ယာဉ်တိုက်မှုနဲ့သေဆုံးခဲ့တဲ့ မြန်မာကျောင်းသားအတွက် ငါးလကြာအထိ တရားမျှတမှု မရသေး
2025.03.19

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ ပုဂ္ဂလိကတက္ကသိုလ် Assumption ကျောင်းဝင်းမှာဖြစ်တဲ့ ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့ရတဲ့ အသက် ၂၃ နှစ်အရွယ် မြန်မာကျောင်းသား ကိုမင်းဘုန်းစစ်ရဲ့အမှုဟာ အခု ငါးလနီးပါးကြာမြင့်တဲ့အထိ တရားမျှတမှု မရသေးပါဘူး။
သူဟာ လမ်းစည်းကမ်းချိုးဖောက်မောင်းနှင်လာတဲ့ ထိုင်းနိုင်ငံသားရဲ့မော်တော်ယာဉ်နဲ့ တိုက်မိတာကြောင့် သေဆုံးခဲ့ရတာပါ။ အဲဒီထိုင်းနိုင်ငံသားကတော့ အခုအချိန်အထိ အရေးယူခံရခြင်း မရှိသေးပါဘူး။
အမှုအတွက် ကျောင်းဘက်က သူတို့လုပ်ဆောင်ပေးရမဲ့ တာဝန်တွေနဲ့ ပူးပေါင်းကူညီမှုတွေမှာ ပျက်ကွက်ခဲ့တဲ့အတွက် အရေးမယူနိုင်ဖြစ်နေတာကို ကိုမင်းဘုန်းစစ်ရဲ့ ညီဖြစ်သူ ကိုအောင်ဟိန်းသန့်က ဖေ့ဘွတ်စ်စာမျက်နှာကနေ ဖွင့်ဟခဲ့ပါတယ်။
ယာဉ်တိုက်မှုဖြစ်ဖြစ်ချင်းမှာ ကျောင်းရဲ့ လူနာတင်ယာဉ်ပျက်နေတယ်ဆိုပြီး သုံးခွင့်မရတာ၊ နာရေးကိစ္စမှာ ကျောင်းဘက်က အကူအညီမရတာ ၊ CCTV မှတ်တမ်းမပေးတာ စတာတွေကို ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် မတ်လ ၁၄ ရက်နေ့မှာတော့ ကျောင်းတာဝန်ရှိသူတွေက မိသားစုကို ခေါ်ယူဆွေးနွေးခဲ့တယ်လို့ ကိုအောင်ဟိန်းသန့်က ပြောပါတယ်။
“တခြားနိုင်ငံမှာ ရွှေ့ပြောင်းခိုလှုံနေရတဲ့ လူတစ်ယောက်အနေနဲ့ တကယ်ကို ဘာသာစကားအခက်အခဲကလည်း ရှိတဲ့အတွက် အခက်အခဲအများကြီးကို ရင်ဆိုင်ခဲ့ရတယ်။ မျှော်လင့်ခဲ့တာပေါ့နော် ဒီလိုမျိုး ခွဲခြားဆက်ဆံခံရမယ်လို့မထင်ခဲ့တဲ့အတွက် အားလုံးတန်းတူညီမျှ အခွင့်အရေးရမယ်လို့ ထင်မြင်ယူဆခဲ့တာပေါ့နော် အစကတော့။ တကယ်တမ်း ဒီလိုကြုံတွေ့လာတဲ့အခါမှာ ခွဲခြားဆက်ဆံခြင်းတွေရှိလာတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်။ အခု ဒီကိစ္စအရမ်းပျံ့နှံ့သွားတော့မှ ကျောင်းဘက်က action ယူဖို့စလုပ်တာဆိုတော့ အစတည်းကလုပ်ပေးခဲ့ရင် ပိုကောင်းမယ်လို့ ထင်မိတယ်”
ဒီကိစ္စမှာ တာဝန်ပျက်ကွက်ခဲ့သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ပြီးတော့ တရားမျှတမှု ရှာတဲ့နေရာမှာ ပူးပေါင်းပါဝင်ပေးဖို့ကျောင်းဘက်ကို တောင်းဆိုခဲ့တယ်လို့ ကိုအောင်ဟိန်းသန့်က ပြောပါတယ်။ လက်ရှိမှာ ထိုင်းရှေ့နေနဲ့ လိုအပ်တဲ့ သက်သေအထောက်ထားတွေနဲ့အတူ ရဲစခန်းမှာ အမှုဖွင့်ပြီး ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ကိုမင်းဘုန်းစစ်သေဆုံးမှုအတွက် ကျောင်းတာဝန်ရှိသူတွေရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး RFA က ASSUMPTION တက္ကသိုလ်ကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ဆက်နွှယ်သောသတင်းများ
