သာယာဝတီထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ကျဉ်းမိသားစုတွေ စိုးရိမ်ပူပန်နေ

2022.10.04
သာယာဝတီထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ကျဉ်းမိသားစုတွေ စိုးရိမ်ပူပန်နေ ပဲခူးတိုင်း သာယာဝတီ အကျဉ်းထောင်ဂိတ်တံခါးအား တွေ့ရစဉ်။
Photo: RFA

ထောင်အာဏာပိုင်တွေဟာ ရန်ကုန် အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ၂၅၀ ကို နိုင်ငံရေးအကျဉ်းသားတွေ အပေါ် ပစ်မှတ်ထားနှိပ်ကွပ်လေ့ရှိတယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီ ထောင်ဆီ မိသားစုဝင်တွေကို အသိမပေးဘဲ စက်တင်ဘာလ ၂၄ ရက်နေ့က ရုတ်တရက် ပြောင်းရွှေ့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက ဘားအံထောင်ကနေ သာယာဝတီထောင်ဆီ ပြောင်းရွှေ့လိုက်တဲ့ နိုင်ငံရေးအကျဉ်းသား ၆၀ ကို ရောက်ရောက်ချင်းမှာပဲ ထောင်အာဏာပုံတွေက ပုံစံထိုင်ခိုင်းပြီး ရိုက်နှက်ခဲ့တာကြောင့် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ဒါကြောင့် စက်တင်ဘာ ၂၄ ရက်နေ့က အင်းစိန်ကနေ သာယာဝတီကို ပြောင်းရွှေ့ခံလိုက် ရတဲ့ နိုင်ငံရေးအကျဉ်းသူ သတင်းထောက် မညိမ်းညိမ်းအေး (ခေါ်) မေဘယ်လ်ရဲ့ မိသားစုဝင်တွေ စိုးရိမ်ပူပန်နေပါတယ်။

"ထောင်အပြောင်း အရွှေ့လုပ်တာကလေ။ မိသားစုတွေကိုလည်း စိတ်ဒုက္ခပေးချင်လို့ပေါ့နော်"

ထောင်ထဲမှာ နှိပ်စက်ခံရမှာကို စိုးရိမ်တဲ့အပြင် ပစ္စည်းအစုံယူခွင့်မရဘဲ ရုတ်တရက် ပြောင်းရွှေ့လိုက်တဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ မညိမ်းညိမ်းအေးရဲ့ မိသားစုဝင် တစ်ဦးက RFA ကို ပြောပါတယ်။

“ရုတ်တရက်ကြီး ဖုန်းဆက်လာပြီးတော့မှ သူက သွားရတော့မယ်ဆိုတော့မှ အံ့သြသွား တယ်ပေါ့။ သာယာဝတီ ဆိုတော့ ကိုယ့်နေရာလည်း မဟုတ်တော့ အဝေးကြီး။ ပါဆယ်ပို့ဖို့တော့ တော်တော်ခက်သွားတယ်ပေါ့နော်။ အခုနောက် စုံစမ်းပြီးတော့မှ သိရတာက သူက လောလောနဲ့ ခေါ်သွားပြီးတော့မှ သူ့ရဲ့ပစ္စည်းတွေ အကုန်လည်း ကျန်ခဲ့တယ်လို့ ပြောတယ်။ လုံးဝကို ဘာမှမပါသွားဘူးဆိုတာ သိရတာ့ စိတ်တော့ မကောင်းဘူး။ သူတို့ကို ဝရုန်း သုန်းကားနဲ့ ခေါ်သွားပြီးတော့ သူ့ရဲ့တစ်ကိုယ်ရည် ပစ္စည်းတွေတောင် အစအဆုံး ပြန်ဝယ်ရမယ်ဆိုတာ သိရတော့ အဲဒါလေးတွေက အခက်အခဲ ဖြစ်တာပေါ့”

အလွတ်သတင်းထောက် မညိမ်းညိမ်းအေးဟာ ပုဒ်မ ၅၀၅ (က)နဲ့ အင်းစိန်ထောင်တွင်း တရားရုံးကနေ ထောင် သုံးနှစ် ချမှတ်ခံထားရတာပါ။

