စစ်တပ်ရဲ့ အကြမ်းဖက်ခံနေရတဲ့ ကလေးငယ်တွေကို အရေးပေါ် ကယ်တင်ဖို့ ကုလသတိပေး
2022.06.29
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုဒဏ် ခံစားနေရတဲ့ ကလေးငယ်တွေကို ကယ်တင်ဖို့ အရေးပေါ်လိုအပ်နေကြောင်း ကုလသမဂ္ဂက ဗုဒ္ဓဟူးနေ့က သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် စစ်တပ်အာဏာသိမ်းမှုနဲ့အတူ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့အပြင် ထင်သလို ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရတဲ့ ကလေးအရေအတွက် ရာနဲ့ချီ တိုးပွားလာနေကြောင်းလည်း ကုလသမဂ္ဂရဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီက ဖော်ပြပါတယ်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး ကလေးသူငယ် အနည်းဆုံး ၃၈၂ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့ကြ၊ ကိုယ်လက်အင်္ဂါချို့တဲ့ သွားခဲ့ကြရပါတယ်။ ဒါ့အပြင် ကလေး ၁၄ဝဝ ကျော်ဟာလည်း ထင်သလို ဖမ်းဆီးခံခဲ့ကြရပြီး အဲဒီထဲမှာ စစ်အာဏာသိမ်းမှုအပေါ်ဆန့်ကျင်ခဲ့ကြတဲ့ ကလေးတွေ၊ ဆန့်ကျင်ခဲ့တယ်လို့ မသင်္ကာအဖြစ်ခံရတဲ့ ကလေးတွေ ပါဝင်ပါတယ်။ ဒီနှစ် မေလ ၂၇ ရက်အထိ စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ကလေးနိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၂၇၄ ဦး ရှိကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိ အနာခံမျိုးဆက်ကို ကယ်တင်ဖို့ အချိန်နည်းနေပြီလို့ ကုလသမဂ္ဂရဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီက သတိပေးလိုက်ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကလေးတွေ ဆက်လက် ကုန်းရုန်းခံကြရမယ့်အရေးကနေ ရှောင်လွှဲနိုင်အောင် ကြိုးပမ်းကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း တိုက်တွန်းလိုက်ပါတယ်။
အဲဒီတိုက်တွန်းချက်ဟာ လက်ရှိ အာဆီယံအဖွဲ့ဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီး Prak Sokhonn ရဲ့ (၅) ရက်တာ မြန်မာနိုင်ငံခရီးစဉ်နဲ့အတူ ပေါ်ပေါက်လာခဲ့တာပါ။ ဒါဟာ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒုတိယအကြိမ် ခရီးစဉ်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အစိုးရကို စစ်ကောင်စီက ဖြုတ်ချခဲ့ပြီးတဲ့နောက် အာဆီယံရဲ့ အချက် ၅ ချက်ပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ရေး ကြိုးပမ်းဖို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နောက်ဆုံးအာဏာသိမ်းမှုမှာတော့ ပြည်တွင်း လူထုဆန့်ကျင်မှုတွေ ပေါ်ပေါက်ခဲ့ပြီး စစ်တပ်က အင်အားသုံးခဲ့လို့ ပြည်သူ နှစ်ထောင်ကျော်သေဆုံးခဲ့ရပြီး ကလေးသူငယ် နှစ်သိန်းခွဲကျော်အပါအဝင် ပြည်သူ ၇ သိန်းကျော် ပြည်တွင်းနေရာ ရွှေ့ပြောင်းခဲ့ရပါတယ်။ ကလေးငယ် ၈ သန်းနီးပါး ကျောင်းမတက်နိုင်ကြဘဲ အတော်များများ လက်နက်ကိုင် ပဋိပက္ခတွေ၊ စစ်ပွဲတွေထဲ ဆွဲသွင်းခံခဲ့ကြရပါတယ်။
ဒါဟာ မိဘတွေ လက်နက်ချအောင် ကလေးတွေကို ဓားစာခံအဖြစ် စစ်တပ်က အသုံးချတာဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်နေတာဖြစ်ကြောင်းလည်း ကုလသမဂ္ဂက ဖော်ပြပါတယ်။ လက်ရှိမှာ ကလေးငယ် အနည်းဆုံး ၆၁ ဦးကို ဓားစာခံအဖြစ် စစ်တပ်က ဖမ်းဆီးထားကြောင်း၊ ရိုဟင်ဂျာကလေးငယ်တွေကိုလည်း ထိန်းသိမ်းထားပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေအပါအဝင် နှိပ်စက်ညှဉ်းပန်းမှုတွေ ရှိနေကြောင်း ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီက ဖော်ပြပါတယ်။
ဒီအတောအတွင်း မြန်မာနိုင်ငံမှာ သတ်ဖြတ်စီရင်တာတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆုံးသတ်ဖို့ ARTICLE 19 လူ့အခွင့်အရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အကြိမ် (၅ဝ) မြောက် စည်းဝေးပွဲမှာထုတ်ပြန်ခဲ့တာပါ။
မြန်မာနိုင်ငံမှာ စာနယ်ဇင်းသမားတွေ ဆန့်ကျင်ဆန္ဒပြသူတွေ၊ နိုင်ငံရေးအတိုက်အခံတွေ အပါအဝင် လူ့အခွင့်အရေး ဖိနှိပ်မှုတွေနဲ့ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီရဲ့ဖိနှိပ်မှုဟာ တိုးမြင့်လာနေကြောင်း၊ စစ်ကောင်စီဟာ သေဒဏ်စီရင်တာတွေကို တိုးမြှင့်ချမှတ်နေပြီး အထူးသဖြင့် စာနယ်ဇင်းသမားတွေ ဆန္ဒပြသူတွေ၊ နိုင်ငံရေးအတိုက်အခံတွေ အပါအဝင် စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေ အသံတိတ်သွားအောင် သေဒဏ်ချမှတ်တာတွေ တိုးမြှင့်လာနေတာပါ။
ဇွန်လ ၃ ရက်နေ့က နိုင်ငံရေးအတိုက်အခံနဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ (၄) ဦးကို တရားဥပဒေ လမ်းကြောင်းနဲ့ မညီဘဲ သေဒဏ်ချမှတ်ခဲ့ပါတယ်။ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့ပြီးတဲ့နောက် အခုထိ သေဒဏ်စီရင်မှုပေါင်း အနည်းဆုံး ၁၁၄ မှု ရှိခဲ့တာပါ။ ၂ဝ၂၂ ခုနှစ်မှာ အင်တာနက် လူမှုမီဒီယာတွေကို အကြမ်းဖက်လုပ်ရပ် အားပေးမှု စွဲချက်နဲ့ ဖမ်းဆီးတာတွေ မြင့်တက်လာခဲ့ပါတယ်။ မေလ ၅ ရက်နေ့ကလည်း အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ၊ အီလက်ထရွန်နစ် ဆက်သွယ်ရေးဥပဒေတွေနဲ့ လူ ၂၂၉ ဦးကို ဖမ်းဆီးခဲ့ ပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက် လိုင်းပိတ်တာတွေ၊ တယ်လီဖုန်းဆက်သွယ်မှု အဆင်မပြေတာတွေကလည်း ရှိနေဆဲ ဖြစ်ပါတယ်။ မေလ ၂၄ ရက်နေ့ကတော့ မြို့နယ် ၈ မြို့နယ်မှာ မိုဘိုင်းဖုန်း ဆက်သွယ်မှု ဖြတ်တောက်ဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက အမိန့်ပေးခဲ့ပါတယ်။