ထိုင်းရွှေ့ပြောင်းလုပ်သားဆိုင်ရာညွှန်ကြားချက်သစ်က စစ်ကောင်စီထိန်းချုပ်ခွင့်ပိုရစေနိုင်
မြန်မာတစ်ဦးကို ထိုင်းစစ်တပ် နှိပ်စက်သတ်ဖြတ်မှု ထိုင်းရှေ့နေများကောင်စီ စစ်ဆေးမည်
ထိုင်းရောက် တရားဝင်မြန်မာရွှေ့ပြောင်းလုပ်သားတွေ အခွင့်အရေးချိုးဖောက်ခံနေရ
ထိုင်းနိုင်ငံ၊ ပသုံထနီခရိုင် သမတ်ဆက်တက္ကသိုလ်က မြန်မာကျောင်းသူ မဟယ်လင် ကတော့ ကျောင်းသားရဲ့ အသက်အန္တရာယ်ထိခိုက်ခဲ့ရတဲ့ကိစ္စကို ကျောင်းအာဏာပိုင်က အပြည့်အဝကာကွယ်မပေးတဲ့အပေါ် ဝေဖန် ကန့်ကွက်လိုက်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေကလည်း တိုင်းတပါးမှာ ရပ်တည်ရတဲ့ မြန်မာကျောင်းသားတွေအပေါ် ရိုက်ခတ်မှုရှိတယ်လို့ မဟယ်လင်က ဆိုပါတယ်။
“နိုင်ငံရေးကလည်း တကယ်ပါတယ်။ အခုက သူတို့က ဘယ်လို သိကြလဲဆိုတော့ နိုင်ငံရေးဒီလို ဖြစ်နေတာကြောင့် အကုန်လုံးက ဒီကို ပြောင်းလာတယ် ။ ဘာပဲ ဖြစ်နေပါစေ သူတို့က ဒီကို လာနေဦးမှာပဲ။ သူတို့ကို ပိုက်ဆံပေးနေဦးမှာပဲ ဆိုတဲ့ ယုံကြည်ချက်ပြောရမလား အဲလိုရှိတယ်။ သူတို့က ငါတို့ကိုပြန်တော်လှန်နိုင်စွမ်းမရှိဘူးဆိုတာမျိုးဖြစ်တယ်။ အဲဒါအပြင် ထိုင်းရဲ့ ဥပဒေမှာဆိုလည်း နိုင်ငံခြားသားကျောင်းသားတွေအတွက် ကာကွယ်ပေးထားတဲ့ ဥပဒေ မရှိဘူး။ ဗီဇာ ဥပဒေတွေလောက်ပဲရှိတယ်”
ထိုင်းစကားမပြောလို့၊ နိုင်ငံတကာ ကျောင်းသားဖြစ်နေလို့ လက်လွှတ်လိုက်ရတဲ့ အခွင့်အရေးတွေ အများကြီးရှိတယ်လို့လည်း မဟယ်လင်က ပြောပါတယ်။
ခုလို ပြည်ပရောက်မြန်မာကျောင်းသားတွေရဲ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အာမခံချက်မရှိတဲ့ အခြေအနေက စိုးရိမ်စရာဖြစ်တယ်လို့ ဘန်ကောက်မြို့ KMUTT နည်းပညာတက္ကသိုလ်က မြန်မာကျောင်းသား ကိုဒေးဗစ်က RFA ကို ပြောပါတယ်။
“ထိုင်းရောက် မြန်မာတွေအတွက်ရော မြန်မာနိုင်ငံအတွက်ရော လက်ခံလို့မရတဲ့ ကိစ္စပေါ့နော်။ အဲဒီလိုဖြစ်လာတဲ့ အချိန်မှာ ဘာကို ပိုစိုးရိမ်ရလဲဆိုတော့ နောက်ပိုင်းထပ်လာမယ် မြန်မာ ကျောင်းသားတွေအတွက် ဘယ်ကျောင်းက ပိုပြီး လုံခြုံလဲဆိုတာ မေးခွန်းထုတ်စရာရှိလာတယ်”
မတ်လ ၁၆ ရက်နေ့မှာတော့ Assumption တက္ကသိုလ်က မြန်မာကျောင်းသား သေဆုံးမှုအတွက် ဝမ်းနည်းကြောင်းနဲ့ သေဆုံးသူရဲ့ ညီဖြစ်သူ ကိုအောင်ဟိန်းသန့်ရဲ့ ၂၀၂၅ ပညာသင်နှစ်ဝက်စာအတွက် ပညာရေးစရိတ်ကို ထောက်ပံ့ပေးမယ့်အကြောင်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့် ကိုအောင်ဟိန်းသန့်ကတော့ ဒီကမ်းလှမ်းချက်ကို လက်မခံခဲ့ဘဲ အစ်ကိုဖြစ်သူအတွက် တရားမျှတမှုရရေးသာ မျှော်လင့်တယ်လို့ RFA ကို ပြောပါတယ်။