သာယာဝတီထောင်ဟာ ထောင်ဝင်စာပို့ရတာလည်း ခက်ခဲလွန်းပြီး ပို့လိုက်တဲ့ ထောင်ဝင် စာတွေကို အကျဉ်းဦးစီး ဝန်ထမ်းတွေက ဖြတ်တောက်ယူလေ့ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“ထောင်ဝင်စာပို့ရတာက တော်တော်ခက်တယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ထောင်စု ဇယားနဲ့ မှတ်ပုံတင်မိတ္တူနဲ့ပေါ့နော်။ အဲဒီလိုမျိုး မိဘဆိုတာ တစ်ယောက်ယောက်ပါတဲ့ ဟာမှ ဒီကလေးရဲ့ထောင်ဝင်စာကို ပို့လို့ရတယ်။ နယ်က ဆိုတော့ ပို့ဖို့ ဘယ်လိုမှ အဆင်မပြေဘူး။ တစ်လတစ်ခါ သွားပို့ဖို့ကလည်း ဘယ်လိုမှ အဆင်မပြေဘူး။ ပို့လည်း မရောက်ဘူး။ ခရီးစရိတ်အကုန်ခံပြီး တစ်လတစ်ခါ သွားဖို့တော့လည်း ကိုယ်ကတော့ တစ်လစာဆိုပြီး ချက်ပြုတ် ကြော်လှော်ပြီး ပို့တယ်။ မရောက်ဘူး။ ၁၅ ထုတ်ပေးတာ။ လေးထုတ်ပဲ ရောက်တယ်တဲ့”

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကတော့ ထောင်ဝင်စာပို့တာ အပါအဝင် အကျဉ်းထောင် တွေထဲမှာ ပေးထားတဲ့ အခွင့်အရေးတွေကို ကန့်သတ်ထိန်းချုပ်တာလုံးဝ မရှိဘူးလို့ ငြင်းဆိုပါတယ်။

“ကျနော်တို့က အခုလက်ရှိက ကျန်းမာရေးစည်းကမ်းတို့ဘာတို့ အကုန်ရှိတဲ့အခါ ကျတော့ ထောင်ဝင်စာတွေ ပို့တဲ့အခါကျရင် ထောင်နဲ့သက်ဆိုင်တဲ့ နေရာတစ်နေရာမှာ လက်ခံပေးတယ်။ စိစစ်တယ်။ လက်ခံပြီးတော့ ဆက်ပြီးတော့ ပို့ပေးတယ်။ ဘယ်လို နေရာမှာ အခက်အခဲ ရှိတာလည်းတော့ မသိပါဘူး။ ပို့တဲ့နေရာတွေမှာ အခက်အခဲတွေ ရှိနေရင် အဆင်မပြေတွေ ဖြစ်နေရင် ပြောပေးပါ။ ကျနော်တို့က တတ်နိုင်သလောက် အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်။ ပေးထားတဲ့ အခွင့်အရေးကို တမင်ဖြတ်တောက်တာ၊ တမင်အနေအထိုင်ခက်အောင် လုပ်တယ်ဆိုတာမျိုး လုံးဝမရှိပါဘူး”

သာယာဝတီထောင်အကြောင်း ကောင်းကောင်းသိတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမာကီးကတော့ မြန်မာနိုင်ငံက ရှိသမျှအကျဉ်း ထောင်တွေထဲမှာ သာယာဝတီထောင်ဟာ ဆိုးရွားတဲ့ အကျဉ်းထောင်တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ နေခဲ့ရတဲ့ အချိန်တုန်းကတော့ ထောင်က အရမ်းတင်းကျပ်တဲ့ ကာလပေါ့ နော်။ အဲဒီလိုကာလမှာ နေခဲ့ရတာဆိုတော့ တော်တော်ဆိုးဆိုးဝါးဝါးကို နေခဲ့ရတယ်လို့ ပြောလို့ရတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို အလုပ်ခိုင်းလို့ဆိုပြီးတော့ တိုက်ပွဲဝင်ခဲ့ ရတာတွေလည်းရှိတယ်။ ကျနော်တို့လည်း အကြမ်းဖက် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတယ် ပေါ့နော်။ နောက်ပိုင်းမှာတော့ ICRC ဝင်ပြီးတဲ့ နောက်ပိုင်းမှာပေါ့နော်။ အဲလောက် မဆိုးဝါးတော့ဘူးလို့ ကြားရတယ်။ အခုနောက်ဆုံးအခြေအနေမှာတော့ ကျနော်တို့တုန်း ကလောက် ဆိုးလိမ့်မယ်လို့ မထင်ဘူး။ ICRC ဝင်ခဲ့တုန်းကလိုလည်း ကောင်းနေလိမ့် မယ်လို့လည်း မထင်ဘူး”

