ဗစ်တိုးရီးယားအမှုရဲ့ မူရင်း CCTV ဗီဒီယိုဖိုင်တွေ ပျောက်ဆုံးနေ

သီဟထွန်း
2019.11.06
sudarliaung-622 ကိုအောင်ကြီးရဲ့ ရှေ့နေ တစ်ဦးဖြစ်သူ ရှေ့နေ ဒေါ်စုဒါလီအောင် ကို ၂၀၁၉၊ နိုဝင်ဘာ ၆ ရက်နေ့က တွေ့ရစဥ်
ဓါတ်ပုံ - သီဟထွန်း/ RFA

နေပြည်တော်က ဗစ်တိုးရီးယား ၁၀ ကြိမ်မြောက် ရုံးချိန်းမှာ အရေးကြီး သက်သေပစ္စည်းတစ်ခုဖြစ်တဲ့ မူကြိုကျောင်းက လုံခြုံရေးရုပ်သံကင်မရာ မှတ်တမ်း ပါဝင်တဲ့ မူရင်း Hard disk ကို နည်းပညာ ကျွမ်းကျင်သူတစ်ဦး အကူအညီနဲ့ စစ်ဆေးရာမှာ ဗွီဒီယိုဖိုင်တွေ  ပျောက်ဆုံးနေတာကို တွေ့ရပါတယ်။

ပျောက်ဆုံးသွားတဲ့ ဒါမှမဟုတ် ပျက်စီးသွားတဲ့ မူရင်း ဗွီဒီယိုဖိုင်တွေပြန်ရဖို့ ကျွမ်းကျင်တဲ့ နည်းပညာသမား၊ ကျောင်းမှာ CCTV တပ်ဆင်တဲ့ ကုမ္ပဏီနဲ့ သက်ဆိုင်ရာ ရဲအရာအရှိ တစ်ဦးတို့ကို တချိန်ချိန်မှာ ခေါ်ယူစစ်ဆေးမယ် လို့ဒီကနေ့ တရားရုံးမှာ တရားသူကြီးက ပြောပါတယ်။

လူအများ စိတ်ဝင်စားတဲ့ ဗစ်တိုးရီးယား ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုအတွက် တရားလိုပြ သက်သေတွေကို စစ်ဆေးနေတာ ၁၀ ကြိမ်မြောက်ရှိနေပါပြီ။

ဒီနေ့ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ  Wisdom Hill မူကြိုကျောင်းက CCTV မှတ်တမ်းတွေကို ထိန်းသိမ်းတဲ့ တာဝန်ခံ ကိုရန်နောင်ဌေး၊ မူကြိုဆရာမ တစ်ဦးဖြစ်သူ ဒေါ်နုနုအောင်တို့ကို စစ်ဆေးခဲ့ပါတယ်။

ကိုရန်နောင်ဌေးဟာ မူကြိုကျောင်း ပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်ခိုင်သဇင်ရဲ့ မောင်ဝမ်းကွဲ တော်စပ်တယ်လို့ တရားရုံးမှာ ထွက်ဆိုချက်တွေအရ သိရပါတယ်။

အမူဖြစ်ပွားခဲ့တယ်လို့ ယူဆရတဲ့ ၂၀၁၉ ခုနှစ် မေလ ၁၆ ရက်နေ့က CCTV မှတ်တမ်းဖိုင်ပါဝင်တဲ့ မူရင်း Hard disk ကို နည်းပညာကျွမ်းကျင်သူ တစ်ဦးနဲ့ စစ်ဆေးရာမှာ ဗွီဒီယိုဖိုင်တွေတစ်ခုမှ မပါဝင်ဘဲ ပျောက်ဆုံးနေတာကို တွေ့ရပါတယ်။

စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ ကိုအောင်ကြီးရဲ့ ရှေ့နေ တစ်ဦးဖြစ်သူ ရှေ့နေ ဒေါ်စုဒါလီအောင်က ခုပျောက်ဆုံးနေတဲ့ CCTV မှတ်တမ်းဖိုင်ပါဝင်တဲ့ Hard diskက အောင်ကြီးအတွက် အလွန်အရေးကြီးတယ်လို့ ပြောပါတယ်။

ကိုရန်နောင်ဌေးကို ဒေါ်စုဒါလီအောင်က မေးမြန်းရာမှာ အခြေအတင် အငြင်းအခုန် သဘောမျိုးဖြစ်ခဲ့တဲ့အပေါ် သတင်းထောက်တွေက မေးရာမှာ သက်သေတွေနဲ့ ရှေ့နေတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးပါပဲလို့ မှတ်ချက်ပြုပါတယ်။

နားလည်တတ်ကျွမ်းတဲ့ နည်းပညာသမားတစ်ဦး၊ CCTV မှတ်တမ်းဖိုင်ကို တပ်ဆင်တဲ့ မန္တလေးမြို့က ကုမ္ပဏီနဲ့ သက်ဆိုင်တဲ့ ရဲအရာရှိတစ်ဦးတို့ကို Hard disk ထဲမှာပါဝင်တဲ့ ပျောက်ဆုံး မှတ်တမ်း ဗွီဒီယိုဖိုင်တွေကို ပြန်လည်ရှာဖွေဖို့ သင့်တော်တဲ့ အချိန်မှာ အမိန့် ချမယ်လို့ တရားသူကြီးက ပြောပါတယ်။

လက်ရှိ တရားရုံးနဲ့ ရဲစခန်းမှာရှိတဲ့ CCTV မှတ်တမ်းဖိုင်ကတော့ Hard disk ထဲကနေ စစ်စတမ်ပုံးထဲကို တဆင့်ထည့်လိုက်ပြီး မန်မိုရီစတစ်နဲ့ ကူးယူထားတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီမှာ စုစုပေါင်း ဗွီဒီယိုဖိုင် ၁၁ ခုရှိပြီး သုံးနေရာမှာ အချိန်တစ်ဆက်တည်းမသွားပဲ ပြတ်တောက်နေတာ တွေ့ရတယ်လို့ အမှုလိုက်ရှေ့နေတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။