ကြံ့ခိုင်ရေးပါတီတင်သွင်းတဲ့ အခြေခံဥပဒေပြင်ဆင်တဲ့မူကြမ်း
2019.02.18
မနက်ဖြန်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်သွင်းတဲ့ ဖဲ့ွစည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့ မူကြမ်းကို လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်မယ့် အစီအစဉ် ပါဝင်ပါတယ်။
တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်ထောက်ခံထားတဲ့ ဒီဥပဒေကြမ်းအပေါ် လေ့လာသူတွေရဲ့ သုံးသပ်ချက်တွေကို RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြံ့ခိုင်ရေးပါတီတင်သွင်းတဲ့ အခြေခံဥပဒေပြင်ဆင်တဲ့မူကြမ်း
(ဝေမာထွန်း)
တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို နိုင်ငံတော် သမ္မတ ကသာ တိုက်ရိုက်ခန့်အပ်ခွင့်ရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁ (ခ) ကနေ (င) အထိ ပြဌာန်းချက်တွေကို ပြင်ဆင်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်သွင်းထားတဲ့ မူကြမ်းကို တိုင်းရင်းသားပါတီတွေက ကြိုဆိုထောက်ခံကြပါတယ်။
အဲဒီဥပဒေကြမ်းမှာ သက်ဆိုင်ရာ ဝန်ကြီးချုပ်တွေကို လွှတ်တော်ကသာ ခန့်အပ်ရမယ်လို့ ပြော ထားတာကြောင့် ဒါကိုပြင်ဆင်နိုင်မယ်ဆိုရင် တိုင်းနဲ့ပြည်နယ်တွေမှာ ကိုယ်စားလှယ် အများစုအနိုင်ရတဲ့ပါတီက ဝန်ကြီးချုပ်ကို ခန့်အပ်နိုင်ပြီး အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်တော့မှာဖြစ်ပါတယ်။
ဒီလိုပြင်ဆင်ဖို့ တင်ပြထားတဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး မနက်ဖြန်ကျင်းပမယ့် လွှတ်တော်မှာ လွှတ်တော် ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်မယ်ဆိုတဲ့အပေါ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က အခုလိုပြောပါတယ်။
"တင်ခွင့်ပေးမယ့် သဘောပေါ့။ လွှတ်တော်ဥပဒေအရ ၂၀ ရာခိုင်နှုန်း လက်မှတ်ထိုးပြီးတင်ထားတယ်။ ပြည်ထောင်စုလွှတ်တော်မှာ ဒီလိုတင်လာရင် လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုကို ပြုရမှာလေ"
ဒါ့အပြင် မနက်ဖြန် ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ NLD ပါတီဘက်က ဦးဆောင်ပြီး ဆောင်ရွက်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီးလည်း လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူသွားဖို့ ရှိနေပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို NLD ပါတီနဲ့ USDP ပါတီတို့က လွှတ်တော်တွင်း နည်းလမ်းတမျိုးစီနဲ့ ဆောင်ရွက်လာတာဟာ လာမယ့် ၂၀၂၀ အတွက် အင်အာကြီးပါတီနှစ်ခုရဲ့ လွှတ်တော်တွင်းကနေ အပြိုင် မဲဆွယ်စည်းရုံးနည်းလို့ ယူဆချက်တွေ ရှိနေပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဘယ်ပါတီရဲ့ ဦးဆောင်မှုဟာ ပိုအောင်မြင်နိုင်ချေရှိလဲဆိုတာကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်ကို မေးကြည့်တော့
