကနေ လာအို၊ ထိုင်းနဲ့ မြန်မာကိုဖြတ်ပြီး အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာအထိ ခြေလျင်ကြွချီနေပါတယ်။ မတ်လ ၄ ရက်နေ့မှာတော့ မြန်မာနိုင်ငံထဲကိုကြွဖို့ ထိုင်းနိုင်ငံမဲဆောက်မြို့ကို ရောက်ခဲ့ပေမဲ့ ချစ်ကြည်ရေးတံတားနားမှာ အာဏာပိုင်တွေက ခွင့်မပြုတော့တဲ့အတွက် ခရီးမဆက်နိုင်တော့ပါဘူး။ ဒါကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ကို ကြွချီနေပါတယ်။
ဘုန်းတော်ကြီး ထစ်မင်းတွေ့ဟာ ပံ့သကူသင်္ကန်းသုံးစုံနဲ့ပဲ ရောင့်ရဲနေထိုင်သလို ကျောင်းသင်္ခမ်းမှာမနေဘဲ တောတောင်ထဲက သစ်တစ်ပင်ဝါးတစ်ပင်အောက်မှာပဲ သီတင်းသုံးပါတယ်။ ဆွမ်းကိုလည်း တစ်နပ်ပဲ ဘုန်းပေးပြီး လမ်းလျှောက်တဲ့အခါ ဖိနပ်မစီးပါဘူး။ ဗုဒ္ဓရဲ့သွန်သင်ဆုံးမချက် လမ်းစဉ်အတိုင်း လိုက်နာကျင့်ကြံနေထိုင်ပေမဲ့ သူ့ကိုယ်သူဘုန်းတော်ကြီးလို့ ထုတ်ဖော်မိန့်ကြားတာမျိုး မရှိပါဘူး။ ထစ် ဆိုတဲ့ စကားလုံးဟာ ဗီယက်နမ်ဘာသာစကားအရ အရှင်လို့ အဓိပ္ပါယ်ရပါတယ်။
ဗုဒ္ဓကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဗုဒ္ဓဂါယာအထိရောက်အောင်သွားမယ်
ဗီယက်နမ်အခြေခံဥပဒေမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပေမဲ့ သူ့ကို ဘုန်းတော်ကြီးအဖြစ် အာဏာပိုင်တွေက အသိအမှတ်မပြုပါဘူး။ ဘုန်းတော်ကြီး ထစ်မင်းတွေ့ဟာ လွန်ခဲ့တဲ့ခြောက်နှစ်လောက်ကတည်းက ဗီယက်နမ်နိုင်ငံထဲမှာ တစ်မြို့ဝင်တစ်မြို့ထွက် ဒေသစာရီကြွချီခဲ့ပါ တယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ လူတွေက သူ့ကိုတယ်လီဖုန်းတွေနဲ့ မှတ်တမ်းတွေရိုက်ပြီး ယူကျုအပါအဝင် အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖြန့်ဝေခဲ့တဲ့အတွက် လူသိများထင်ရှားသွားပါတယ်။
သူ့ရဲ့ကျင့်ကြံနေထိုင်မှုဟာ ဗီယက်နမ်အစိုးရ အသိအမှတ်ပြုထားတဲ့ ဘုန်းတော်ကြီးတွေ၊ ခရစ်ယာန် သင်းအုပ်ဆရာတွေနဲ့မတူဘဲ ကွဲပြားနေတယ်လို့ အမည်မဖော်လိုတဲ့ ဗီယက်နမ်သတင်းထောက်တစ်ယောက်က RFA ဗီယက်နမ်ဌာနကို ပြောပါတယ်။ အစိုးရအသိအမှတ်ပြုဘုန်းတော်ကြီးတွေ၊ သင်းအုပ်ဆရာတွေက အလှူတွေ ကောက်ခံပြီး၊ သူတို့ကိုကိုးကွယ်တဲ့သူတွေကို တန်ခိုးဗျာဒိတ်တွေ၊ လောကုတ္တရာအတွေးအခေါ်တွေကို အဓိကဟောပြောပြီး ကျင့်ကြံခိုင်းတယ်လို့ အဲဒီသတင်းထောက်က ပြောပါတယ်။
ဘုန်းတော်ကြီး ထစ်မင်းတွေ့ရဲ့ အကျင့်အကြံတွေက ထင်သာမြင်သာရှိပြီး အစိုးရအသိအမှတ်ပြုထားတဲ့ ဘုန်းတော်ကြီးတွေနဲ့ ကွဲပြားခြားနားနေလို့ လူတွေက သူ့ကို ကြည်ညိုကိုးကွယ်လာကြတာလို့ တိုငါ (To Nga) ဆိုတဲ့ ဗီယက်နမ်ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက RFA ကိုပြောပါတယ်။
