မြို့ပြစစ်ဆင်ရေးအတွင်း ပြည်သူထိခိုက်မှုမရှိအောင် ဆောင်ရွက်နေကြောင်း NUG ပြော

2022.10.18
မြို့ပြစစ်ဆင်ရေးအတွင်း ပြည်သူထိခိုက်မှုမရှိအောင် ဆောင်ရွက်နေကြောင်း NUG ပြော စခန်းတစ်ခုတွင် လေ့ကျင့်သင်ကြားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
STR / AFP

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့ကနေ အောက်တိုဘာ ၈ ရက်နေ့အထိ ခြောက်လအတွင်း နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေး ၂၂၀ အထိ ဆင်နွှဲနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ တောင်ပိုင်းတိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့က အောက်တိုဘာ ၈ ရက်နေ့ က ထုတ်ဖော်ပြောဆိုပါတယ်။

တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ NUG ရဲ့ စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့တွေက ဦးဆောင်ပြီး လုပ်ခဲ့တာလို့ ဆိုပါတယ်။ ဒီစစ်ဆင်ရေး တွေကို NUG ရဲ့ မူဝါဒအရ အပြစ်မဲ့ပြည်သူတွေ ထိခိုက်မှုမရှိအောင် ဒီစစ်ဆင်ရေးတွေကို ဆောင်ရွက်နေတာလို့ NUG သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။

"ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒပေါ့နော်။ ကျနော်တို့အစိုးရဟာ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်မှုအောက်က လွတ်မြောက်အောင်လုပ်နေတယ်။ သူတို့ရဲ့အကြမ်းဖက်မှုအောက်ကနေ ကာကွယ်ဖို့ အတွက် ကြိုးစားဆောင်ရွက်ပေးနေတာ။ အဲတော့ အပြစ်မဲ့ပြည်သူတွေ မဆိုင်တဲ့ ပြည်သူတွေကို သတ်ဖြတ်တာပဲဖြစ်ဖြစ်၊ မတော်တဆဖြစ်တာပဲဖြစ်ဖြစ်၊ အဲဒါတွေ မဖြစ်စေဖို့အတွက်ကို အရမ်းသတိထားဖို့အတွက် လိုက်နာကျင့်ထုံးဆိုပြီးတော့ သေသေချာချာကို အတိအလင်းကြေညာပြီးတော့ ခဏခဏလည်း ကြေညာပေးပါတယ်။ သင်တန်းတွေမှာလည်း ပြောကြားတယ်။ သင်ကြားပို့ချတယ်"

စစ်ကောင်စီကို ပြောက်ကျားစစ်မဟာဗျူဟာနဲ့ တိုက်ခိုက်မယ့် စစ်ဆင်ရေးဖြစ်လို့ နန်းထိုက်အောင်စစ်ဆင်ရေးလို့ အမည်ပေးခဲ့တာလို့လည်း NUG သမ္မတပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။ ဒီစစ်ဆင်ရေးရဲ့ အဓိကပစ်မှတ်ဟာ စစ်ရေး၊ စီးပွားရေးနဲ့ စစ်ကောင်စီဒေါက်တိုင်၊ သတင်းပေးတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

"ကျနော်တို့အစိုးရဟာ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်မှုအောက်က လွတ်မြောက်အောင်လုပ်နေတယ်"

ခြောက်လတာအတွင်း ဆောင်ရွက်ခဲ့တဲ့ ဒီစစ်ဆင်ရေးမှာ စစ်ရေးပစ်မှတ် ၁၇၃ ကြိမ်၊ အုပ်ချုပ်ရေးပစ်မှတ် ၃၆ ကြိမ်၊ စီးပွားရေးပစ်မှတ် ရှစ်ကြိမ် ဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီရဲ့ တပ်သား၊ ရဲနဲ့ ပျူစောထီး ၂၂၇ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ NUG က ပြောပါတယ်။

