ထိုင်းအနိုင်ရပါတီရဲ့ မြန်မာ့အရေးပြောဆိုချက်အပေါ်အမြင်များ

တင်အောင်ခိုင်
2023.05.16
ထိုင်းအနိုင်ရပါတီရဲ့ မြန်မာ့အရေးပြောဆိုချက်အပေါ်အမြင်များ ၂ဝ၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က Move Forward Party ပါတီ ခေါင်းဆောင် Pita Limjaroenrat ပီတ လင်ဂျာရွန်ရပ်နှင့် ပါတီထောက်ခံသူများအား ၂ဝ၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။
AFP

ထိုင်းနိုင်ငံရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ Move Forward Party ခေါင်းဆောင် Pita Limjaroenrat ပီတ လင်မ် ဂျရိုရတ် က မြန်မာနိုင်ငံအရေးကို အပြည်ပြည်ဆိုင်ရာနဲ့ ဝိုင်းဝန်းဆောင်ရွက်သွားမှာဖြစ်သလို အမေရိကန်နဲ့လက်တွဲပြီး အမေရိကန်ကထုတ်ပြန်တဲ့ Burma Act ကို အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။

ဒီပြောဆိုမှုတွေဟာ စစ်ကောင်စီဘက် ယိမ်းတယ်လို့ စွပ်စွဲခံနေရတဲ့ လက်ရှိအာဏာရယူထားတဲ့ ထိုင်းအစိုးရရဲ့ မူကွဲတဲ့ ချဉ်းကပ်မှုအဖြစ် သုံးသပ်သူတွေက ဆိုပါတယ်။

အာဆီယံနိုင်ငံတွေကြား မြန်မာနိုင်ငံပြဿနာနဲ့ပတ်သက်ပြီး အုပ်စုနှစ်စုကွဲနေရာမှာ မြန်မာပြည်သူတွေရဲ့ လိုလားချက်အပေါ် ပိုပြီးအာရုံထားတဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနဲ့ ဘရူနိုင်း နိုင်ငံတွေဘက်ကို ထိုင်းနိုင်ငံက အားဖြည့်လိုက်တဲ့ အသွင်ဆောင်နေပါတယ်။

ပီတ လင်မ် ဂျရိုရတ် က ရွေးကောက်ပွဲနိုင်ခဲ့တဲ့ မေလ ၁၄ ရက်နေ့ညကပဲ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး မေးမြန်းချက်ကို မဆိုင်းမတွ အဖြေပေးခဲ့တာပါ။

“အာဆီယံနိုင်ငံတွေရဲ့သဘောတူထားတဲ့ အချက်ငါးချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ ထိုင်းနိုင်ငံ လိုအပ်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ လူသားချင်းစာနာမှုအထောက်အပံ့အတွက် ယာယီအပစ်ရပ်စဲရေး ဇုန်တွေ ဖန်တီးပြီး ဆောင်ရွက်သွားမှာဖြစ်တယ်။ ဒီလိုဆောင်ရွက်ဖို့လည်း အတွေ့အကြုံတွေရှိပါတယ်” လို့ ပြောဆိုသွားသလို အမေရိကန်နိုင်ငံနဲ့ ပူးပေါင်းပြီး အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအတွက် ထုတ်ပြန်ထားတဲ့ Burma Act ကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပီတ လင်မ် ဂျရိုရတ်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ကြိုဆိုလိုက်ပါတယ်။

“အာဆီယံသဘောတူညီချက် ငါးချက်ကို အောင်မြင်အောင်လုပ်ဖို့ကိစ္စတွေ အမေရိကန်ရဲ့ Burma Act ကို အောင်မြင်အောင်လုပ်ဖို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပါဝင်ဆောင်ရွက်မှုဟာ အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ကလည်း ယူဆပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ အမေရိကန်နဲ့ပူးပေါင်းပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးမယ့် ကိစ္စတွေ နယ်စပ်ဖြတ်ကျော်ပေးဖို့ ပြောသွားတာမို့ ကြိုဆိုပါတယ်။ ဒါလည်းလိုအပ်တာဖြစ်ပါတယ်"

လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲအနိုင်ရတဲ့ Move Forward Party အနေနဲ့ မြန်မာနိုင်ငံကို အကူအညီပေးဖို့ ပြောဆိုပေမဲ့ အစိုးရတစ်ရပ်အနေနဲ့ ပီပီပြင်ပြင်ဖွဲ့နိုင်ဖို့ ကြိုးစားမှာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ်တစ်နေရာမှာ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီရေးရာ လှုပ်ရှားဆောင်ရွက်မှုအဖွဲ့က ဦးနိုင်အောင်ကတော့ ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံတွင်း အမြစ်တွယ်နေတဲ့ စစ်တပ်ရဲ့အခြေအနေကို ရင်ဆိုင်ဖြေရှင်းရဦးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ပတ်သက်လို့က သူတို့အစိုးရဖြစ်လာရင်တော့ ပြည်သူတွေကို ပိုစာနာနားလည်ပြီး အိမ်နီးနားချင်း နိုင်ငံကောင်းတစ်ခုအဖြစ် ရှိလာနိုင်ပေမဲ့ အဆောက်အအုံကြီး ခိုင်ခိုင်မာမာရှိနေတဲ့ စစ်တပ်ပေါ့နော်။ သူတို့ရဲ့ အကျိုးစီးပွားတွေ ချက်ချင်းအလုံးစုံ ဖယ်ရှားပြီး စိတ်တိုင်းကျ လုပ်ဖို့လည်းဖြစ်ချင်မှ ဖြစ်နိုင်မှာပါ။ နောက်တစ်ခုက အနိုင်ရပါတီခေါင်းဆောင်ရဲ့ ပြောကြားချက်မှာပဲ အာဆီယံမူဝါဒ ငါးချက်တို့၊ လူသားချင်းစာနာမှုအကူအညီတို့ကို အခြေခံပြီး ပြောနေလို့ မြန်မာပြည်နိုင်ငံရေးနဲ့ ပတ်သက်လို့ ဒီမိုကရေစီ ထောက်ခံနိုင်တယ်။ အတိုက်အခံတွေအပေါ် ပိုနားလည်နိုင်တယ်။ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုအနေနဲ့ သူ့နိုင်ငံက အကျပ်အတည်းတွေ ရှိနေတာကြောင့် ကျွန်တော်တို့ကို အရမ်းကြီး အကူအညီပေးနိုင်မယ်လို့တော့ မမျှော်လင့်ပါဘူး”

thailand.jpg
၂ဝ၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က Move Forward Party ပါတီ ခေါင်းဆောင် Pita Limjaroenrat ပီတ လင်ဂျာရွန်ရပ်နှင့် ပါတီထောက်ခံသူများအား ၂ဝ၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)

အခုလို ထိုင်းရွေးကောက်ပွဲမှာ အောင်နိုင်ခဲ့သူရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့သဘောထားကို သိရှိနိုင်ဖို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်လုပ်လို့မရတာကြောင့် စစ်တပ်အရာရှိဟောင်းများနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို ဆက်သွယ်တဲ့အခါ ပီတ လင်မ် ဂျရိုရတ် ဟာ ရွေးကောက်ပွဲနိုင်သူတစ်ဦးသာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာမလားဆိုတာ စောင့်ကြည့်ဖို့ လိုသေးတယ်လို့ပြောပါတယ်။

“လောလောဆယ် ကျွန်တော့်အမြင်က ထိုင်းရွေးကောက်ပွဲ အနိုင်ရသွားတယ်ဆိုပေမဲ့ အစိုးရမဖွဲ့ရသေးဘူးနော်။ အစိုးရဖွဲ့နိုင်တဲ့ Level တစ်ခုအထိစောင့်ကြည့်ရဦးမယ်။ အဲ့ဒါပြီးမှပဲ သုံးသပ်ချက်ပေးလို့ ရလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ခုလောလောဆယ် မျက်နှာသစ်တစ်ယောက်တက်လာတယ်။ သူပြောသွားတာတွေလည်း ကျွန်တော်တို့ ကြားပါတယ်၊ ဒါက အစိုးရမဖွဲ့ရသေးတဲ့အချိန်ဖြစ်တဲ့အတွက် အစိုးရဖွဲ့ပြီးမှ သူပြောတဲ့စကားကိုယူရမှာ။ ဒီတိုင်းကတော့ ပြောရရင် မဲဆန္ဒရှင်တွေ ကျေနပ်အောင်ကြိုပြောလိုက်တဲ့ စကားရပ်လို့ပဲ ကျွန်တော်ထင်တယ်။ တကယ့်အနှစ်သာရက သူတကယ်တမ်းအစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်ဖြစ်လာပြီဆိုရင် အဲ့ဒီတစ်ချက်တော့ စောင့်ကြည့်ရဦးမယ်”

NUG အမျိုးသားညီညွတ်ရေးအစိုးရကတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အဆက်အဆံမပျက် ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပြီး မြန်မာနိုင်ငံသားများစွာ ရှိနေတဲ့ ထိုင်းနိုင်ငံနဲ့ဆက်ဆံရေးတွေ ပိုမိုတိုးချဲ့သွားမယ်လို့ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။