ယာယီသက်သေခံလက်မှတ်တွေ ကိုင်ဆောင်သူတွေ အကြောင်းတင်ပြချက်
2015.02.14
ယာယီသက်သေခံလက်မှတ်တွေကို ပြန်အပ်ဖို့ နဲ့ ဥပဒေနဲ့အညီ နိုင်ငံသားစီစစ်ခံဖို့ နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ယာယီသက်သေခံလက်မှတ်တွေအများဆုံးရှိနေတဲ့ ရခိုင်ပြည်နယ်မှာတော့ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တယ်လို့ ယာယီသက်သေခံလက်မှတ်တွေ ကိုင်ဆောင်ကြတဲ့ မွတ်ဆလင် ဘာသာရေးခေါင်းဆောင် တွေနဲ့ လူကြီးတွေက ပြောပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ဝေယံမိုးမြင့် က စုစည်းတင်ပြထားပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက မြန်မာနိုင်ငံမှာ ဝှိုက်ကဒ်လို့ခေါ်တဲ့ အဖြူရောင်ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူစုစုပေါင်း ၅၉၀၀၀၀(ငါးသိန်းကိုးသောင်း) လောက်ရှိပြီး အဲ့ဒီ အထဲက ၄၀၀၀၀၀(လေးသိန်း)ကျော်ဟာ ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ မွတ်ဆလင်တွေဖြစ်တယ် လို့ ပြောပါတယ်။
နိုင်ငံတော်သမ္မတက ယာယီသက်သေခံလက်မှတ်တွေဟာ လာမယ့် မတ်လ ၃၁ ရက်နေ့သက်တမ်း ကုန်မှာဖြစ်ပြီး မေလ ၃၁ ရက်နေ့နောက်ဆုံးထား အပ်နှံကြ ဖို့အမိန့် ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်မှာ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူ ၄သိန်းလောက်ရှိတာကြောင့် ရှုပ်ထွေးလာနိုင်တယ်လို့ မွတ်ဆလင်ဘာသာရေး ခေါင်းဆောင်တွေက ယူဆကြပါတယ်။
နိုင်ငံတော်သမ္မတရဲ့ အမိန့်ကြေငြာချက်ကို လေးစားလိုက်နာရမှာဖြစ်ပေမယ့် သက်သေခံလက်မှတ် တွေကို ပြန်လည်အပ်နှံပြီးတဲ့နောက်ပိုင်းမှာ အထောက် အထားမဲ့သူတွေဖြစ်သွားမှာကို စိုးရိမ်မိကြောင်းစစ်တွေမြို့နယ်အတွင်းက အမည်မဖော်လိုတဲ့ မွတ်ဆလင်ဘာသာရေးခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
"ကျနော်တို့ ဒီနိုင်ငံမှာနေတယ်ဆိုရင်တော့ နိုင်ငံတော်သမ္မတရဲ့အမိန့်အာဏာကိုလေးစားရမှာ ဒါပေမယ့် ဝှိုက်ကဒ်ကိုရွေးပြီးတော့ အစကနေပြီးတော့ ဘယ်လိုပုံစံကဒ်တွေထုတ်ပေးမယ်ဆိုတာ ကျနော်တို့မသိရသေးဘူး၊ ဝှိုက်ကဒ်ကအပ်နှံရပြီ၊ ကျနော်တို့လူတွေအများအားဖြင့် အထောက်အထားမဲ့သွား မှာပါ၊ ကျနော်တို့လူမျိုးတွေ အနာဂတ်အတွက် တော်တော်အခက်အခဲရှိပါတယ်လို့ ကျနော်တို့ မြင်ပါတယ် "
