ထိုင်းရောက်မြန်မာအလုပ်သမား ၁၇ ဦး လစာမရဘဲ အလုပ်ထုတ်ခံရ
2024.01.09

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့က STW ကုန်ပစ္စည်းထုတ်ပိုးစက်ရုံတစ်ခုမှာ အလုပ်လုပ်တဲ့ မြန်မာအလုပ်သမား ၁၇ ဦး ဟာ အကြောင်းပြချက်မရှိဘဲ အလုပ်ရှင်ရဲ့ အလုပ်ထုတ်ခံခဲ့ရပါတယ်။ ဒီအလုပ်သမားတွေဟာ နှစ်နိုင်ငံ သဘောတူညီချက် MOU စာချုပ်နဲ့ ထိုင်းနိုင်ငံကို ထွက်လာခဲ့ကြတာဖြစ်ပြီး ပဲခူးတိုင်း နဲ့ မကွေးတိုင်းက ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံက Diamond Power ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုပြီး ၂ဝ၂၃ ဧပြီလမှာ ထိုင်းနိုင်ငံကို ရောက်လာခဲ့ကြတာပါ။
သူတို့တွေဟာ လုပ်အားခမရဘဲ အလုပ်ထုတ်ခံလိုက်ရတာဖြစ်သလို ဘိုင်ကျံ့အော်လို့ ခေါ်တဲ့ အလုပ်ပြောင်းစာလဲ မရှိတဲ့အတွက် နောက်ထပ်အလုပ်သစ်ရှာဖို့ အခက်အခဲဖြစ်နေတယ်လို့ အလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုသန်းတိုးအောင်က ပြောပါတယ်။
“ကျွန်တော်တို့ကို ဘိုင်ကျံ့အော်လဲ ထုတ်မပေးတဲ့အတွက် တခြားအလုပ်ပြောင်းဖို့ အဆင်မပြေဘူးပေါ့၊ လုပ်ငန်းခွင်မှာ လုပ်တဲ့ အလုပ်သမားချင်းအတူတူ သူဌေးပြောင်းခွင့်မရတော့ အနှိမ်ခံရတယ်ပေါ့”
Diamond Power ကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီး ထွက်လာတဲ့ အလုပ်သမား ၄၈ ယောက်ရှိတယ်လို့ ဆိုပါတယ်။ စာချုပ်ချုပ်ခဲ့စဉ်က ပင်လယ်စာစက်ရုံမှာ အလုပ်ရမယ်လို့ ပြောခဲ့ပေမဲ့ ထိုင်းနိုင်ငံထဲ ရောက်တဲ့အခါ အဲဒီစက်ရုံနဲ့ စာချုပ်ပျက်သွားတဲ့အတွက် အလုပ်သမားတွေက ပွဲစားကတစ်ဆင့် အလုပ်ရှာခဲ့ကြရတယ်လို့ ပြောပါတယ်။ အဲဒီထဲက သူတို့ ၁၇ ဦးက ကုန်ပစ္စည်းထုတ်ပိုးစက်ရုံမှာ အလုပ်လုပ်ကိုင်ကြတာပါ။
သူတို့တွေ ထိုင်းနိုင်ငံကို ရောက်ကတည်းက အလုပ်လွှဲစာ မရခဲ့သလို အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကို အကြောင်းကြားခဲ့ပေမဲ့လည်း အခုအချိန်အထိ ဘာမှ လုပ်ပေးတာမရှိဘူးလို့ နောက်ထပ်အလုပ်သမားတစ်ဦးဖြစ်တဲ့ မအေးအေးစိုး က ပြောပါတယ်။
“တက်လာပြီးနောက်ပိုင်း ငါးသေတ္တာစက်ရုံမှာအလုပ်သွားလုပ်ပေးပါဆိုလို့ သွားလုပ်ပေးလိုက်တယ် ဟိုရောက်တော့ အဆင်မပြေတော့ ပွဲစားက အဆက်အသွယ်ဖြတ်သွားတယ်။ သူတို့က ပြောင်းလာလို့ရတယ် ဘိုက်ကျံ့အော် ထုတ်ပေးထားတယ်ဆိုလို့ ဒီကိုပြောင်းလာတယ်။ ပြောင်းလာတော့ အဆက်အသွယ်ဖြတ်သွားတယ်။ သမီးတို့က ကိုယ့်ဘာသာကိုယ် ပွဲစားရှာပြီး အလုပ်လုပ်တော့ နှစ်လလောက်ကြာတော့ ဘိုင်ကျံ့အော်တောင်းတယ်။ အဲဒါနဲ့ ပွဲစားကို ဆက်သွယ်တော့ ဘိုင်ကျံ့အော်က သေသွားပြီတဲ့ ထုတ်လို့ မရဘူးတဲ့။ ဒါဆိုသမီးတို့ကို ဘတ်ရိုက်ပေးဆိုတော့ အေးတဲ့ မြန်မာပြည်က ပွဲစားနဲ့ ပြန်တိုင်ပင်လိုက်ပြီး ဆက်မယ်ဆိုပြီး အခုထိမဆက်ဘူး”
