ဗစ်တိုးရီးယားအမှု ရဲစခန်းတိုင်ချက် ရှေ့နေလေ့လာ
2019.10.24
ဗစ်တိုးရီးယားအမှုမှာ ကလေးရဲ့ဖခင်နဲ့ ဖမ်းဆီးစွပ်စွဲခံထားရတဲ့ ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော် အပါအဝင် ခြောက်ဦးကို ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ်အခွင့်အရေးများ ကာကွယ်ရေးဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်ထားတာပါ။
ရှေ့နေ ဦးခင်မောင်ဇော်က တိုင်ချက်ပါ အချက်အလက်တွေကို ပတ္တာနယ်မြေ ရဲစခန်းမှာ ဒီနေ့ သွားရောက် မေးမြန်း ခဲ့ပါတယ်။
တရားလို ဒေါ်ဥမ္မာလှိုင်ရဲ့ တိုင်ချက်ထဲမှာ တရားခွင်အတွင်း သက်သေတွေ ထွက်ဆိုတဲ့စကားတွေကို ရှေ့နေတွေ၊ မိသားစုဝင်တွေက မီဒီယာကို ပြန်လည်ပြောဆိုရာမှာ မိသားစုအတွက် နစ်နာမှုရှိတယ်ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။
ဦးခင်မောင်ဇော်တို့က ဒက္ခိဏခရိုင် တရားရုံးထံ တင်ပြရာမှာ ဥပဒေနဲ့ မညီတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေါ်ဥမ္မာလှိုင်ရဲ့ တိုင်ချက်မှာ ပါဝင်တဲ့အကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင် က ပြောပါတယ်။
ကလေးသူငယ်အခွင့်အရေးများ ကာကွယ်ရေးဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်ခံရတဲ့အပေါ် တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော် တုံ့ပြန်တာက
"ကျနော်တို့က ဘယ်သူ့ရယ်လို့ ဘယ်ဝါရယ်လို့ ဖော်ထုတ်ပြီးတော့ တိုက်ခိုက်တာမရှိဘူး၊ အခုသူက စွပ်စွဲတဲ့ အခါကျမှ ကလေးသူငယ် အခွင့်အရေးနဲ့ တရားစွဲချင်ရင်တော့ အခုတိုင်တဲ့ ဒေါ်ဥမ္မာလှိုင်ကိုပဲ စွဲလိုက်တော့၊ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်ဥမ္မာလှိုင်က သူ့သားဟာ ကိုဘယ်သူ ဘယ်သူ၊ သူ့သားအငယ်က နာမည် ဘယ်သူ ဘယ်သူ ဘယ်ကျောင်းမှာတက်နေပါတယ်၊ အသက် ဘာညာဆိုတာတွေက အခုလည်းပါတယ်၊ သူပြောလို့ သိတာပဲရှိတယ်၊ ကျနော်တို့က တခါမှမပြောဘူး၊ ကျနော်ဆိုလို့ရှိရင် ကိုကို ညီညီ တခါလားပြောဖူးတယ်၊ ဒါကလည်း တလျှောက်လုံးပေါ်နေတဲ့ကိစ္စမို့လို့ပြောတာ"
အလားတူ ကလေးသူငယ် ဥပဒေနဲ့ တရားစွဲဆိုခံထားရလို့ အမှုရင်ဆိုင်နေရတဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်က တရားရုံးမှာ တင်ပြခဲ့တဲ့အချက်တွေ အားလုံးဟာ ဥပဒေနဲ့ညီလို့သာ လက်ခံ တာဖြစ်ကြောင်း၊ ဒီတိုင်တန်းချက်ကို ဥပဒေနဲ့အညီပဲ ပြန်လည်ဖြေရှင်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။
အမှုဖွင့်ခံထားရတဲ့ ခြောက်ဦးကတော့ ဗစ်တိုးရီးယားရဲ့ဖခင်၊ ဦးလေးနဲ့ အဒေါ်ဖြစ်သူ၊ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်၊ ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်၊ ဒီအမှုမှာ ကူညီဆောင်ရွက်ပေးနေတဲ့ သက္ကမိုးညို ခေါ် ဒေါက်တာ ဝင်းကိုကိုသိန်းတို့ ဖြစ်ပါတယ်။
ဒေါ်ဥမ္မာလှိုင်ဘက်က သူ့သားနှစ်ဦးရဲ့ ဓာတ်ပုံကို ဗစ်တိုးရီးယားကို ပြသကာ ဗီဒီယိုရိုက်ကူးပြီး တရားရုံးကို တင်သွင်းခဲ့တဲ့ကိစ္စဟာ ဥပဒေနဲ့ မညီညွတ်ဘဲ မိသားစု ဂုဏ်သိက္ခာကို ကျဆင်းစေတယ်၊ သားနှစ်ဦးလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားစေတယ်ဆိုပြီး အမှုဖွင့်တိုင်ကြားခဲ့တာပါ။
မနေ့ကညနေပိုင်းမှာလည်း အမှုဖွင့်ခံထားရသူ အားလုံးလိုလိုက တိုင်ချက်ပါ အချက်အလက်တွေကို ပတ္တာနယ်မြေ ရဲစခန်းမှာ မေးမြန်းခဲ့ပါတယ်။
အမှုဖွင့်ခံထားရတဲ့ တရားလို ရှေ့နေ ဒေါ်ရွက်နုအောင်က တရားခွင်အတွင်း ပေါ်ပေါက်ခဲ့တဲ့အချက်တွေကို တိုင်ကြားထားတာဖြစ်တဲ့အတွက် အများကြီး ဖြေရှင်းစရာမရှိဘူးလို့ မနေ့က ဒက္ခိဏခရိုင် တရားရုံးချိန်းမစခင်မှာ ပြောခဲ့ပါတယ်။
အခုလို ဒေါ်ဥမ္မာလှိုင်ဘက်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်ထားတာ ခုနှစ်ဦးအထိရှိပါပြီ။ ဒီအမှုဟာ အများပြည်သူစိတ်ဝင်စားတဲ့ အမှုဖြစ်သလို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေကိုယ်တိုင် တရားရင်ဆိုင်နေရတဲ့အမှုလည်း ဖြစ်ပါတယ်။