မွတ်ဆလင်အများစုဟာ နိုင်ငံသားနဲ့ပတ်သက်တဲ့ အထောက်အထားတွေ နည်းပါးတဲ့အတွက်ယာယီသက်သေခံလက်မှတ်တွေကို ပြန်လည်အပ်နှံပြီး တဲ့နောက်ပိုင်းမှာ သူတို့ရဲ့အနာဂတ်အတွက် အာမခံချက်ရှိတဲ့ အထောက်အထားတစ်ခုခုထုတ်ပေးစေလိုကြောင်းလည်း သူကပြောပါတယ်။
" ကျနော်တို့လူမျိုးတွေကနေပြီးတော့ အထောက်အထားတွေရတာတော်တော်ပဲနည်းပါတယ်၊ ၁၉၈၉ ခုနှစ်ကနေစမယ်ဆိုရင် နှစ်ပေါင်း ၃၀ ကျော်သွား ပါပြီ၊ တချို့တလေလက်ကိုင်ထားတဲ့ဟာက ၂၀၁၂ ပဋိပက္ခကနေပြီးတော့ ဆုံးရှုံးခဲ့ရတာတွေအများကြီးရှိတယ်၊ ဒါကြောင့်ကျနော်တို့လူတွေကို စီစစ်ပြီး တော့ဝှိုက်ကဒ်နေရာမှာ တခုခုလဲပေးလိုက်တယ်ဆိုရင်တော့ ကျနော်တို့လူတွေအခက်အခဲမရှိဘူးလို့ ကျနော်ယူဆပါတယ်"
အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ ၃ ခေါက်ချိုးလို့ခေါ်တဲ့ အမျိုးသားနိုင်ငံရေးမှတ်ပုံတင်ကဒ်တွေကို လွန် ခဲ့တဲ့ ၁၉၅၅ နှစ်လောက်မှာ ထုတ်ပေးခဲ့တာပါ။
၁၉၉၅ ခုနှစ် ဝန်းကျင်ကာလလောက်မှာ အဲ့ဒီ ၃ ခေါက်ချိုးအမျိုးသား မှတ်ပုံတင်ကဒ်နေရာမှာ ဝှိုက်ကဒ် လို့ခေါ်တဲ့ အဖြူရောင်ယာယီသက်သေခံလက်မှတ်တွေ ကို အစားထိုးထုတ်ပေးခဲ့ပြီး အဲ့ဒီနောက်ပိုင်း အထောက်အထားနဲ့ ပြန်လည်လျှောက်ထားလာသူတွေကို အဲ့ဒီ၃ခေါက်ချိုးကဒ်တွေကို နောက်ထပ် တစ်ဖန် ပြန်လည်ထုတ်ပေးခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာနေထိုင်တဲ့ မူဆလင်တွေထဲမှာ မိဘဖြစ်သူတွေက နိုင်ငံသားအဖြစ် တရားဝင် အသိအမှတ်ပြုတဲ့ ပန်းရောင်နိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေဖြစ်နေပေမယ့် သားသမီးတွေ ကျတော့နိုင်ငံသားအဖြစ်အသိအမှတ်မပြုတဲ့ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူတွေ အများအပြားရှိပါတယ်။
ဒါ့အပြင် မိဘဖြစ်သူက နိုင်ငံသားအဖြစ်အသိအမှတ်မပြုရသေးတဲ့ ယာယီသက်သေခံလက်မှတ်ကိုင် ဆောင်ထားသူတွေဖြစ်ပေမယ့် သားသမီးတွေ မှာတော့ နိုင်ငံသားအဖြစ်အသိအမှတ်ပြုထားတဲ့ ပန်းရောင်နိုင်ငံသားကဒ်တွေ ကိုင်ဆောင်ထားကြတာတွေလည်း အများအပြားရှိနေတာပါ။
