လူထုကိုထိန်းချုပ်ဖို့ စစ်တပ်က ဘာသာရေးကို အသုံးချနေကြောင်း လေ့လာသူတွေသုံးသပ်
2023.02.08

စစ်တပ်အာဏာသိမ်းထားတာ နှစ်နှစ်ပြည့်သွားတဲ့ မြန်မာနိုင်ငံက ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု၊ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် USCIRF ရဲ့ ကြားနာစစ်ဆေးပွဲ မနေ့က ကျင်းပပါတယ်။
စစ်တပ်ဟာ မြန်မာပြည်သူလူထုကို ထိန်းချုပ်ဖို့နဲ့ တော်လှန်ရေးအင်အားစုတွေကို နှိမ်နင်းနိုင်ဖို့ ဗုဒ္ဓဘာသာကို လက်နက်တစ်ခုအဖြစ် အသုံးချနေတယ်လို့ ဒီကြားနာစစ်ဆေးပွဲ တက်ရောက်လာသူတွေက ပြောပါတယ်။
“စစ်ခေါင်းဆောင်တွေဟာ ခရစ်ယာန်နဲ့အစ္စလာမ်ဘာသာဝင်တွေကို နိုင်ငံခြားလွှမ်းမိုးမှုပါတဲ့ ဘာသာရေးယုံကြည်မှုတွေ ဖြစ်တဲ့အတွက် ဖိနှိပ်ထားဖို့ လိုတယ်လို့ ယုံကြည်ကြပါတယ်”
အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် USCIRF ရဲ့ အစီရင်ခံစာတွေအရ မြန်မာစစ်တပ်ဟာ တိုင်းရင်းသားနဲ့ဘာသာရေး လူနည်းစုတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် အဓိကအကျဆုံး တာဝန်ရှိသူဖြစ်တယ်လို့ USCIRF ရဲ့ ဥက္ကဋ္ဌ နူရီ တာကယ်လ် က ပြောပါတယ်။
“ကျွန်တော်တို့ကော်မရှင်ဟာ မြန်မာနိုင်ငံက ဘာသာရေးလွတ်လပ်ခွင့်အခြေအနေတွေနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာလေ့လာစုံစမ်းပြီး သတင်းပေးပို့ ထုတ်ပြန်ခဲ့ရာမှာ မြန်မာစစ်တပ်ဟာ တိုင်းရင်းသားနဲ့လူနည်းစုဘာသာဝင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် အဓိကအကျဆုံး တာဝန်ရှိသူဖြစ်ကြောင်းတွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်က သမ္မတ ဂျိုးဘိုင်ဒင်အစိုးရကနေ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်လို့ ဆုံးဖြတ်လိုက်တဲ့ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေကို ဖိနှိပ်သတ်ဖြတ်မှုမှာလည်း မြန်မာစစ်တပ်ဟာ အဓိကကျူးလွန်တဲ့ တာဝန်ရှိသူ ဖြစ်ပါတယ်။ အခုအချိန်မှာလည်း တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို ဖိနှိပ်သတ်ဖြတ်ခဲ့တဲ့ နည်းလမ်းအတိုင်း ကချင်၊ ချင်းနဲ့ ကရင် ပြည်နယ်က ခရစ်ယာန်လူနည်းစုတွေကို ဖိနှိပ်သတ်ဖြတ်နေပါတယ်”
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဘာသာရေးလူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေဟာ စစ်တပ်က ဗုဒ္ဓဘာသာကို လက်နက်တစ်ခုအဖြစ် အသုံးချခဲ့တာကြောင့်လို့ အမေရိကန်အစိုးရရဲ့ငြိမ်းချမ်းရေးဌာန USIP က အကြီးတန်းအကြံပေး မစ္စပရက်ဆီလာ ကလပ်က သုံးသပ်ပါတယ်။
“စစ်တပ်ဟာ ဗုဒ္ဓဘာသာကို လက်နက်တစ်ခုအဖြစ် အသုံးချနေတဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေ ကိုယ်တိုင်လည်း ထိခိုက်ခံနေရပါတယ်။ စစ်ခေါင်းဆောင်တွေဟာ ခရစ်ယာန်နဲ့အစ္စလာမ်ဘာသာဝင်တွေကို နိုင်ငံခြားလွှမ်းမိုးမှုပါတဲ့ ဘာသာရေးယုံကြည်မှုတွေ ဖြစ်တဲ့အတွက် ဖိနှိပ်ထားဖို့ လိုတယ်လို့ ယုံကြည်ကြပါတယ်။ စစ်ခေါင်းဆောင်တွေဟာ အစွန်းရောက် ဗမာဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒကို ပျံ့နှံ့အောင် ဝါဒဖြန့်ခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးလက်အောက်မှာ အချိန်ကြာလာတာနဲ့အမျှ ဒီအစွန်းရောက်ဝါဒကို အမှန်တကယ် ယုံကြည်တဲ့ လူနည်းစုလူတန်းစား တစ်ရပ်ပေါ်ထွက်လာပါတယ်။ ဒီလူတန်းစားက စစ်တပ်က ကျောထောက်နောက်ခံပြုပေးထားတဲ့ USDP ပါတီကို အမာခံထောက်ခံသူတွေ ဖြစ်လာပါတယ်။ USDP ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီ အစွန်းရောက်ဝါဒကို ပါတီရဲ့စည်းရုံးရေး ကြွေးကြော်သံအဖြစ် မဲဆွယ်စည်းရုံးခဲ့ပေမယ့် NLD ပါတီကို ရှုံးနိမ့်ခဲ့ပါတယ်”

