ထိုင်းရွေးကောက်ပွဲ အတိုက်အခံပါတီတွေအောင်ပွဲခံ
2023.05.15

မေလ ၁၄ ရက်နေ့က ပြုလုပ်သွားတဲ့ ထိုင်းရွေးကောက်ပွဲမှာ အတိုက်အခံပါတီနှစ်ခုက အာဏာရပါတီထက် ကိုယ်စားလှယ်အသာ သုံးဆနီးပါးနဲ့အနိုင်ရနေပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်ဘယ်သူဖြစ်လာမယ်ဆိုတာတော့ ယတိပြတ် မပြောနိုင်သေးပါဘူး။
အခုလိုရွေးကောက်ပွဲမှာ အတိုက်အခံပါတီတွေ အနိုင်ရလာတာဟာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ဆန္ဒများနဲ့ တိုက်ဆိုင်နေပေမဲ့ ထိုင်းနိုင်ငံရဲ့နိုင်ငံခြားရေးပေါ်လစီမှာတော့ အတိုက်အခံများအာဏာရပေမဲ့ အပြောင်းအလဲရှိဖို့ မမြင်ဘူးလို့ သုံးသပ်သူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ရွေးကောက်ပွဲမှာ အာဏာရပါတီ PPRP ပရမ်ပလန်ချွတ်နဲ့ ဝန်ကြီးချုပ်ပရာရွတ် ထပ်ဖွဲ့ခဲ့တဲ့ စစ်တပ် ကျောထောက်နောက်ခံပြု United Thai Nation Party ပါတီတွေဟာ အမတ်နေရာ ၄၁နဲ့ ၃၆ နေရာတွေပဲ ရရှိခဲ့ပြီး အတိုက်အခံပါတီဖြစ်တဲ့ Move Forward Party နဲ့ ဖွေထိုင်းပါတီတွေဟာ အမတ်နေရာ သုံးဆကျော်နဲ့ နိုင်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံရေးသုံးသပ်သူ ဦးအောင်သူငြိမ်းက ထူးခြားတယ်လို့ပြောပါတယ်
“Move Forward Party ကို လူငယ်တွေကလည်း သဘောကျကြတယ်။ ဝန်ကြီးချုပ်ဟောင်း တပ်ဆင်ရဲ့ ဖွေထိုင်းပါတီ ကျတော့ ဝါရင့်နိုင်ငံရေးသမားတွေပါပြီး အများစုက မဲပိုရမယ်လို့ ထင်ထားပေမဲ့ Move Forward Party က သူ့ထက်သာသွားပါတယ်။ ဒါထူးခြားချက်လို့ ပြောရမှာပါ။”
Move Forward Party ပါတီခေါင်းဆောင်အသက် ၄၂ နှစ် အရွယ် Pita Limjaroenrat ပီတ လင်ဂျာရွန်ရပ်က အပြောင်းအလွဲလုပ်ဖို့ လိုနေပါပြီမို့ ကျွန်တော်တို့ဒီနေ့ကစပြီး အလုပ်လုပ်ကြရပါမယ်၊ ကျွန်တော်တို့ရဲ့အိပ်မက်နဲ့ မျှော်လင့်ချက်ကတော့ ရိုးရိုးရှင်းရှင်းရှေ့ကို ချီဖို့ပါပဲလို့ သူ့ရဲ့တွစ်တာမှာ ရေးပါတယ်။
ဒါပေမဲ့ သူဝန်ကြီးချုပ်ဖြစ်ရေးကတော့ ၂ဝ၁၄ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရ အလိုကျရေးဆွဲထားတဲ့ ဖွဲစည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ကျော်ဖြတ်ဖို့ရှိနေပါတယ်။ ဒီအတွက် အာဏာရပါတီအပါအဝင် အနိုင်ရပါတီတွေနဲ့ အပေးအယူတွေ လုပ်ရဦးမှာပါ။
ဒီအခြေအနေအရ ထိုင်းအတိုက်အခံတွေ ရွေးကောက်ပွဲမှာ အောင်ပွဲခံနေချိန်မှာ ထိုင်းနိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသား အများစုကလည်း ဝမ်းမြောက်ဝမ်းသာနဲ့ မျှော်လင့်ချက်တွေထားရှိနေကြပါတယ်။
ဦးအောင်သူငြိမ်းအမြင်ကတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့နေရာတွေမှာတော့ ထိုင်းအနေနဲ့ တိုးတက်ဆောင်ရွက်လာနိုင်စရာရှိတယ်လို့သုံးသပ်ပါတယ်။
“နိုင်ငံခြားရေးရာကိစ္စတွေမှာ အပြောင်းအလွဲသိပ်ရှိလိမ့်မယ်လို့မမြင်ပါဘူး၊ လူ့အခွင့်အရေးတို့ တရားမျှတမှု အပိုင်းတွေမှာတော့ ပိုပြောလာနိုင်တယ်။ နောက်တစ်ခုက နယ်စပ်က ဒုက္ခသည်အရေးကိစ္စမျိုးမှာ သူတို့စခန်းတွေ တိုးချဲ့ဆောက်ပေးတာမျိုးတွေလည်း လုပ်နိုင်တယ်။ ဒါပေမဲ့ အတိုက်အခံတွေရဲ့လှုပ်ရှားမှုကိုထောက်ခံတာမျိုးကတော့ မြန်မာပြည်ထဲမှာလည်း သူ့အကျိုးစီးပွားတွေရှိနေလို့”
လက်ရှိမှာနိုင်ငံတိုင်းလိုလို ကိုယ့်တိုင်းပြည်အကျိုးစီးပွားကိုသာ ပထမဦးစားပေး စဉ်းစားကြတာဖြစ်ပါတယ်။
အတိုက်အခံ Move Forward Party ပါတီခေါင်းဆောင်ကတော့ မြန်မာနိုင်ငံက အကြမ်းဖက်မှုအဆုံးသတ်ဖို့ အာဆီယံဘုံ သဘောတူညီချက် ငါးရပ်ကို လိုက်နာဆောင်ရွက်မယ်လို့ သူ့လူမှုကွန်ရက်တွစ်တာမှာ ရေးထားပါတယ်။