အစိုးရက ရခိုင်ပြည်နယ်အတွင်း အဲ့ဒီယာယီသက်သေခံလက်မှတ်တွေကို လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ် လောက်စတင်ထုတ်ပေးခဲ့တာဖြစ်ပြီး ၂၀၀၈ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကာလတွေမှာတော့ စစ်တွေမြို့နယ်မှာရှိတဲ့ မွတ်ဆလင်လူဦးရေ ၉၀ ရာခိုင်နှုန်းလောက်အထိ တိုးမြှင့်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် အခုဆိုရင် အဲဒီယာယီသက်သေခံလက်မှတ်တွေရဲ့ သက်တမ်းဟာ ၅ နှစ်ကနေ နှစ်ပေါင်း ၁၀ ကျော်အထိ သက်တမ်းကြာမြင့်ခဲ့ပြီလည်းဖြစ်ပါတယ်။
အစိုးရအနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေးကာလမတိုင်မီ ၂ လလောက်အလိုမှာ မဲပေးသူတိုင်းနိုင်ငံသားဖြစ်တယ်၊နိုင်ငံသားဖြစ်သူတိုင်း မဲပေးခွင့်ရှိတယ်ဆိုပြီး ယာယီသက်သေခံလက်မှတ်တွေကို အများအပြား ထုတ်ပေးခဲ့တာကြောင့် မူဆလင် ၉၈ ရာခိုင်နှုန်းလောက်က ၂၀၀၈ဖွဲ့စည်းပုံ ကို ထောက်ခံမဲပေးခဲ့ကြတယ်လို့မွတ်ဆလင်ဘာသာရေးခေါင်းဆောင်တွေကပြောပါတယ်။
၂၀၀၈ခုနှစ်နဲ့ ၂၀၁၀ခုနှစ်တွေမှာ နိုင်ငံသားအဖြစ် ဆန္ဒမဲပေးပိုင်ခွင့်ရရှိခဲ့တဲ့အတွက် ယာယီသက်သေခံ လက်မှတ်တွေကို ပြန်လည်နှံပြီးတဲ့နောက်ပိုင်း မှာလည်း နိုင်ငံသားလက်မှတ်တွေ ထုတ်ပေးစေလို ကြောင်း မွတ်ဆလင်လူကြီးတစ်ဦးက ပြောပါတယ်။
"အဓိက ကျနော်တို့ မြန်မာနိုင်ငံမှာ ယာယီသက်သေခံလက်မှတ်နဲ့ ကျနော်တို့ရခိုင်ပြည်နယ် တစ်ခု တည်းမဟုတ်ဘူး၊ တခြားတိုင်းနဲ့ ပြည်နယ်မှာလဲ ယာယီသက်သေခံလက်မှတ်ကိုင် ဆောင်ထားတာ ရှိတယ်၊ ယာယီသက်သေခံလက်မှတ်သိမ်းဆည်းပြီးတော့ နောက်ကဒ်ပြားတစ်ခု ဥပမာ ရသင့်ရထိုက် တဲ့ကဒ်ပြား၊ နိုင်ငံသားစီစစ်ရေးကဒ်ပြားနဲ့ လဲလှယ်မယ်ဆိုရင်အဆင်ပြေသွားမယ်၊ အဲ့လိုမှမဟုတ်ရင် လူ့အခွင့်အရေးတွေဆုံးရှုံးသွားတယ်လို့ယူဆတယ် "
ရခိုင်ပြည်နယ်အတွင်းက မူဆလင်တွေအပေါ် အစိုးရရဲ့ နိုင်ငံသားစီစစ်ရေးလုပ်ငန်းတွေဟာ ဘင်္ဂါလီနဲ့ ရိုဟင်ဂျာပြဿနာတွေကြောင့် စီမံချက်တွေမအောင်မြင် ဘဲ လမ်းတစ်ဝက်မှာ ရပ်တန့်သွားလေ့ရှိပါတယ်။
အခုနိုင်ငံတော်သမ္မတရဲ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်တွေအနေနဲ့ သက်တမ်းကုန်ဆုံးတဲ့ ယာယီသက်သေခံလက်မှတ်တွေ ကို ပြန်လည်အပ်နှံနိုင်ပေမယ့် ဥပဒေအရ နိုင်ငံသားအဖြစ် စီစစ်ခံရမယ်ဆိုတဲ့ အချက်မှာတော့ ရိုဟင်ဂျာလူမျိုးထည့်သွင်းရေးပြဿနာကြောင့်အခက် အခဲတွေရှိလာမှာဖြစ်တယ်လို့ မွတ်ဆလင်ခေါင်းဆောင်တွေက ပြောပါတယ်ရှင်။