FFM အစီရင်ခံစာနဲ့ ပတ်သက်တဲ့ သုံးသပ်ချက်များ


2018.10.24
hrc38-yanghee-lee-622 ၂ဝ၁၈ ဇွန်လ ၂၇ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၃၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အထူးကိုယ်စားလှယ် ယန်ဟီးလီ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ တင်သွင်းစဉ်။
UN Photo / Jean-Marc Ferré

အောက်တိုဘာလ ၂၃ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်း အဝေးမှာ ရခိုင်အရေးအပါအဝင် လူ့အခွင့်အရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို အရေးယူဆောင်ရွက် ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး Ms. Yanghee Lee နဲ့၊ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့ FFM ဥက္ကဋ္ဌ Marzuki Darusman တို့က တင်ပြခဲ့ ကြပါတယ်။

ဒီနေ့မှာ ရခိုင်အရေးနဲ့ပတ်သက်တဲ့ FFM ရဲ့ အစီရင်ခံစာကို လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဆက်ပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ပြည်တွင်းက လေ့လာသူတွေရဲ့ သုံးသပ်ချက်တွေကို  RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။

မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ ရခိုင်အရေးနဲ့ ပတ်သက်လို့ မြန်မာကို ICC ချက်ချင်းတင်ဖို့နဲ့ မြန်မာ့တပ်မတော်ကို အဆက်အဆံ မလုပ်ကြဖို့ ဖိအားပေး တိုက်တွန်းမှုတွေ ရှိခဲ့ပါတယ်။

လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး Ms. Yanghee Lee ရဲ့ တင်ပြချက်မှာဆိုရင် ရခိုင်၊ ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာ လူ့အခွင့်ရေးချိုးဖောက်ခံရမှုတွေ ကြီးကြီးမားမား ဆက်ရှိနေဆဲဖြစ်သလို မြန်မာအစိုးရကလည်း စစ်တပ်ကိုထိန်းချုပ်နိုင်စွမ်း မရှိဘူးဆိုပြီး အမြဲဆင်ခြေတွေ ပေးနေတယ်လို့ ပြောထားပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်လို့ မြန်မာကို ICC ချက်ချင်းတင်ပါလို့ Ms. Yanghee Lee က တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာဖိအားတွေကြား ရခိုင်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က ဆက်ဆောင်ရွက်ဖို့လိုတဲ့ အနေအထားတွေအပေါ် ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင် အဖြစ်ဆောင်ရွက်ခဲ့တဲ့ ဦးအေးလွင်က အခုလို သုံးသပ်ပါတယ်။

"တဖက်ကလည်း ဒီလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အားမရတဲ့ ပုဂ္ဂိုလ်တွေလည်းရှိမှာပဲ။ မြန်မာနိုင်ငံဘက် ကလည်း လက်တွေ့ကျကျ တစ်ခုခု မြင်သာထင်သာလေး လုပ်ပြလိုက်လို့ရှိရင် ယုံကြည်မှုက တည်ဆောက်လို့ ရမယ်"

Ms. Yanghee Lee ရဲ့ မနေ့က တင်ပြချက်တွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကို အာဏာသိသိ သာသာ ပိုပေးထားတာရှိပေမယ့် အရပ်သားအစိုးရဘက်က လုပ်နိုင်စွမ်းရှိတာတွေ အများအပြားရှိသေးကြောင်းနဲ့ ဒါတွေကို မလုပ်ဘဲထားတာ တွေ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။

စိတ်အနှောင့်အယှက်ဖြစ်စရာ အကောင်းဆုံးက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ မတရားမှုတွေအပေါ် ထောက်ပြ သူတွေကို အရေးယူဖို့ ကိုလိုနီခေတ်က ဥပဒေရှိနေတာပဲလို့လည်း သူမက ပြောခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်အရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် အဖွဲ့ FFM ဥက္ကဋ္ဌ Marzuki Darusman ရဲ့ တင်ပြချက်ထဲမှာဆိုရင် တိုင်းပြည်ကို အကာအကွယ်ပေးတဲ့ အဖွဲ့အစည်း အဖြစ်မပြောင်းလဲမချင်း မြန်မာ့တပ်မတော်ကို အဆက်အဆံ မလုပ်ကြဖို့ တိုက်တွန်းမှုတွေ ပါဝင်ခဲ့ပါတယ်။

Mr. Darusman က မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုတွေ ပိတ်ပင်တားဆီးတဲ့ အရေးယူ ဆောင်ရွက်မှုပြုလုပ်ဖို့နဲ့ နိုင်ငံတကာဥပဒေတွေကို ထင်ထင်ရှားရှား ချိုးဖောက်ခဲ့သူတိုင်းကို လုံခြုံရေးကောင်စီက ပြစ်ဒဏ်ခတ်အရေးယူပေးဖို့လည်း တင်ပြခဲ့ပါတယ်။

မြန်မာ့တပ်မတော်က တာဝန်ရှိသူတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေ ဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေစုံစမ်းရေးမစ်ရှင်အဖွဲ့ FFM ရဲ့ အစီရင်ခံစာကို ဒီနေ့ လုံခြုံရေးကောင်စီမှာ ဆက်ဆွေးနွေးတဲ့အခါ ဘယ်လိုအနေအထားတွေ ရှိနိုင်ပါသလဲ။

