နိုင်ငံရေးဘက်အာရုံရောက်လို့ အပူလွန်ကဲတာကို သတိမမူမိကြ
2022.05.14

ပုံမှန်အားဖြင့် မေလလယ်လောက်မှာ မြန်မာနိုင်ငံကို မုတ်သုံမိုးဝင်လေ့ရှိပြီး အိမ်နီးချင်း အိန္ဒိယ အပါအဝင် တောင်အာရှမှာ ဇွန်လောက်မှ မိုးရာသီရောက်တာမို့ တောင်အာရှက လူသန်းတစ်ထောင်ခွဲဟာ သာမန်ထက်ထူးကဲတဲ့ အပူဒဏ်ခံနေရတာ သီတင်းသုံးပတ် လောက်ရှိပါပြီ။
အိန္ဒိယမှာ မတ်လက စပူပြင်းလာပြီး ဧပြီတုန်းက အပူချိန်က ၁၂၂ နှစ်အတွင်း အပူပြင်းဆုံး ပဲလို့ မိုးလေဝဿဌာနက ပြောပါတယ်။ ပါကစ္စတန်မှာ ၆၁ နှစ်အတွင်း အပူပြင်းဆုံးနှစ် ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာနိုင်ငံတွေမှာလည်း အလွန်အမင်းပူပြင်းတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
အိန္ဒိယမှာ လူဦးရေ သန်းတစ်ထောင်ကျော်ရှိပါတယ်။ တောင်အာရှမှာ အပူချိန်လွန်ကဲလွန်း တာက ကမ္ဘာမှာ လူ ရှစ်ယောက်မှာ တစ်ယောက်နီးပါး အပူလှိုင်းဒဏ်ခံရတဲ့သဘောလည်း သက်ရောက်ပါတယ်။
အပူဒဏ်ကြောင့် အိန္ဒိယမှာ အနည်းဆုံး လူ ၂၅ ယောက်နဲ့ ပါကစ္စတန်မှာ ၆၅ ယောက် သေဆုံးရပါတယ်။ အမှန်တကယ်သေဆုံးတဲ့နှုန်းက ဒီထက်မက များနိုင်တယ်လို့လည်း ခန့်မှန်းပါတယ်။
ပါကစ္စတန်မှာ အပူပြင်းတဲ့ကာလတွေမှာ မြန်မာနိုင်ငံမှာလည်း အပူလွန်ကဲတယ်လို့ မန္တလေးအခြေစိုက် စိမ်းရောင်စို သဘာဝအစိမ်း အဖွဲ့ထူထောင်တဲ့ ဦးမောင်မောင်ဦးက ပြောပါတယ်။
ပါကစ္စတန်မှာ အပူလွန်ကဲချိန်တုန်းက သူ့မိတ်ဆွေတယောက်က အရောင်ခြယ်ပြီး သူ့လူမှုကွန်ရက်မှာ တင်တဲ့အခါ ပါကစ္စတန်ကို ခြယ်ထားတဲ့အရောင်နဲ့ မြန်မာပြည် အလယ်ပိုင်းက အရောင်တူတူပဲလို့ ပြောပါတယ်။
နိုင်ငံရေးဘက် လူတွေအာရုံရောက်နေတာတဲ့ အလွန်အမင်း ပူတာကို သတိမထားမိဘူးလို့ ပြောပါတယ်။
ရန်ကုန်မြို့က ပညာတတ်အိမ်ရှင်မယောက်ကလည်း ရာသီဥတုက တစ်နှစ်ထက်တစ်နှစ် ပိုပူပြင်းလာတာကို သတိပြုမိသူဖြစ်ပါတယ်။
အိန္ဒိယမှာ ဒီနှစ်အပူပြင်းချိန်မှာ လျှပ်စစ်မီးက ၆ နှစ်အတွင်း အဆိုးဝါးဆုံး ပြတ်တောက်သွား တယ်လို့လည်း ပြောပါတယ်။ အိမ်ထောင်စု သုံးပုံနှစ်ပုံလောက် မီးပြတ်ပြီး ပါကစ္စတန်မှာ ၁၂ နာရီ မီးပြတ်တယ်လို့ ပြောပါတယ်။ တောင်အာရှမှာ အပူချိန်မြင့်တက်တာနဲ့အမျှ တောင်တန်းတွေက ရေခဲမြစ်တွေ အရည်ပျော်ဆင်းတဲ့အတွက် ပါကစ္စတန်မှာ လျှပ်တပြက် ရေကြီးရပါတယ်။ ရာသီဥတုပူပြင်းရင် ဖုန်နဲ့ အိုဇုန်းပိုများလာတာနဲ့အမျှ လေထုလည်းညစ် ညမ်းရပါတယ်။
ရာသီဥတုပြောင်းလဲတဲ့အတွက် ကမ္ဘာ့တချို့နေရာတွေမှာ လူတွေ နေလို့ထိုင်လို့ မရတော့ တဲ့ အနေအထားရောက်လာပါတယ်။ ဒီနှစ် စံချိန်တင်အောင် ပူပြင်းတဲ့ အိန္ဒိယနဲ့ ပါကစ္စတန် မှာ ပန်ကာနဲ့ လေအေးပေးစက်လည်ဖို့ ရုပ်ကြွင်းလောင်စာလောင်ကျွမ်းရာက ထွက်ရှိတဲ့ လျှပ်စစ်ကို သုံးကြပါတယ်။ အိန္ဒိယနိုင်ငံကသုံးနိုင်တဲ့ စွမ်းအင်စုစုပေါင်းရဲ့ ၇၅ % ဟာ ကျောက်မီးသွေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကရတာဖြစ်ပြီး ပါကစ္စတန်မှာ သုံးတဲ့ စွမ်းအင် ၆၀ % ကလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။
ရုပ်ကြွင်းလောင်စာတွေ လောင်ကျွမ်းလေလေ ကမ္ဘာကြီးကို ပူနွေးစေတဲ့ ကာဘွန်တွေ လေထုထဲ ပိုရောက်လာလာလေမို့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ကမ္ဘာ့နိုင်ငံတွေ ကြိုးပမ်းနေပေမယ့် တချို့နိုင်ငံတွေဟာ ရုပ်ကြွင်းလောင်စာကိုပဲ အားကိုးနေကြပါတယ်။