အမေရိကန်-အာဆီယံထိပ်သီးညီလာခံမှာ မြန်မာတက်ခွင့်မရတဲ့အကြောင်း သံအမတ် ဗိုက်ဒါ ပြောဆိုချက်
2022.05.10

ပထမဆုံးအနေနဲ့ မြန်မာစစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေကို အခုကျင်းပမယ့် အမေရိကန်-အာဆီယံထိပ်သီး ညီလာခံ တက်ခွင့်မပြုဖို့ အာဆီယံရဲ့ဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံက လိုက်နာဆောင်ရွက်မယ့် အကြောင်း သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါက ထိပ်သီးညီလာခံရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျေဆန်ဆီးမိုး (Jason Seymour) ကို မနေ့က ပြောပါတယ်။
"စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ပြီး ဒီမိုကရေစီစနစ်ဆီ ပြန်သွားဖို့ လိုလားကြောင်းပြသတဲ့ မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိ၊ သန္နိဌာန်နဲ့ အနိုင်မခံအရှုံးမပေး စိတ်ဓာတ်ကို ကျွန်တော်ကိုယ်တိုင် အလွန်မှပဲ အထင်ကြီးလေးစားမိကြောင်း ပြောလိုပါတယ်"
မြန်မာစစ်ကောင်စီဟာ အာဆီယံနဲ့ ကတိကဝတ်ပြုထားတဲ့ ဘုံသဘောတူချက် ငါးချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုလည်း မရှိခဲ့တဲ့အတွက် အာဆီယံရဲ့ အရေးကြီးတဲ့ အစည်းအဝေးတွေ မှန်သမျှ နိုင်ငံရေးကိုယ်စားလှယ်တွေကို မဖိတ်ဘူးလို့ သူတို့အသင်းမှာ ဆုံးဖြတ်ထားပါတယ်။
အခုကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံမှာ အာဆီယံ အဆင့်မြင့်အရာရှိ အစည်းအဝေးတွေကို တက်ရောက်ခွင့် မပြုဖို့ အာဆီယံက ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီအပြင် စစ်ကောင်စီကို မြန်မာပြည်သူတွေက တရားဝင်အစိုးရအဖြစ် မမြင်ကြသလို၊ နိုင်ငံတကာအသိုင်းကလည်း မမြင်ပါဘူး။ ဒါကြောင့် အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးမှာ တက်ဖို့ မဖိတ်ခဲ့တာဖြစ်ပါတယ်။
"အာဆီယံအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံဖို့နဲ့ ဘုံသဘောတူညီချက်တွေ အမြန်ဆုံး အကောင်အထည်ဖော်အောင် တွန်းအားပေးဖို့ ကြိုးပမ်းအားထုတ်မှုတွေအပေါ်မှာလည်း အမေရိကန်နိုင်ငံက အားပေးထောက်ခံကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ အာဆီယံအထူးသံရဲ့ အခန်းကဏ္ဍကိုလည်း ထောက်ခံနေပါတယ်။ အာဆီယံအထူးသံအနေနဲ့ မြန်မာနိုင်ငံတွင်းက သက်ဆိုင်သူအားလုံးကို ဆက်သွယ်ပြီး ထိတွေ့ဆက်ဆံမှုတွေလုပ်ဖို့ သူ့ရဲ့ တာဝန်အတိုင်း ဆက်လုပ်နိုင်ဖို့ အလွန်အရေးကြီးတယ်လို့ ထင်ပါတယ်။ သူ့ရဲ့ အသံကိုလည်း နားထောင်ပြီး၊ အခုကြုံနေတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ အဖြေရှာတဲ့နေရာမှာ ပါဝင်ခွင့်ရဖို့ လိုပါတယ်"
အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်ပိုင်းမှာ ဒီမိုကရေစီအရေးအတွက် ဘယ်လိုကူညီအားပေးခဲ့သလဲ ဆိုတာလည်း သူက ခုလို ပြောသွားပါတယ်။
"ပထမဆုံးအနေနဲ့ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ပြီး ဒီမိုကရေစီစနစ်ဆီ ပြန်သွားဖို့ လိုလားကြောင်း ပြသတဲ့ မြန်မာပြည်သူတွေရဲ့ရဲစွမ်းသတ္တိ၊ သန္နိဌာန်နဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ကို ကျွန်တော်ကိုယ်တိုင် အလွန်မှပဲ အထင်ကြီးလေးစားမိကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို အားပေးထောက်ခံခဲ့တာကြာပါပြီ။ အခုအချိန်မှာလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားဆောင်ရွက်နေသူတွေ အားလုံးကို အားပေးထောက်ခံနေပါတယ်။ အမေရိကန်နိုင်ငံဟာ စစ်ကောင်စီအနေနဲ့ သွားနေတဲ့ လမ်းကြောင်းပြောင်းသွားအောင် နိုင်ငံတကာက ဖိအားပေးမှုတွေကို ဦးဆောင်နေပါတယ်။ တစ်ချိန်တည်းမှာပဲ စစ်ကောင်စီခေါင်းဆောင်တွေ၊ မိသားစုဝင်တွေ၊ စစ်ကောင်စီကို အားပေးထောက်ခံသူတွေနဲ့ စစ်တပ်ရဲ့ အကျိုးစီးပွားတွေကို ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေ ချမှတ်နေပါတယ်။ ဒီပိတ်ဆို့အရေးယူမှုအားလုံးဟာ ပစ်မှတ်ထားဆောင်ရွက်နေတာ ဖြစ်ပြီး၊ စစ်ကောင်စီရဲ့လက်အောက်မှာ ဆင်းရဲဒုက္ခခံစားနေရတဲ့ မြန်မာပြည်သူတွေကို ထိခိုက်မှုမရှိစေဖို့ သတိပြုဆောင်ရွက်နေတယ် ဆိုတာကိုလည်း အသိပေးချင်ပါတယ်”
ဒါ့အပြင် မြန်မာနိုင်ငံက Generation Z လို့ ပြောကြတဲ့ မျိုးဆက်သစ် လူငယ်တွေဟာ ဒီမိုကရေစီကို တကယ်လိုချင်နေပြီး အရင်ခေတ်ဟောင်းကို ပြန်မသွားချင်ကြဘူးဆိုတာ ထင်ထင်ရှားရှား တွေ့ရပါတယ်။ ဒါကြောင့် သူတို့ရဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်မှုတွေကိုလည်း အသိအမှတ်ပြု ချီးကျူးတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါက ပြောသွားပါတယ်။