ဒီအလုပ်သမားတွေဟာ အလုပ်ရှင်ဆီက လစာ တစ်ဦးကို ဘတ် တစ်သောင်း နှစ်ထောင်စီ ရဖို့ရှိတယ်လို့ ဆိုပါတယ်။ သူတို့တွေကို အခုလို လုပ်အားခ မပေးတဲ့အတွက် အလုပ်ရှင်ကို အမှုဖွင့်တိုင်ကြားဖို့ ဘန်ကောက်မြို့အခြေစိုက် မြန်မာအလုပ်သမားများကူညီစောင့်ရှောက်ရေးအဖွဲ့ Worker assistance Group for Myanmar (WAG) အဖွဲ့ကို အကူအညီတောင်းခံခဲ့တာလို့ ကိုစောမိုးထက် ကလည်း ပြောပါတယ်။
“ ဒီ ဒီဇင်ဘာလ တစ်လစာလုံးပေါ့ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ လစာပေါ့ ၁၆ ရက်ကနေ လကုန်အထိက ရက်ပေါင်ကြေးပေါ့ အဲဒီတော့ ဒီရက်ပေါင်ကြေးရော လစာရော ဒီ ၂ ရက် ၃ ရက်နေ့မှာ ရှင်းပေးရမှာ မရှင်းပေးလို့ အခုလို တိုင်ရတာ”
WAG အဖွဲ့က ဒီအလုပ်သမားတွေအတွက် လုပ်အားခရဖို့အပြင် အလုပ်ပြောင်းစာပါရဖို့ အလုပ်ရှင်နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ WAG အဖွဲ့တာဝန်ခံ ကိုတူးလင်းက ပြောပါတယ်။
“ကျံ့အော်ထုတ်ပေးမယ်ဆိုပြီး လုံးဝထုတ်မပေးဘူး။ လက်ရှိ ဒီကလေးတွေက ကျံ့အော်သေသွားပြီ။ တချို့သူဌေးတွေဆို ကျံ့အော်မပါရင် လုံးဝမယူဘူး အဲဒီတော့ ဒီကလေးတွေက ဘတ်ရိုက်ရတဲ့အနေအထားရှိသွားတယ် စက်ရုံက ဘတ်ရိုက်ပေးတယ်ဆိုပေမယ့် တိတိကျကျ အမည်ထွက်ထားတာမရှိဘူး အဲဒီအတွက်ရော သူတို့လုပ်အားခ မရတာရော ကျွန်တော်တို့ ဆောင်ရွက်မှာဖြစ်ပါတယ် ”
ဒီအလုပ်သမားတွေအားလုံးဟာ ထိုင်းနိုင်ငံမှာ အလုပ်ရဖို့အတွက် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကို တစ်ဦးကို ကျပ်ငွေ ၃၂ သိန်းစီ ပေးခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောကြပါတယ်။
မိသားစုအတွက် ထိုင်းနိုင်ငံကို လာရောက် အလုပ်လုပ်ကိုင်တာဖြစ်ပေမယ့် အခုလို အခက်အခဲအမျိုးမျိုးကြုံရတဲ့အခါ စိတ်ဓာတ်ကျ အားငယ်ရကြောင်း ဒါပေမဲ့ ကိုယ့်နိုင်ငံပြန်ဖို့ကလည်း ပြန်လို့မရဖြစ်နေတယ်လို့ ကိုနေလင်းဦးက ပြောပါတယ်။
"ထိုင်းရောက်ရင် ပိုက်ဆံတွေအများကြီးရှာနိုင်မယ် အိမ်ကိုလဲ အများကြီးပေးနိုင်မယ် ဝယ်ချင်တာလဲ ဝယ်နိုင်မယ်ဆိုပြီး ထွက်လာခဲ့တာ။ အမှန်အတိုင်းပြောရရင် ဒီဘက်နိုင်ငံမှာလည်း ဆက်မနေချင်တော့ဘူး။ ကိုယ့်မြန်မာပြည်က နိုင်ငံရေးအခြေအနေရယ် ကိုယ်ဒီဘက်မှာဖြစ်နေတဲ့ ဒုက္ခနဲ့က ကိုယ်တက်လာတုန်းက ယူထားတဲ့ပိုက်ဆံတွေက မကျေဘူးဆိုတော့ ကျွန်တော်တို့က ပြန်ချင်နေတောင် ပြန်လို့မရတဲ့ အနေအထားတစ်ခုကို ရောက်နေတာပေါ့”
မြန်မာနိုင်ငံမှာ နိုင်ငံရေး စီးပွားရေးအခက်အခဲတွေကြောင့် ထိုင်းနိုင်ငံကို အလုပ်လာလုပ်ကြတဲ့ မြန်မာနိုင်ငံသား ခြောက်သန်းနီးပါး ရှိနေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောကြပါတယ်။ အဲဒီထဲမှာ MOU စာချုပ်နဲ့ ထွက်လာကြတဲ့ မြန်မာအလုပ်သမား သုံးသန်းကျော်ရှိနေပြီး အများစုဟာ စာချုပ်ချုပ်ဆိုစဉ်ကအတိုင်း အလုပ်မရကြဘဲ အခုလို ဒုက္ခရောက်ကြရသူတွေလည်း အများအပြားရှိနေတယ်လို့ ဆိုပါတယ်။
အခုလို အခက်အခဲတွေကြုံရပေမယ့်လည်း တနေ့တခြားဆိုးရွားလာနေတဲ့ စီးပွားရေးအကျပ်အတည်းကြောင့် မြန်မာနိုင်ငံသားတွေဟာ နေ့စဉ်လို ထိုင်းနိုင်ငံကို ထွက်ခွာနေကြဆဲဖြစ်ပါတယ်။