မူဆယ်က စစ်ကောင်စီနဲ့ TNLA တိုက်ပွဲကြောင့် လူနှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ
2023.08.03

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်က တိုက်ပွဲတွေဟာ ရင်ဆိုင်ဖြစ်ပွားတဲ့တိုက်ပွဲတွေထက် လက်နက်ကြီးနဲ့ အထိုင်စခန်းတွေကနေ ပစ်ခတ်နေတာကြောင့် အရပ်သားထိခိုက်မှုတွေ များလာတာလို့ ဒေသခံတွေကပြောပါတယ်။
မူဆယ်မြို့နယ် နမ့်အွမ်ရွာခံတစ်ဦးပြောတာကတော့ သြဂုတ်လ ၁ ရက်နေ့က သူတို့ရွာကို လက်နက်ကြီးကျည် ရှစ်လုံးကျတယ်လို့ ဆိုပါတယ်။
“ ရှစ်လုံးလောက်ကျတယ်၊ ရွာဟိုဘက်ခြမ်းကိုကျတာများတယ်၊ လူထိတာတော့ မသိဘူး၊ အဲ့ဒီနေ့က ရွာသားတွေ ကချင်ဘုရားကျောင်းဘက်မှာ လာနေကြတယ်”
ပစ်ခတ်မှုတွေဟာ ရမ်းသန်းပစ်ခတ်မှုတွေ ဖြစ်တာကြောင့် ထိခိုက်မှုတွေရှိတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့၀င်တစ်ဦးကလည်း ပြောပါတယ်။
" မနေ့ကလည်း မူဆယ်နဲ့ ၁၀၅ မိုင်ကြားထဲမှာ စက္ကူစက်ရုံရှိတယ်၊ အဲ့ဒီနားမှာကို ရင်ဆိုင်တိုက်ပွဲဖြစ်တယ် နောက်တစ်ခါ ဟိုတစ်နေ့ကဆိုရင် နမ့်ဖတ်ကာနားမှာလည်း တိုက်ပွဲဖြစ်တယ် ပြီးတော့ နမ့်ကတ်ရွာကိုလည်း လက်နက်ကြီးနဲ့ ၁၀၅ မိုင်ကုန်းပေါ်ကနေ လှမ်းပစ်တယ် လက်နက်ကြီးနဲ့ပစ်တာက TNLA ရဲ့ အထိုင်ကုန်းကိုပစ်တာမဟုတ်ဘဲ ရမ်းပစ်တာဆိုတော့ ပြည်သူတွေလည်း လွတ်ရာကျွတ်ရာ ထွက်ပြေးနေကြရတာပေါ့”
အခုလိုပစ်ခတ်မှုတွေကြောင့် ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
နမ့်ကတ်ရွာခံတစ်ဦးအဆိုအရ အိုးအိမ်စွန့်ခွာထွက်ပြေးသူ နှစ်ထောင်ခန့်ရှိမယ်လို့ ပြောဆိုပါတယ်။
“ပစ်တာက မနက်ဆယ်နာရီလောက်ကနေ ညနေခြောက်နာရီလောက်အထိ ဆိုတော့ ထွက်ပြေးကြရတာပေါ့ ပြေးတာ အုပ်စုနှစ်စုဆိုတော့ စုစုပေါင်း နှစ်ထောင်လောက်တော့ရှိမယ်”
TNLA အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေရဲ့တိုက်ခိုက်မှုတွေဟာ အခုလပိုင်းအတွင်း ပိုများလာပြီး ပြီးခဲ့တဲ့ ဇွန်လ တစ်ရက်နေ့က တရုတ်နိုင်ငံရဲ့ ကြား၀င်စီစဥ်ပေးမှုကြောင့် မြောက်ပိုင်း ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ပိုင်းမှာ ပိုပြီး ဖြစ်ပွားလာတာ ဖြစ်ပါတယ်။
TNLA အဖွဲ့ကတော့ ဆွေးနွေးပွဲမှာ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားတာမရှိဘဲ အခုဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတာကြောင့် ဖြစ်တာလို့ TNLA အဖွဲ့ပြန်ကြားရေးတာ၀န်ခံ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။
“ဆွေးနွေးပွဲမှာ ဘာမှ သဘောတူညီချက်တော့ မရှိပါဘူး၊ ထုတ်ပြန်ချက်လည်း မရှိဘူးပေါ့ ၊ ဒါပေမဲ့ တခြား ဆိုရှယ်မီဒီယာတွေမှာ ထင်မြင်ချက်တွေရေးတာတော့ ရှိပါတယ်၊ တကယ်က တိုက်ပွဲဖြစ်တာက ထိုးစစ်ရှိလာရင် တိုက်ပွဲဖြစ်တာပါပဲ၊ ထိုးစစ်မရှိရင်တိုက်ပွဲမဖြစ်ဘူးပေါ့ ၊ ကျွန်တော်တို့က နဂိုကတည်းက ခုခံစစ်အနေနဲ့ ခံနေတာပဲ”
သြဂုတ်လ ၂ ရက်နေ့က ဖြစ်ပွားတဲ့တိုက်ခိုက်မှုကြောင့် ၁၂ ဘီးကားမောင်းသူတစ်ဦး သေဆုံးခဲ့ပြီး သံဃာတစ်ပါးနဲ့ ရွာခံနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အခုရက်ပိုင်း မူဆယ်မြို့နယ်အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသလို RFA က စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်း လက်ခံဖြေကြားတာမရှိပါဘူး။