နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကလေးတွေအပေါ်မှာရင်းနှီးမြှုပ်နှံကြဖို့ UNICEF တိုက်တွန်း


2019.01.31
henrietta-fore-sittwe-622.jpg ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Henrietta H. Fore စစ်တွေလေဆိပ်ကို ၂၀၁၉၊ ဇန်နဝါရီ ၂၉ က ရောက်ရှိလာစဉ်
Photo: Min Thein Aung/ RFA

မြန်မာနိုင်ငံ တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်ဖု့ိအတွက် ကလေးတွေအပေါ်မှာ ရင်းနှီးမြှုပ်နှံကြဖို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံကို ဒီတပတ်ထဲ သွားရောက်ခဲ့ပြီးနောက် မနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ အခုလို တိုက်တွန်းခဲ့တာပါ။ အသေးစိတ်ကို RFA ဝိုင်းတော်သူ မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

~~~~~~~~~~~~~~~~~~

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကလေးတွေအပေါ်မှာရင်းနှီးမြှုပ်နှံကြဖို့ UNICEF တိုက်တွန်း
(မနန္ဒာချမ်း)

မြန်မာနိုင်ငံရဲ့ တိုးတက်တည်ငြိမ်မှုကို အထောက်အကူဖြစ်စေမယ့် ခိုင်မြဲပြီး ပိုမိုသဟဇာတရှိတဲ့ လူ့ဘောင်တခုကို တည်ဆောက်နိုင်ဖို့အတွက် ကလေးတွေအပေါ် ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF အမှုဆောင်အရာရှိချုပ် Henrietta Fore က မြန်မာအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

မစ္စ Fore ဟာ သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ အစိုးရတာဝန်ရှိသူတွေအပြင် ရခိုင်ပြည်နယ်က ကလေးတွေအပါအဝင် ဒေသခံတွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။

ပဋိပက္ခတွေ ဆက်ဖြစ်နေတဲ့အတွက် သန့်ရှင်းမှုမရှိတဲ့ စခန်းတွေမှာ ကလေး ၁ သိန်း ၂ သောင်းကျော် နေထိုင်နေရဆဲဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး ဒါမှမဟုတ် အကာအကွယ်ပေးမှုတွေကိုလည်း အကန့်အသတ်တွေနဲ့သာ ရရှိနေတယ်လို့ မစ္စ Fore က ပြောဆိုခဲ့ပါတယ်။

သူတို့ရဲ့ ကိုးကွယ်တဲ့ဘာသာ၊ လူမျိုး ဒါမှမဟုတ် နိုင်ငံသားဖြစ်မှု - မဖြစ်မှု ဘာတွေပဲဖြစ်နေပါစေ တိုင်းပြည်တခုရဲ့ အဖိုးတန်ဆုံး ကလေးတွေအပေါ် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ အချိန်တန်ပါပြီလို့လည်း သူက ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန်မှာ မစ္စ Fore က ပြောဆိုခဲ့ပြီး လူသားချင်စာနာမှု အကူအညီပေးရေး အဖွဲ့တွေကိုလည်း ပုံမှန် ဝင်ခွင့်ပြုဖို့နဲ့ ပဋိပက္ခဖြစ်နေတဲ့ ဒေသက ကလေးတွေရော ကျေးလက်ဒေသက ကလေးတွေအပါအဝင် ကလေးအားလုံးအတွက် အခြေခံဝန်ဆောင်မှု လုပ်ငန်းတွေရဲ့ အရည်အသွေးကိုလည်း မြှင့်တင်ဖို့ရာ အရေးတကြီး လိုအပ်တယ်ဆိုတာကိုလည်း သူက အလေးထား ပြောဆိုခဲ့တာပါ။

အတူတကွ ပေါင်းစည်းနေထိုင်ရေး၊ ငြိမ်းချမ်းရေးနဲ့ တိုးတက်ချမ်းသာဖို့အတွက် ပညာရေးဟာ အဓိကကျတဲ့ အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

မစ္စ Fore ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးဝင်းနဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာစစ်တပ်အတွင်း ကလေးစစ်သား စုဆောင်းအသုံးပြုနေတာတွေ ရပ်တန့်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ တိုးတက်မှုကိုလည်း သူက အသိအမှတ်ပြုခဲ့ပါတယ်။

ဒါ့အပြင် ကလေးသူငယ်နဲ့ လက်နက်ကိုင်ပဋိပက္ခအပေါ် ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြခဲ့တဲ့ စစ်တပ်အတွက် ကလေးအခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုအသစ် နှစ်ခုကိုလည်း ရပ်တန့်အောင် အရေးယူ ဆောင်ရွက်မှုတွေလုပ်ဖို့ တိုက်တွန်းခဲ့တာပါ။

လက်ရှိ ယာယီအပစ်ခတ်ရပ်စဲထားတဲ့ကာလအတွင်း ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာ ပုံမှန်လေး လူသားချင်း စာနာမှုအကူအညီတွေနဲ့ ကာကွယ်ဆေးထိုးပေးနိုင်ခွင့်တွေ ပေးထားလား ဆိုတာကိုလည်း ဒုဗိုလ်ချုပ်ကြီး စိုးဝင်းနဲ့ တွေ့ဆုံချိန် မေးမြန်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ မတူညီတဲ့ လူ့အသိုင်းအဝိုင်းတွေက ကလေးတွေအနေနဲ့ သူတို့ကြားမှာရှိနေတဲ့ အကြမ်းဖက်မှုနဲ့ တင်းမာမှုတွေရဲ့ သောကဒဏ်ရာတွေကို ရရှိခံစားနေရတယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

သူတို့ရဲ့ လွတ်လပ်စွာ သွားလာလှုပ်ရှားမှုအပေါ် ကန့်သတ်ချက်တွေက ကျန်းမာရေးနဲ့ ပညာရေးလို အခွင့်အလမ်းမျိုးတွေကို ရရှိနိုင်ဖို့အတွက် အကန့်အသတ်ဖြစ်နေတယ်လို့လည်း သူက ဆိုပါတယ်။

စစ်တွေမြို့ မင်းဂံရပ်ကွက်မှာ UNICEF ရဲ့ ပံ့ပိုးကူညီမှုနဲ့ ဖွင့်လှစ်ထားတဲ့ “ကျောင်းမတက်နိုင်တဲ့ ကလေးတွေ အတွက် အခြေခံပညာရေးအစီအစဉ်” ကိုလည်း မစ္စ Fore က သွားရောက် လည်ပတ်ခဲ့ပါတယ်။

အဲဒီမှာ စာသင်နေတဲ့ကလေးတွေဟာ ရခိုင်ပြည်နယ်မှာ လူ့အသိုင်းအဝိုင်း နှစ်ခုကြား အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ ၂ဝ၁၂ ခုနှစ်ကစလို့ ပြောင်းရွှေ့ခဲ့ရပြီး ရခိုင်အသိုင်းအဝိုင်းအတွင်း ဖွင့်ထားတဲ့ ကျောင်းတွေကို မတက်နိုင်ကြတဲ့ ကလေးတွေ ဖြစ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။