လာမယ့်နှစ်မှာ မြန်မာ့အရေး ထိရောက်တဲ့ရလဒ်အချို့ ရနိုင်တယ်လို့ လေ့လာသူတွေသုံးသပ်

2022.08.26
လာမယ့်နှစ်မှာ မြန်မာ့အရေး ထိရောက်တဲ့ရလဒ်အချို့ ရနိုင်တယ်လို့ လေ့လာသူတွေသုံးသပ် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်တွင် မြန်မာ့အရေး အာဆီယံအရေးပေါ်အစည်းအဝေး ကျင်းပစဉ်
Photo- AFP / Indonesian Presidential Palace

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် ၂၀၂၁ခုနှစ် ဧပြီလက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ကျင်းပတဲ့ မြန်မာ့အရေး ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ မှာ အကြမ်းဖက် တိုက်ခိုက်မှုအားလုံးကို ရပ်တန့်ဖို့ သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံး တွေ့ဆုံ ဆွေးနွေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ခွင့်ပြုဖို့ စတဲ့ အချက်တွေ ပါဝင်တဲ့ ဘုံသဘောတူညီချက် ငါးချက်ကို မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အာဆီယံခေါင်းဆောင်တွေ အကြားမှာ သဘောတူခဲ့ကြပါတယ်။

အခုလ အစောပိုင်းက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့မှာပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ညီလာခံမှာတော့ စစ်ခေါင်းဆောင်ဟာ ဒီ ဘုံသဘောတူညီချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူ လေးဦးကို သေဒဏ် စီရင်လိုက်တဲ့ လုပ်ရပ်တွေအတွက် အလွန်အမင်း စိတ်ပျက်မိကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က ပြောသွားပါတယ်။

“ကမ္ဘောဒီးယားနိုင်ငံနဲ့ အာဆီယံခေါင်းဆောင်အားလုံး မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်ကို စိတ်ပျက်မိပါတယ်။ အတိုက်အခံပါတီက လှုပ်ရှားသူတွေကို သေဒဏ်ပေး ကွပ်မျက် လိုက်ရင်၊ ငြိမ်းချမ်းရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံရေးအရ စေ့စပ် ညှိနှိုင်းရေး အတွက် ဘယ်လိုမှ အကျိုးမရှိနိုင်တဲ့အကြောင်း အာဆီယံခေါင်းဆောင်တွေနဲ့ ကျွန်တော်ကိုယ်တိုင် မေတ္တာရပ်ခံခဲ့တဲ့ကြားက အခုလို သေဒဏ်စီရင်လိုက်တာပါ။”

စစ်ခေါင်းဆောင်နဲ့ ရထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ဟာ တိုးတက်မှု လုံးဝမရှိတဲ့အပြင်၊ အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ဝင်ရောက်ခွင့်ပြုဖို့ အတွက်လည်း တိုးတက်မှု မရှိတဲ့အကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က ပြောသွားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းနဲ့ မြန်မာ့အရေး လေ့လာသုံးသပ်သူ မစ္စတာ စကော့မာစီရယ်က အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ဟာ အလုပ် မဖြစ်တဲ့အတွက်၊ ဒီ သဘောတူညီချက်တွေကို လိုက်နာဖို့ စစ်ခေါင်းဆောင်ကို တိုက်တွန်းနေတာတွေ ရပ်တန်းက ရပ်သင့်ပြီလို့ ဩဂုတ်လ ၃ ရက်နေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ပြောသွားပါတယ်။

နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံ ပြဿနာကိုဖြေရှင်းနိုင်ဖို့ အခြားနည်းလမ်းအသစ်တွေ ရှာဖွေကြဖို့လိုကြောင်းနဲ့ အာဆီယံအနေနဲ့ စစ်ခေါင်းဆောင်တွေကို အဆင့်မြင့် အစည်းအဝေး တွေ တက်ရောက်ခွင့်မပြုတဲ့ ဆုံးဖြတ်ချက်ကို ဆက်ထားပြီး ဖြစ်နိုင်ရင် မြန်မာနိုင်ငံကို အာဆီယံ အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းတဲ့ နည်းလမ်းကို စဉ်းစားဖို့ လိုတယ်လို့ မစ္စတာ စကော့ မာစီရယ်က ပြောသွားပါတယ်။

လာမယ့် နိုဝင်ဘာလမှာ လုပ်မယ့် အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်ခင် မြန်မာ့အရေး အတွက် တိုးတက်မှု ရှိမှဖြစ်မယ်လို့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဓဒူလာ ကေ သြဂုတ်လ ၃ ရက်နေ့က ဖနွမ်းပင်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

“အခုအချိန်ကနေ လာမယ့် အာဆီယံ ထိပ်သီးညီလာခံလုပ်တဲ့ အချိန်အတွင်းမှာ တိုးတက်မှု တစ်ခုခု ရှိကို ရှိမှ ဖြစ်ပါတယ်။ လာမယ့်နိုဝင်ဘာမှ ထိပ်သီးညီလာခံ လုပ်တဲ့ အချိန်အထိ တိုးတက်မှုမရှိရင်တော့ အာဆီယံ ခေါင်းဆောင်တွေဟာ ခက်ခဲတဲ့ မေးခွန်းတွေ မေးရတော့မှာ ဖြစ်ပါတယ်။”