ဗိုလ်ချုပ်ဟောင်းအုန်းသွင်နဲ့ သားမက်ဖြစ်သူ ဗိုလ်ကြီးဟောင်း ရဲတေဇတို့ စက်တင်ဘာ ၂၄ ရက်နေ့က ရန်ကုန်မြို့မှာ လုပ်ကြံသတ်ဖြတ်မှုဟာလည်း ဒီစစ်ဆင်ရေးရဲ့ ဆောင်ရွက်ချက် တစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ထိခိုက်သေဆုံးမှုအရေအတွက် ဖော်ပြချက်တွေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေး အင်စတီကျုရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက NUG အနေနဲ့ ကွန်မြူနစ်လမ်းစဉ်နဲ့ ပြောက်ကျားကို တလွဲပုံဖော်နေတာလို့ ပြောပါတယ်။

"အခုကပြောရရင်တော့ ကောင်းလည်းမကောင်းဘူး။ အော်တာတော့ ဒီမိုကရေစီ၊ လုပ်တာက ကွန်မြူနစ်လမ်းစဉ်နဲ့ ပြောက်ကျားကို တလွဲပုံဖော်နေတော့ ပြောက်ကျား လမ်းစဉ် မဟုတ်ဘဲနဲ့ ပြည်သူလူထုကိုထိခိုက်တဲ့ အကြမ်းဖက်လမ်းစဉ်နဲ့ ပိုတူနေတယ်။ အဲတော့ သေချာတာက ဒီပုံစံအတိုင်းသွား။ သေချာတာက ဘယ်လိုမှ အောင်မြင်စရာ အကြောင်းမရှိဘူး။ ပြသာနာ ပိုပြီးကြီးထွားလာပြီးတော့ ကျရှုံးသွားလိမ့်မယ်လို့ သုံးသပ်လို့ရတယ်ဗျ"

စစ်တပ်အရာရှိဟောင်းတွေက NUG ရဲ့ မြို့ပြစစ်ဆင်ရေးတွေဟာ နောက်ပိုင်းမှာ ကျရှုံး သွားလိမ့်မယ်လို့ သုံးသပ်ကြပေမယ့် NUG အစိုးရကတော့ လာမယ့် ၂၀၂၃ ခုနှစ်မှာ တော်လှန်ရေးကို အပြီးသတ်သွားမယ်လို့ အောက်တိုဘာ ၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

NUG ရဲ့ တိုင်းစစ်ဒေသ ကွပ်ကဲရေးအဖွဲ့နဲ့ ပူးပေါင်းပြီး နန်းထိုက်အောင်စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ ပုသိမ်မြို့နယ်က နန်းထိုက်အောင်စစ်ဆင်ရေးတွေဟာ ၇၀ ရာခိုင်နှုန်း အောင်မြင်တယ်လို့ပြောပါတယ်။

"အစ်ကိုတို့ ပုသိမ်မြို့နယ်အနေနဲ့ မစ်ရှင်ဆောင်ရွက်မှုမှာ ထိရောက်မှုအပိုင်းက ရာခိုင်နှုန်းအနေနဲ့ ပျမ်းမျှပြောရမယ်ဆိုရင် ၇၀ ရာခိုင်နှုန်းလောက်အထိ ထိရောက်မှု ရှိပါတယ်။ ဘာလို့လဲဆိုတော့ အစ်ကိုတို့က မြို့ပြဖြစ်တဲ့အခါကျတော့ ပြည်သူကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စီစဉ်ရတဲ့အတွက် ဒီမစ်ရှင်တွေ ဆောင်ရွက်ရတဲ့အခါမှာ အားနည်းချက်လေးတွေရှိတယ်။ ဒါပေမဲ့ အစ်ကိုတို့ရဲ့လုပ်ဆောင်မှုဟာ သူတို့ (စစ်ကောင်စီ) ရဲ့ အုပ်ချုပ်ရေး ယန္တရား၊သူတို့ရဲ့ တရားဥပဒေစိုးမိုးမှုတွေ မရနိုင်ဘူး ဆိုတဲ့အချက်ကို ကြည့်ခြင်းအားဖြင့် ရာခိုင်နှုန်း ခုနကပြော သလိုပဲ အဲလောက်ထိ ရှိတယ်ပေါ့နော်"

ဒီစစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီးမေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က အောက်တိုဘာ ၁၂ ရက်နေ့က ဖုန်းနဲ့ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ygn-operation.jpeg
ရန်ကုန်မြို့၊ အင်းလျားလမ်းပေါ်က စစ်သားနှင့် ရဲကင်းစခန်းတစ်ခုကို တော်လှန်ရေးအင်အားစုအဖွဲ့တစ်ဖွဲ့မှ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ပစ်ခတ်ခဲ့စဉ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာခဲ့တဲ့ NUG အစိုးရဟာ စစ်အာဏာရှင် စနစ်ကို လက်နက်ကိုင်ပြီး တိုက်ခိုက်နေတာပါ။

လက်ရှိပြဿနာကို ဖြေရှင်းမယ့်နည်းလမ်း ရှာမတွေ့သေးသရွေ့ တိုက်ခိုက်မှုတွေက ဆက်ရှိနေဦးမယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

"အဲဒါတွေက တစ်ဖက်ကကြည့်မယ်ဆိုရင် ကျနော်တို့က သူသာသူချ၊ ကိုယ်သာ ကိုယ်ချဟာနဲ့ ကျနော်တို့ တောက်လျောက်သွားနေမယ့် ဇာတ်လမ်းမျိုးပဲဖြစ်နေမှာပေါ့။ နေရာတစ်ခု၊ မြို့တစ်ခုကို အပြီးသိမ်းလိုက်ပြီးတော့ တကယ်ချုပ်ကိုင်ထားပြီးတော့ ကိုယ်မှာရှိနေတဲ့ လက်နက်ကိုင်အင်အားစုတွေနဲ့ထိန်းချုပ်ထားနိုင်အောင်လည်း ကျနော်တို့က လုပ်နိုင်တဲ့အနေအထားမှမရှိတာ။ တစ်ဖက်က ကြည်း၊ ရေ၊ လေ တပ် သုံးရပ်ရှိနေတဲ့ဟာ။ နေရာတစ်ခုခုကို သိမ်းပြီးသွားပြီဆိုလည်း ဟိုဖက်ကပြန်ပြီးတော့ တိုက်ခိုက်လာမယ်။ ကြည်း၊ ရေ၊ လေနဲ့ တိုက်ခိုက်လာမယ့်အနေအထား ရှိနေတာကို။ ဆိုတော့ ဒါက အပြန်အလှန်လုပ်နေကြတဲ့ဟာမျိုးပဲ။ တစ်ဖက်နဲ့ တစ်ဖက် စစ်ပန်း သွားတဲ့အခါမျိုးကျမှ နားကြမယ်ဆိုတဲ့ဟာမျိုးဖြစ်မယ်။ ကြားထဲမှာ ကျနော်တို့ တခြား နည်းလမ်း ရှာမတွေ့သရွေ့ကတော့ ဒီဟာကိုပဲ ဦးတည်ပြီးတော့ နှစ်ဖက်စလုံးက လုပ်နေကြဦးမယ်လို့ မြင်တာပါပဲ"

NUG အစိုးရရဲ့ တောင်ပိုင်းတိုင်းစစ်ဒေသကွပ်ကွဲရေးအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် စက်တာဘာ ၇ ရက်ကနေ ဧပြီလ ၇ ရက်နေ့အထိ စစ်ကောင်စီရဲ့ မြို့ပြအခြေစိုက်စခန်းတွေကို တိုက်ခိုက်တဲ့ ”ပျံလွှားအောင်” စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ပါတယ်။

ပျံလွှားအောင်စစ်ဆင်ရေးကို ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီ စတဲ့ တိုင်းသုံးခုကိုပေါင်းပြီး ဟံသာဝတီခရိုင်လို့ သတ်မှတ်ဆောင်ရွက်ခဲ့တာပါ။

အခုနန်းထိုက်အောင်စစ်ဆင်ရေးကတော့ NUG ရဲ့ ဒုတိယမြောက် စစ်ဆင်ရေးတစ်ခု ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။