ထောင်ပြောင်းခံရတာချင်းအတူတူ အင်းစိန်ထောင်ကနေ ထောင်အာဏာပိုင်တွေရဲ့ မှတ်ချက်ပါလာတဲ့သူတွေဟာ သာယာဝတီထောင်ကို ရောက်တာနဲ့ ဘာအပြစ်မှမရှိဘဲ တိုက်ပိတ်ခံရတာ၊ တစ်ညလုံး ပုံစံထိုင်နေရတာမျိုးအထိ ညှဉ်းပန်းလေ့ရှိတယ်လို့ ကိုမာကီးက ဆိုပါတယ်။

သူဟာ ၁၉၈၈ အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့တာကြောင့် အင်းစိန်ထောင်မှာ ထောင်နှစ် ရှည်ချမှတ်ခံရပြီး ၁၉၈၉ ခုနှစ်မှာ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံခဲ့ရသူပါ။

thayarwaddy-police.jpg
သာယာဝတီအကျဉ်းထောင်အနီး လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များအား ၂၀၁၅ ခုနှစ် သြဂုတ်လ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စစ်အစိုးရအဆက်ဆက်ဟာ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၀ နိုင်ငံရေးအပြောင်းအလဲ မဖြစ်ခင်ထိ အနှစ် ၂၀ ကျော် အတွင်းမှာလည်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံခဲ့ရသူတွေကို ရန်ကုန်ကနေ သာယာဝတီ၊ ကလေးနဲ့ ဝေးလံခေါင်ဖျား ပူတာအိုနဲ့ ခန္တီးထောင်တွေအထိ ပြောင်းရွှေ့အကျဉ်းချခဲ့ဖူးပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို သီးသန့်ခွဲထုတ်ပြီး မိသားစုနဲ့ဝေးရာ အကျဉ်းထောင်တွေဆီ ပြောင်းရွှေ့တာဟာ အထဲက အကျဉ်းသားရော အပြင်က ထောင်ဝင်စာပို့ရတဲ့ မိသားစုရော ဒုက္ခရောက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာလို့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်တဲ့ ဦးဝင်းဇော်နိုင်က ဝေဖန်ပါတယ်။

“ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပဲ။ သူတို့ ဒီနိုင်ငံရေး အကျဉ်းသားတွေကို ဒုက္ခမရောက်ရောက်အောင် လုပ်တဲ့သဘောပဲ။ တချို့ဆိုရင် ရန်ကုန်မှာ မိသားစုရှိတယ်။ နယ်ထောင်ကို ပို့လိုက်တဲ့အခါမှာ ထောင်ဝင်စာတွေ အခက်အခဲဖြစ်တယ်။ အထဲမှာ စိတ်ဓာတ်ကျသွားအောင် ချိုးနှိမ်လိုက်တာပေါ့။ ရန်ကုန်ရဲ့ ရာသီဥတုက ပူတယ်။ တချို့ ဆိုရင် ပူတာအိုကို ပို့လွှတ်လိုက်တယ်ဗျာ။ အဲဒါမျိုးတွေက သက်သက်ကိုပဲ ညှဉ်းပန်း နှိပ်စက်တဲ့ အထဲမှာ ပါတယ်လို့ ပြောလို့ရတယ်ဗျ။ ထောင်အပြောင်း အရွှေ့လုပ်တာ ကလေ။ မိသားစုတွေကိုလည်း စိတ်ဒုက္ခပေးချင်လို့ပေါ့နော်။ ဘယ်ကိုရွှေ့တယ် မပြောဘူး။ နောက်က မိသားစုဝင်တွေက ထောင်တော့ပြောင်းသွားပြီ ဘယ်ကိုလိုက်လို့ လိုက်ရမှန်း မသိတဲ့ အနေအထားမှာ အနည်းဆုံး တစ်လ၊ နှစ်လ၊ သုံးလ ဒုက္ခရောက်ကြ တာပေါ့။ ထောင်ထဲကလူရော ထောင်ပြင်က မိသားစုရောလေ”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၃ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းလ ၂၀ အတွင်း နိုင်ငံရေးလှုပ်ရှားသူ ၁၅,၇၄၄ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၁၂,၅၆၉ ဦးဟာ အခုချိန်ထိ နိုင်ငံတစ်ဝန်းက အကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။