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး နှစ်နှစ်ကြာလာချိန်မှာ နိုင်ငံတစ်ဝန်း ပဋိပက္ခတွေ၊ တိုက်ခိုက်မှုတွေနဲ့ တရားဥပဒေစိုးမိုးမှုမရှိတော့တဲ့ အခြေအနေတွေ ပျံ့နှံ့လာနေပြီး မြန်မာစစ်တပ်ဟာ အာဏာသိမ်းဆန့်ကျင်ရေးအင်အားစုတွေကို ဖြိုခွဲဖို့နဲ့ လူထုကို ထိန်းချုပ်နိုင်ဖို့ ဘာသာရေးကို အသုံးချလာတာကြောင့် လူများစု ဗုဒ္ဓဘာသာအချင်းချင်းကြားမှာပါ စိတ်ဝမ်းကွဲလာတယ်လို့ မစ္စ ပရက်ဆီလာ ကလပ်က ပြောပါတယ်။
“စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်မှာ ထင်ရှားတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးအချို့ဟာ စစ်ခေါင်းဆောင်ကို ထောက်ခံသူတွေအဖြစ် ထင်ထင်ရှားရှား ပေါ်ထွက်လာပါတယ်။ သူတို့ဟာ အာဏာသိမ်းတော်လှန်ရေးအင်အားစုတွေကို တန်ပြန်တိုက်ခိုက်ဖို့ လှုံ့ဆော်ပါတယ်။ သူတို့ရဲ့ နောက်လိုက်နောက်ပါ ဘုန်းတော်ကြီးတွေကိုလည်း မြန်မာနိုင်ငံကို အစ္စလာမ်နိုင်ငံတစ်နိုင်ငံ ဖြစ်မသွားအောင် ကာကွယ်ဖို့ စစ်တပ်က အာဏာသိမ်းတာကို လိုအပ်တဲ့အကြောင်း ဟောပြောနေပါတယ်။ စစ်ခေါင်းဆောင်ဟာ ဗမာဗုဒ္ဓဘာသာအမျိုးသားရေးဝါဒကို အခြေခံတဲ့ အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်သူဖြစ်တယ်လို့လည်း ဟောပြောပါတယ်။ မြန်မာပြည်သူအများစုဟာ ဗုဒ္ဓဘာသာရဲ့ အကြမ်းမဖက်ရေး အဆုံးအမတွေကို ယုံကြည်သက်ဝင်နေဆဲ ဖြစ်ပေမယ့် ဒီလိုဟောပြောချက်တွေက ဗုဒ္ဓဘာသာဝင်အချင်းချင်းကြား စိတ်ဝမ်း ကွဲပြားမှုတွေ ဖြစ်လာစေပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလတုန်းကလိုပဲ ဗုဒ္ဓဘာသာဘုန်းတော်ကြီး အများစုဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ နဲ့ အရပ်သား ပြည်သူတွေအပေါ် ဖိနှိပ်မှုတွေကို ဆန့်ကျင်ပါတယ်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီး အများစုဟာ ဗုဒ္ဓရဲ့ ငြိမ်းချမ်းတဲ့ အယူအဆတွေကို လိုက်နာကြပြီး စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ပြည်သူလူထုတွေဘက်က ရပ်တည်နေကြဆဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်တပ်က ဖမ်းဆီးပြီး သတ်ဖြတ်ခံရတဲ့အထဲမှာ ဒါဇင်နဲ့ချီတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေလည်း ပါဝင်နေပါတယ်။ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းက ဘုန်းတော်ကြီးကျောင်း ၂၀ ကျော် အပါအဝင် ဘာသာရေးအဆောက်အဦးတွေ ဖျက်ဆီးခံခဲ့ရပါတယ်”

ဒီနေ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွင်းမှာတော့ ဗုဒ္ဓဘာသာဝင်အများစု အပါအဝင် စစ်ကောင်စီကို ဆန့်ကျင်သူ အားလုံးကို ပစ်မှတ်ထားခံလာရတဲ့ ပုံစံဖြစ်နေတဲ့အကြောင်း၊ အခုဆိုရင် လူနည်းစုတွေ အများစု ရှိနေတဲ့ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ နဲ့ ရခိုင်ပြည်နယ်တွေဟာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်မှုနဲ့ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံမှုအများဆုံး ရှိနေတဲ့အတွက် စစ်တပ်က ပစ်မှတ်ထားပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်တာကို ခံရတဲ့အကြောင်း၊ ဒါကို လူနည်းစုတွေဘက်က ဘာသာရေးကြောင့် ပစ်မှတ်ထား ခံရတာလို့ ယုံကြည်နေကြတာလည်း ရှိနေကြောင်း မစ္စ ပရက်ဆီလာ ကလပ်က ပြောပါတယ်။
အဲဒီနောက် International Republican Institute က မြန်မာ့အရေးကျွမ်းကျင်သူ ဦးကျော်ဇေယျာဝင်း၊ မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသား အသင်းရဲ့ညွှန်ကြားရေးမှူး ဇို တမ် မှုန်နဲ့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ မဝေဝေနုတို့က မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုအခြေအနေတွေနဲ့ စစ်တပ်က အာဏာမသိမ်းခင်ကတည်းက လူထုအကြားမှာ ပျံ့နှံ့နေတဲ့ ဘာသာရေး လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံမှုတွေအကြောင်း ထွက်ဆိုခဲ့ကြပါတယ်။