ယူကရိန်းလို မြန်မာကို ဝိုင်းဝန်းကူညီဖို့ ကုလအထူးကိုယ်စားလှယ်ပြော
2023.03.18
မြန်မာပြည်သူတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို ချေမှုန်းနေပြီး မြန်မာပြည် ကျရှုံးနိုင်ငံဖြစ်အောင် လုပ်ဆောင်နေတဲ့ စစ်ကောင်စီကို ရုရှားက စစ်လက်နက်ပစ္စည်းတွေ အားဖြည့်ထောက်ပံ့ပေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ပြောလိုက်ပါတယ်။ The Guardian သတင်းစာနဲ့ မေးမြန်းချက်မှာ ပြောခဲ့တာပါ။
ယူကရိန်းပြည်သူတွေကို သတ်ဖြတ်နေတဲ့ ရုရှားရဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ပဲ မြန်မာပြည်သူတွေကို သတ်ဖြတ်တဲ့နေရာ စစ်ကောင်စီ သုံးနေတာလို့ အာဏာသိမ်းပြီးနောက်ပိုင်း ရုရှက လက်နက်ထောက်ပံ့ကူညီမှုတွေကို ရည်ညွန်းပြီး တွမ်အင်ဒရူးစ် Tom Andrews က ပြောသွားပါတယ်။
မြန်မာပြည်အရေးမှာ နိုင်ငံတကာရဲ့ တုံ့ပြန်မှုဟာ မလုံလောက်ဘဲ တချို့နိုင်ငံတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်လက် အထောက်အပံ့ ပေးနေဆဲ ဖြစ်တယ်လို့ Tom Andrews က ပြောဆိုလိုက်ပြီး စစ်ကောင်စီကို စစ်လက်နက်ပစ္စည်း ရောင်းချမှု ပိတ်ပင်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။
သူက မြန်မာပြည်ကို စစ်လက်နက်ပစ္စည်း အကူအညီပေးဖို့ တိုက်တွန်းတောင်းဆိုတာ မရှိပေမယ့် ဒဏ်ခတ်ပိတ်ဆို့အရေးယူတာတွေထက်ပိုတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဆောင်ရွက်ဖို့နဲ့ စစ်ကောင်စီဆီ စစ်လက်နက်ပစ္စည်းတွေ မရောက်အောင် တားဆီးဖို့ တိုက်တွန်းတာဖြစ်ပါတယ်။
အမေရိကန်နဲ့ အီးယူအဖွဲ့ဝင်နိုင်ငံတွေက စစ်ကောင်စီ ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ ဆက်နွယ်တဲ့ စီးပွားရေးသမားတွေနဲ့ ကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့အရေးယူတာတွေ ရှိနေပေမယ့် စစ်ကောင်စီကတော့ ရုရှားနဲ့ တရုတ်လို နိုင်ငံတွေအပြင် အနောက်နိုင်ငံတွေက တချို့သော ကုမ္ပဏီတွေဆီကနေ စစ်လက်နက်ပစ္စည်းတွေနဲ့ လေယာဉ်ဆီတွေ ရရှိနေဆဲဖြစ်ပါတယ်။

ဒါကြောင့် ဆန်ရှင်လို့ခေါ်တဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူတာတွေက တော်လှန်ရေးအတွက် ထိရောက်မှုမရှိဘူးလို့ တော်လှန်ရေးအင်အားစုတွေက ဝေဖန်ကြပါတယ်။
“ဒီလိုနည်းနဲ့တော့ ထိရောက်မယ်မထင်ဘူး။ ဒီ့ထက်ပိုပြီး ထဲထဲဝင်ဝင် ထင်ထင်ရှားရှား ရပ်တည်မှုကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပြသဖို့ ကျွန်တော်တို့က မျှော်လင့်တယ်။ အဓိကကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပေါ်မှာ ဘယ်လိုကူညီထောက်ပံ့မှုမျိုး ပေးမလဲပေါ့။ ဥပမာ ယူကရိန်းမှာဆိုရင် ကျွန်တော်တို့ မြင်နေရတာပဲ ငွေကြေး၊ အဓိက လက်နက်ဘတ်ဂျက်အကူအညီတွေ တိုက်ရိုက် သူတို့ ပေါ်တင်ပဲ ပေးနေကြတာ။ ကျွန်တော်တို့နိုင်ငံမှာတော့ တော်လှန်တပ်ဖွဲ့တွေ အပေါ်မှာတော့ နိုင်ငံတကာအသိုင်းအဝိုင်းက အဲ့လိုမျိုး ပေးလာတာမရှိသေးဘူး။ အဲ့လိုမျိုးပေးဖို့ လက်တွန့်နေကြသေးတယ်လို့ မြင်တယ်။”
အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ ဗဟိုကော်မတီဝင် ရဲဘော်ဇေယျ ပြောသွားတာပါ။
အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်အပါအဝင် တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဌာနချုပ်တွေနဲ့ အရပ်သားတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းခြိမ်းခြောက်မှုဒဏ်ကို နေ့စဉ် ရင်ဆိုင်နေရပါတယ်။
စစ်လက်နက်အင်အားပိုင်ဆိုင်မှုကြီးမားတဲ့ ရုရှားကို ပြန်လည်တွန်းလှန်နိုင်ဖို့ ယူကရိန်းကိုတော့ အနောက်နိုင်ငံတွေက ငွေကြေးနဲ့ စစ်ရေးအထောက်အပံ့တွေ ပေးနေတာပါ။

အထူးကိုယ်စားလှယ်က ယူကရိန်းနဲ့ မြန်မာပြည်အရေးမှာ နိုင်ငံတကာရဲ့တုံ့ပြန်မှု ဘာကြောင့် ကွဲပြားတာလဲလို့ မြန်မာမှာ တချို့က သူ့ကို မေးခွန်းထုတ်ပေမယ့် သူ့မှာ အဖြေမရှိဘူးလို့လည်း ဆိုပါတယ်။
NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ယူကရိန်းပြည်သူတွေနဲ့ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီရေးနဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေတာဖြစ်လို့ အခြေခံသဘောတရားက အတူတူပဲလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အမေရိကန်ခရီးစဉ်အပြီး ရိုက်တာသတင်းဌာနနဲ့ မေးမြန်းချက်မှာ ပြောခဲ့ပါတယ်။
ဒ့ါအပြင် နိုင်ငံတကာအနေနဲ့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ တစ်ဦးချင်းအလိုက် ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေက မလုံလောက်တဲ့အတွက် ဒီ့ထက်ပိုတဲ့အရေးယူမှုတွေ ချမှတ်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ဒေါ်ဇင်မာအောင်က တိုက်တွန်းပါတယ်။
အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို စစ်ကောင်စီက အလေးထားလေ့မရှိဘူးလို့ ပြည်သူ့ဘက်ကူးပြောင်းထားတဲ့ CDM တပ်မတော်သား ဗိုလ်ကြီး ထက်မြတ်က ပြောပါတယ်။
“တပ်တွင်းမှာက ဝါဒမှိုင်းတွေများတယ်။ သူတို့(စစ်တပ်)ရဲ့ မူကိုက ပြည်ပအားကိုး ပုစိန်ရိုးဆိုတဲ့ပုံစံအတိုင်း ဘယ်သူ့ကိုမှ အားကိုးစရာမလိုဘူးပေါ့နော်။ စစ်တပ်က ဘယ်သူမှမရှိလည်း ရှင်သန်နိုင်တယ် ဆက်သွားနိုင်တယ် ရပ်တည်နိုင်တယ် ဆိုတာမျိုး ဝါဒမှိုင်းတွေ ရိုက်သွင်းထားတာ ရှိတယ်ဗျ။ နိုင်ငံတကာက ဆန်ရှင်လုပ်တာကို အရေးစိုက်ရကောင်းမှန်းမသိဘူးလို့ ပြောရမယ်ဗျ။ ပိတ်ဆို့အရေးယူတာတွေကတော့ အရင်ကလည်း ရှိတာပဲ။ ဒီလောက်လုပ်ရုံနဲ့ အာဏာရှင်က ရပ်တန့်သွားမှာမဟုတ်ဘူး။ ဒီ့ထက်ပိုလုပ်နိုင်တာတွေ ရှိမယ်လို့လည်း ယုံကြည်ပါတယ်။”
"ပိတ်ဆို့အရေးယူတာတွေကတော့ အရင်ကလည်း ရှိတာပဲ။ ဒီလောက်လုပ်ရုံနဲ့ အာဏာရှင်က ရပ်တန့်သွားမှာမဟုတ်ဘူး"
တော်လှန်ရေးမှာ စစ်လက်နက်ပစ္စည်းအကူအညီအပြင် နည်းပညာအကူအညီလည်း လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။
NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကလည်း တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကို ယူကရိန်းကို အကူအညီပေးသလို အလုံးအရင်းနဲ့ ပေးဖို့ တောင်းဆိုပါတယ်။
“မြန်မာစစ်တပ်က လူတွေသတ်နေတယ်။ ရုရှားစစ်တပ်ကလည်း လူတွေသတ်နေတာပဲ၊ ရုရှားစစ်တပ်က ယူကရိန်းကို သိမ်းပိုက်ဖို့ အကြမ်းဖက်မှုတွေနဲ့ ကြိုးစားသလို မြန်မာစစ်တပ်ကလည်း မြန်မာပြည်ကို ပြည်သူလူထုဆီကနေ အကြမ်းဖက်ပြီးတော့ သိမ်းပိုက်ဖို့ ကြိုးစားနေတာ။ အဲ့တော့ ယူကရိန်းလိုမျိုး အကူအညီပေးသင့်တယ် ခုခံတော်လှန်စစ်အတွက်၊ ယူကရိန်းလိုပဲ လူသားချင်းစာနာမှု အထောက်အကူတွေကို အလုံးအရင်းနဲ့ ပေးသင့်ပါတယ်။”