လူ့အခွင့်အရေး ရှေ့နေ ဦးသိန်းသန်းဦးက သူရဲ့ ထင်မြင်ယူဆချက်ကို အခုလို ပြောပါတယ်။

"ကိုယ့်ဘက်က ငုံခံရမယ့် အနေအထားပါပဲ။ မြန်မာနိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်မှုကလွဲရင် မရှိပါဘူး။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ဘာမှရင်ဆိုင်ယှဉ်ပြိုင်ပြီး ပြောနိုင်တဲ့ အနေအထားမရှိပါဘူး"

အဲဒီအစီရင်ခံစာကို ဆွေးနွေးတဲ့အခါ ဆုံးဖြတ်ချက် တစ်စုံတစ်ရာကျခဲ့ရင် လိုက်နာဆောင်ရွက်ရမှာဖြစ်ပြီး ဒါဟာ မြန်မာနိုင်ငံကို ဖိအားပေးတဲ့ သဘောဖြစ်တာကြောင့် ဆုံးဖြတ်ချက် မချနိုင်အောင် မြန်မာနိုင်ငံအနေနဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး က RFA နဲ့ ဆက်သွယ်မေးမြန်းမှုတစ်ခုမှာ ပြောထားပါတယ်။

ကုလသမဂ္ဂမျက်နှာစာမှာ မြန်မာနိုင်ငံဘက်က အမြဲကာကွယ်ပေးလေ့ရှိတဲ့ တရုတ်နဲ့ ရုရှားဟာ ဒီအရေးမှာ မြန်မာ ဘက်က ဆောင်ရွက်ပေးနိုင်ချေ အနေအထားဘယ်လိုရှိနိုင်ပါသလဲ။ တရုတ်အရေး ကျွမ်းကျင်သူ ဦးသန်းစိုးနိုင် က အခုလို သုံးသပ်ပါတယ်။

"လုံခြုံရေးကောင်စီကို တက်လာလည်း ရုရှားနဲ့ တရုတ်က ပယ်ချမှာပါပဲ။ ယာယီအဖွဲ့ဝင် ၂၀ ထဲမှာ အာဆီယံနိုင်ငံတချို့လည်းပါတော့ သူတို့ကလည်း ဒီကိစ္စထောက်ခံမှာ မဟုတ်ပါဘူး။ လုံခြုံရေးကောင်စီ တက်လည်း ရန်ဟီးလီတို့ရဲ့ လှုပ်ရှားမှုက ထိရောက်မှုရှိမှာ မဟုတ်ဘူးလို့ ကျနော် ပြောချင်တာပါ"

မနေ့က တတိယကော်မတီ အစည်းအဝေးမှာ Ms. Yanghee Lee နဲ့ Mr. Darusman တို့ရဲ့ တင်ပြမှုတွေကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွန်းက ကန့်ကွက်ဆွေးခဲ့ပါတယ်။

Ms. Yanghee Lee ရဲ့ တင်ပြမှုအပေါ် ဦးဟောက်ဒိုဆွန်းရဲ့ တုံ့ပြန်ချက်ထဲမှာဆိုရင် မြန်မာနိုင်ငံဟာ ၁၉၉၅ ကစလို့ ဆယ်စုနှစ် ၃ ခုလောက် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေ တဲ့ကြားကပဲ လူ့အခွင့်အရေးဆိုတဲ့ေ ခါင်းစဉ်အောင်မှာ မတရားဆက်ဆံခံနေရတယ်လို့ ပြောထားပါတယ်။

ရေရှည်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှုတွေကို မျက်ကွယ်ပြုခံရပြီး အပြုသဘောမဆောင်တဲ့ စွပ်စွဲချက်တွေနဲ့သာ စွပ်စွဲခံနေရတယ်လို့ ဆိုပါတယ်။

FFM ဥက္ကဋ္ဌရဲ့ တင်ပြမှုနဲ့ ပတ်သတ်လို့ သူပြန်လည်ဖြေရှင်းရာမှာ ရခိုင်အရေးနဲ့ပတ်သက်လို့ ဥပဒေ ချိုးဖောက် သူတွေကို အရေးမယူဘဲ နေတာမရှိကြောင်းနဲ့ ခိုင်မာတဲ့သက်သေအထောက်အထားတွေ ရှိမယ်ဆိုရင် ပြစ်မှု ကျူးလွန်သူမှန်သမျှကို အရေးယူသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

လုံခြုံရေးကောင်စီမှာ FFM ရဲ့ အစီရင်ခံစာကို ဆွေးနွေးရာမှာ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအပေါ် ပြစ်ဒဏ်ခတ် ပိတ်ဆို့အရေးယူမှု မရှိနိုင်ပေမယ့် အနောက်အင်အားကြီးနိုင်ငံတွေက တစ်နိုင်ငံချင်းစီအလိုက် စီးပွားရေးပိတ်ဆို့ မှုတွေ ရှိလာမှာကို ပြည်တွင်းက နိုင်ငံရေးလေ့လာသူတွေက စိုးရိမ်မှုတွေ ရှိနေကြောင်းပါရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။