တကယ်လို့ တိုးတက်မှု မရှိခဲ့ရင် မြန်မာနိုင်ငံကို အာဆီယံ အဖွဲ့ထဲကနေ ထုတ်ပယ်မှာလား ဆိုတာနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေက မေးမြန်းခဲ့ပေမယ့် မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက အတည်ပြု ပြောကြားခဲ့ခြင်း မရှိပါဘူး။

ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန် ခေါင်းဆောင်တဲ့ အာဆီယံရဲ့ မြန်မာ့အရေး ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေ မအောင်မြင်ပေမယ့် လာမယ့်နှစ်မှာ အင်ဒိုနီးရှားနိုင်ငံ အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူတဲ့ အချိန်မှာ ထိရောက်တဲ့ ရလဒ်တွေ ထွက်လာနိုင်တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေးဗစ် မက်သီဆင်က ပြောပါတယ်။

“၂၀၂၁ခုနှစ်က စစ်ခေါင်းဆောင်နဲ့ အာဆီယံအကြား သဘောတူညီချက် ရလိုက်တာကို နိုင်ငံတကာက လက်ခံလိုက်ကတည်းက မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ တကယ်က အာဆီယံဟာ မြန်မာနိုင်ငံအရေးကို ဖြေရှင်းဖို့ သင့်တော်တဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ဟာဆိုရင် စစ်ခေါင်းဆောင်နဲ့ လူကိုယ်တိုင် သွားတွေ့ပြီး အကောင်းပြောစရာမရှိတဲ့ အခြေအနေကို သတင်းကောင်း ဖြစ်အောင်လုပ်ဖို့ ကြိုးစားခဲ့တာပါ။ ဒီလို ခပ်နိမ့်နိမ့်စံနှုန်းနဲ့ ညှိနှိုင်းဖို့ ကြိုးစားတဲ့ သူကိုတောင်မှ စစ်ကောင်စီဘက်က ငြင်းဆန်ခဲ့ပါတယ်။ အခုဆိုရင် ကမ္ဘောဒီးယားရဲ့ အာဆီယံဥက္ကဋ္ဌ သက်တမ်းကုန်ဆုံးကာနီးချိန်မှာ ဘာအောင်မြင်မှုမှ မရသေးပါဘူး။ ရှေ့နှစ်မှာ အင်ဒိုနီးရှား နိုင်ငံက အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူတဲ့ အချိန်မှာတော့ ထိရောက်အားကောင်းတဲ့ ရလဒ်အချို့ ပေါ်ထွက်လာမယ်လို့ မျှော်လင့်လို့ ရပါတယ်။ စစ်ကောင်စီကို ပိုပြင်းထန်တဲ့ စကားလုံးတွေနဲ့ ကြေညာချက် ထုတ်တာ၊ နိုင်ငံတကာ အခမ်းအနားတွေကို မဖိတ်ကြားဘဲ ဖယ်ကျဉ်မှုတွေ ပိုလုပ်တာ၊ တော်လှန်ရေး အင်အားစုတွေကို အသိအမှတ်ပြုလာပြီး၊ အားပေးကူညီလာတာ စတဲ့ ခြေလှမ်းတွေ လုပ်လာဖို့ မျှော်လင့်လို့ ရပါတယ်။ ဒီ လုပ်ရပ်တွေ အားလုံးဟာ မြန်မာ့အရေးအတွက် လုပ်နိုင်သမျှ ဆက်လုပ်နေကြတယ်ဆိုတာ မြန်မာပြည်သူတွေကို သတင်းစကား ပေးပို့ရာ ရောက်ပါလိမ့်မယ်။ လာမယ့်နှစ်ဟာ အာဆီယံအနေနဲ့ ကျသွားတဲ့ သူ့ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆည်ဖို့ အခွင့်အရေးလည်း ဖြစ်ပါတယ်။”

လာမယ့်နှစ်မှာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် အာဆီယံ နိုင်ငံတွေကို လေ့လာသူတွေအဖြစ် ဖိတ်ကြားလာခဲ့ရင် အာဆီယံ နိုင်ငံတွေအကြား စိတ်ဝမ်းကွဲမှုတွေ ဆက်ကြုံရနိုင်ပြီး လေ့လာသူတွေ စေလွှတ်လိုက်ရင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုတဲ့ သဘော သက်ရောက်နိုင်တယ်လို့ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး ဌာန CSIS က နိုင်ငံတကာ အရေး လေ့လာသုံးသပ်သူ ဒေါက်တာ လင်ဒါ အလက်ဇန်ဒရာက သုံးသပ်ပါတယ်။

ဒါ့အပြင် အာဆီယံ အဖွဲ့ကြီးကို စတင်တည်ထောင်စဉ်ကတည်းက ရေးဆွဲပြဌာန်းထားတဲ့ ပဋိညာဉ် စာတမ်းမှာ အာဆီယံ စည်းမျဉ်းမူဘောင်တွေကို မလိုက်နာတဲ့ အဖွဲ့ဝင်နိုင်ငံကို အဖွဲ့ထဲကနေ ထုတ်ပယ်ဖို့ ခွင့်ပြုတဲ့ စာပုဒ်တစ်ခု ပါဝင်နေကြောင်း ထောက်ပြပြီး၊ လာမယ့်နှစ် အင်ဒိုနီးရှားနိုင်ငံ အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူတဲ့အခါ ဒီ ပြဒါန်းချက်ကို အကောင်အထည် ဖော်ဖို့ ကြိုးစားသင့်တယ်လို့ ဒေါက်တာ လင်ဒါ အလက်ဇန်ဒရာက သုံးသပ်သွားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။