"ရုရှားစစ်တပ်က ယူကရိန်းကို သိမ်းပိုက်ဖို့ အကြမ်းဖက်မှုတွေနဲ့ ကြိုးစားသလို မြန်မာစစ်တပ်ကလည်း မြန်မာပြည်ကို ပြည်သူလူထုဆီကနေ အကြမ်းဖက်ပြီးတော့ သိမ်းပိုက်ဖို့ ကြိုးစားနေတာ"
မတ်လ ၁၆ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း စစ်ကောင်စီကြောင့် သေဆုံးရသူတွေရဲ့ ရုပ်အလောင်းပုံတွေကို ပြသခဲ့ပြီး မြန်မာပြည်သူတွေရဲ့ အသက်တွေကို ကယ်တင်ကြဖို့ နိုင်ငံတကာကို တောင်းဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်ကတော့ မြန်မာ့အရေးမှာ အကြမ်းဖက်ပဋိပက္ခတွေ ပိုဆိုးမလာစေချင်တာကြောင့် ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံ အင်အားစုတွေကို စစ်လက်နက်ပစ္စည်း အကူအညီပေးအပ်ဖို့ မရှိသေးဘူးလို့ RFA နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောထားပါတယ်။
မြန်မာပြည်မှာတော့ မြေပြင်မှာ စစ်ဆင်ရေးလှုပ်ရှားဖို့ အန္တရာယ်ရှိလာတဲ့ မြန်မာစစ်တပ်ဟာ ဝေဟင်ကနေ ရွာတွေနဲ့ ဒုက္ခသည်စခန်းတွေကိုပါ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ရက်က ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲ မတိုင်ခင်မှာ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဘာဘရာ ဝုဒ်ဝဒ် Barbara Woodward က မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ အရပ်သားတွေအတွက် ဒုတိယအန္တရာယ်အများဆုံး သေကျေမှုအများဆုံး နိုင်ငံဖြစ်နေပြီး မြန်မာပြည်သူတွေ အတိဒုက္ခရောက်နေတာကြာနေပြီလို့ ပြောသွားပါတယ်။
တော်လှန်ရေးအင်အားစုတွေ နဲ့ ဒီမိုကရေစီလိုလားသူတွေ တစ်ညီတစ်ညွတ်တည်း တောင်းဆိုနေတဲ့ နောက်တစ်ချက်ကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကို လွှဲပြောင်းပေးဖို့ပဲ ဖြစ်ပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကလည်း လာမယ့် သီတင်းပတ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အစီရင်ခံစာတင်သွင်းဖို့ရှိပါတယ်။ အဲဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့သူတွေ ဖမ်းဆီးခံရတာ၊ ထိန်းသိမ်းခံရတာ၊ နေရပ်ပြန်ပို့ခံရတာ စတဲ့ အန္တရာယ် အခက်အခဲကြုံရတာတွေ ပါဝင်ပြီး ကုလသမဂ္ဂဒုက္ခသည်ကူညီရေးအဖွဲ့တွေ ဝင်ရောက်ခွင့် ဟန့်တားခံရတာတွေ ပါဝင်ပါတယ်။
စစ်ကောင်စီကတော့ အရပ်သားပြည်သူတွေကို ထိခိုက်အောင် တိုက်ခိုက်မှု မရှိကြောင်း သတင်းမီဒီယာတွေကို တုံ့ပြန်ဖြေကြားလေ့ရှိပါတယ်။ ဒါ့အပြင် လုံခြုံရေးကောင်စီကတစ်ဆင့် ICC ကို ပို့မယ့် တိုက်တွန်းချက်တွေကိုလည်း ကန့်ကွက်တယ်လို့ ကြေညာထားပါတယ်။
NUG ရဲ့ စာရင်းတွေအရ စစ်ကောင်စီဟာ နိုင်ငံအနှံ့ အစုလိုက်သတ်ဖြတ်မှု ၆၄ မှု ကျူးလွန်ခဲ့ပြီး လူပေါင်း ၇၆၆ ယောက် အသတ်ခံခဲ့ရပါတယ်။ စစ်ကောင်စီ တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတစ်ဝန်း အိမ်ခြေပေါင်း ခြောက်သောင်းကျော် မီးရှို့ခံခဲ့ရပြီး ကုလသမဂ္ဂစာရင်းတွေအရ လူပေါင်း တစ်သန်းခွဲနီးပါး စစ်ဘေးတိမ်းရှောင်နေရပါတယ်။