ဒါကြောင့် အစိုးရအသိအမှတ်ပြုထားတဲ့ ဗီယက်နမ်သံဃာ့နာယကအဖွဲ့က ဘုန်းတော်ကြီး ထစ်မင်းတွေ့ဟာ ဗုဒ္ဓဘာသာဘုန်းကြီးမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့သလို သူ့ကိုသတိထားဖို့၊ မထောက်ခံကြဖို့နဲ့ ထောက်ခံရင် လူ့အဖွဲ့အစည်းမှာ မတည်မငြိမ်တွေဖြစ်မယ်လို့ ဒေသဆိုင်ရာအာဏာပိုင်တွေကို ညွှန်ကြားခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၄ ဇွန်လမှာ သူသီတင်းသုံးတဲ့နေရာကို ညသန်းခေါင်အချိန် အာဏာပိုင်တွေ ဝင်စီးနင်းပြီး သူနဲ့ သူ့တပည့်သာဝကတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
၂၀၂၄ နိုဝင်ဘာလမှာတော့ ဘုန်းတော်ကြီး ထစ်မင်းတွေ့ဟာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာအထိကြွချီမယ်လို့ မိန့်ကြားခဲ့ပါတယ်။
“ဘဝမှာ ဘယ်လို ကျင့်ကြံနေထိုင်ရမယ်ဆိုတာ လမ်းပြသွန်သင်ခဲ့တဲ့ ဗုဒ္ဓကို ကြည်ညိုပူဇော်ချင်တယ်၊ ဗုဒ္ဓကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဗုဒ္ဓဂါယာအထိရောက်အောင်သွားမယ်၊ ကမ္ဘာပေါ်က လူတွေလည်း ဗုဒ္ဓရဲ့ သွန်သင်ချက်တွေကို သတိထားမိပြီး လိုက်နာကျင့်သုံးရင် ငြိမ်းချမ်းပျော်ရွှင်လာမယ်လို့ မျှော်လင့်ပါတယ်” လို့ ဘုန်းတော်ကြီး ထစ်မင်းတွေ့က RFA ဗီယက်နမ်ဌာနကို မိန့်ပါတယ်။
ဆက်နွှယ်သောသတင်းများ
ဗုဒ္ဓဂါယာကို ငြိမ်းချမ်းရေး နယ်မြေအဖြစ် အစွမ်းကုန် ထိန်းသိမ်းမယ်လို့ အိန္ဒိယကတိပြု
ဗီယက်နမ် ထိုင်းကောင်စစ်ဝန်ရုံးက မြန်မာအလည်အပတ် ဗီဇာ ကန့်သတ်
မြန်မာရောက် သူ့နိုင်ငံသားတွေလုံခြုံရေး ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာန သတိပေး
ဒါကြောင့် ဘုန်းတော်ကြီး ထစ်မင်းတွေ့ဟာ ဗီယက်နမ်ကနေ လာအိုနိုင်ငံကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲ ရောက်နေပါပြီ။
မြန်မာပြည်မှာ ပြည်တွင်းစစ် အကြီးအကျယ်ဖြစ်နေလို့ အန္တရာယ်များတဲ့အတွက် မကြွချီဖို့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ထင်ရှားတဲ့ ဆရာတော်ဦးဣဿရိယက ပန်ကြားပါတယ်။
ဒါပေမဲ့ ဘုန်းတော်ကြီး ထစ်မင်းတွေးနဲ့ တပည့်သာဝကတွေဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ မြန်မာပြည်ကိုသွားခွင့်မရတဲ့အတွက် ခရီးလမ်းကြောင်းပြောင်းပြီး ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့ကို ဘတ်စ်ကားနဲ့ ကြွချီနေပါတယ်။ အဲဒီကနေတစ်ဆင့် မြန်မာပြည်ဝင်မယ်လို့ ကနဦးသိရပါတယ်။