"ခုမှကောက်ခါငင်ခါ စဉ်းစားကြတယ်ဆိုတာ ပါတီကြီးနှစ်ခုရဲ့ နိုင်ငံရေးအရ သြဇာပြိုင်တာ၊ ရှင်းရှင်းပြောရရင် နိုင်ငံရေး အကျိုးအမြတ်တစ်ခုအတွက်လုပ်တာ၊ တိုင်းရင်းသားတွေအပေါ် တကယ် စေတနာရှိရင် ၂၀၁၀ တုန်းကလည်း လုပ်လို့ရတယ်။ ၂၀၁၅ တုန်းကလည်း လုပ်လို့ရတယ်။ အခုမှ ထလုပ်တယ်ဆိုတာ ကျေးဇူးတင်စရာကောင်းနေပေမယ့်လို့ ဒါဟာ စေတနာမှသန့်ရဲ့လားဆိုပြီး တွက်မယ်ဆိုရင် တွက်လို့ရတဲ့အနေအထားမျိုး၊ လက်ရှိအနေအထားအရ ရေရှည်အကျိုးထက်ကို လက်တလောအကျိုးကို ကြည့်ပြီးလုပ်မယ်ဆိုရင် ကြံ့ခိုင်ရေးပါတီတင်တဲ့အချက်ဟာ ပိုပြီးဖြစ်လာနိုင်ချေရှိတယ်"
ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီရဲ့ ပြင်ဆင်ချက်ဟာ တပ်မတော်ဘက်ကလည်း ပြင်ဆင်ဖို့ လက်ခံထားတဲ့ အချက်ဖြစ်နေပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင် ဆင်သင့်ပြင်ဆင်ထိုက်တာတွေကို ပြင်မယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်ကလည်း ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ လွှတ်တော်နဲ့ ဝန်ကြီးချုပ် တို့ကြား ဖြစ်နေတဲ့ ပြဿနာတွေအရ ပြင်ဆင်ဖို့လိုတဲ့ ပုဒ်မတွေ ရှိနေတာ စဉ်းစားမိကြောင်း သတင်းမီဒီယာတွေကို ပြောထားပါတယ်။
ဒါ့ကြောင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဒုတိယအကြိမ် ဥပဒေကြမ်းအပေါ် တပ်မတော်ဘက်ကလည်း ရာနှုန်းပြည့် ထောက်ခံနိုင်ချေရှိပါတယ်။
ပုဒ်မ ၂၆၁ ပြင်ဆင်ရေးမှာ တပ်မတော်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တိုင်းရင်းသားပါတီတွေရဲ့ သဘောထား ထပ်တူကျသလားဆိုတဲ့အပေါ် ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် က
"ဘာပဲဖြစ်ဖြစ် ဒါအခြေခံကျတဲ့အတွက် ဒီအခြေခံအချက်မှာတော့ အားလုံး သဘောထပ်တူကျလိမ့်မယ်လို့ ယူဆတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ အနေနဲ့ကတော့ ပြည်နယ်လွှတ်တော်က သဘောထားနဲ့ ပြည်နယ် ဝန်ကြီးချုပ်ကို ရွေးပြီး ပြည်နယ်အစိုးရ ဖွဲ့နိုင်မယ်ဆိုရင်တော့ ကြိုဆိုထောက်ခံပါတယ်ခင်ဗျ"
NLD ပါတီက တင်သွင်းတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရေး အဆိုကိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်း အခန် ၁၂ ပါပြဌာန်းချက်တွေနဲ့ မကိုက်ညီလို့ဆိုပြီး တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အဆိုတင်စဉ်ထဲက ကန့်ကွက်ခဲ့ပါတယ်။
လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာတော့ NLD ကကိုယ်စားလှယ်အချိုးအစား အများဆုံးအနိုင်ရရှိထား မှုအရ အဆိုအတည်ဖြစ်ခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်တွင်းမှာ အားပြိုင်မှုတွေ ရှိနေသလား ဆိုတဲ့အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း က အခုလို ပြောပါတယ်။
"လွှတ်တော်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကြံ့ခိုင်ရေးနဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်တွေကြားထဲမှာ အားပြိုင်မှု အတန်အသင့်ရှိနေတယ်လို့ မြင်ပါတယ်။ အကောင်းဆုံး အပြောင်း အလဲလို ဖော်ဆောင်နိုင်ဖို့ဆိုရင် အမျှော်အမြင်ရှိရှိနဲ့ အားလုံး ကျောချင်းကပ်ပြီး ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့ အရေးကြီးတယ်"
NLD ပါတီက ဦးဆောင်ပြုလုပ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူး ဦးပြုံးချို နဲ့ အဖွဲ့ဝင် ၄၁ ဦးနဲ့ ဖွဲ့စည်းမယ်ဆိုတဲ့ ပြည်ထောင်စုလွှတ်တော်ရုံးရဲ့ ကြေညာချက်တွေ ဒီနေ့ပဲ ထွက်ပေါ်လာခဲ့ပါတယ်ရှင်။