ဖမ်းဆီးခံ ဆွစ်ဇာလန်နိုင်ငံသားကိစ္စ ကြိုးစားဆောင်ရွက်နေကြောင်း ဆွစ်သံရုံးအတည်ပြု

RFA Burmese
2023.08.21
ဖမ်းဆီးခံ ဆွစ်ဇာလန်နိုင်ငံသားကိစ္စ ကြိုးစားဆောင်ရွက်နေကြောင်း ဆွစ်သံရုံးအတည်ပြု ဘာမှ မမျှော်လင့်ပါနဲ့ (Don’t expect anything!)” အမည်ရှိ ဇာတ်လမ်းမှ သရုပ်ဆောင်များကို ဖမ်းဆီးရမိပုံအား စစ်ကောင်စီမှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့စဉ်။
Myanmar Military

ဗုဒ္ဓသာသနာကို ညှိုးနွမ်းစေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ ဆွစ်ဇာလန်နိုင်ငံသား ရုပ်သံရိုက်ကူးသူ မစ္စတာ ဒီဒီးယား နုစ်ဘောမား (Didier Nusbaumer) ကိစ္စ ရှင်းလင်းချက်ရဖို့ မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေကြောင်း ရန်ကုန်ရှိ ဆွစ်ဇာလန်သံရုံးက RFA ကို ဩဂုတ်လ ၂၁ ရက် ဒီနေ့ အတည်ပြုပြောဆိုပါတယ်။

"ဘာမှ မမျှော်လင့်ပါနဲ့" (Don’t Expect Anything) လို့ အမည်ပေးထားတဲ့ ဓမ္မပညာပေး ဇာတ်လမ်း ရိုက်ကူးသူ မန္တလေးမြို့ ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက ဆွစ်ဇာလန်နိုင်ငံသား ဒီဒီးယား နုစ်ဘောမား (Didier Nusbaumer) နဲ့ အသက် ၁၂ နှစ် အရွယ် မယွန်းအိခင် အပါအဝင် ဒီဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ၁၄ ဦးကို ဩဂုတ်လ ၇ ရက်ညမှာ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ဝင် ဗိုလ်ကြီး ထက်နိုင်ကျော်က ဖမ်းဆီးခဲ့တာပါ။

ဒီလိုဖမ်းဆီးထားတာ မှန်ကန်ကြောင်း စစ်ကောင်စီသတင်းစာတွေကလည်း ဩဂုတ်လ ၁၈ ရက်နေ့မှာ ရေးသားဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးကို RFA က အီးမေလ်ကတစ်ဆင့် စာရေးမေးမြန်းတဲ့အခါ သံရုံးမီဒီယာတာဝန်ခံ Andreas Heller က ဒီကိစ္စကို သိရှိပြီး ရှင်းလင်းချက်ရဖို့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ဆက်သွယ် ဆောင်ရွက်နေကြောင်း ပြန်လည်ဖြေကြားပါတယ်။

မန္တလေးမြို့ ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ ပရဟိတအဖွဲ့ ကလည်း မစ္စတာ ဒီဒီးယား နုစ်ဘောမား (Didier Nusbaumer) ဟာ ဗုဒ္ဓဘာသာကို အမှန်တကယ် သက်ဝင်ယုံကြည်သူဖြစ်ပြီး သာသနာကို စော်ကားလိုစိတ်မရှိတာကြောင့် သူအပါအဝင် ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီနဲ့ သံဃာ့မဟာနာယကအဖွဲ့ကို ဩဂုတ်လ ၁၅ ရက်နေ့က စာရေးတောင်းဆိုထားပါတယ်။

ဒီဒီးယား နုစ်ဘောမား ဟာ ဖောင်တော်ဦး ဘုန်းကြီးကျောင်းမှာ ကိုယ်တိုင် ရဟန်းဝတ်ခဲ့ဖူးသလို၊ လက်ရှိမှာ ရှင်ရသေ့က္ကသိဓမ္မ အဖြစ် ဓမ္မပညာပေးဇာတ်လမ်တွေ ရိုက်ကူးနေသူလို့ ဆိုပါတယ်။ "ဘာမှ မမျှော်လင့်ပါနဲ့" ဇာတ်လမ်းမှာ ပါဝင်ခဲ့သူတွေဟာလည်း မန္တလေးမြို့ ဖောင်တော်ဦးပရဟိတအဖွဲ့ ဘုန်းတော်ကြီးသင်ပညာရေး တွဲဘက်အထက်တန်းကျောင်းက ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မန္တလေးမြို့ ဖောင်တော်ဦးပရဟိတကျောင်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ သံဃာတော်အားလုံး ဝမ်းနည်းစိတ်ထိခိုက်နေလို့ တစ်စုံတစ်ရာ မဖြေကြားနိုင်ကြောင်း သံဃာတော်တစ်ပါးက မိန့်ပါတယ်။

ဒီဇာတ်လမ်းကို ကြည့်ရှုထားတဲ့ အမည်မဖော်လိုသူ မန္တလေးမြို့ခံတစ်ဦးကတော့ ဗုဒ္ဓဘာသာကို ဝေဖန်ထောက်ပြလို့ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရတာမျိုးတွေဟာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

"ဗုဒ္ဓရဲ့ လမ်းညွှန်ထားတဲ့ လမ်းစဉ်တွေအတိုင်းပဲ လိုက်နာပြီးတော့ ကျင့်သုံးနေထိုင်ဖို့ ဆိုတဲ့ဟာကို သူက အဓိက အဲဒါကို ထောက်ပြထားတာ။ ကလေးမလေးက ဘုန်းကြီးကျောင်း ဆွမ်းသွားပို့တယ်၊ သံဃာကို ပြောတဲ့ဆိုတဲ့ စကားလုံးတွေပေါ့နော်၊ အဲဒါက တကယ့်တကယ်တော့ ဇာတ်လမ်းသဘောအရ ထည့်ရိုက်ထားတဲ့ အနေအထားပေါ့၊ အဲဒါလေးကိုပဲ ကွက်ယူပြီးတော့မှ ဗုဒ္ဓဘာသာကို ညှိုးနွမ်းစေတယ် ဆိုတဲ့ သာသနာညှိုးနွမ်းစေတယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်တာပဲ။ မဖြစ်သင့်ဘူးလို့ အစ်ကိုတို့က မြင်တာပေါ့ကွာ"

မစ္စတာ ဒီဒီးယား နုစ်ဘောမားဟာ "ဘာမှ မမျှော်လင့်ပါနဲ့" ဇာတ်လမ်းကို ဇူလိုင် ၂၄ ရက်နေ့က isi Dhamma Youtube Channel နဲ့ Tiktok ဆိုရှယ်မီဒီယာတို့မှာ လွှင့်တင်ခဲ့တာပါ။

အဲဒီ ဓမ္မဇာတ်လမ်းမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ အသက် ၁၂ နှစ်အရွယ် မယွန်းအိခင်က သံဃာတော်တွေအနေနဲ့ လူသားတွေကပ်လှူတဲ့ဆွမ်းကို နေ့စဉ် ဘုန်းပေးပြီး ကျင့်ဝတ်နဲ့အညီမနေထိုင်တဲ့အပေါ် ခပ်ကြမ်းကြမ်းစကားလုံးတွေနဲ့ ဝေဖန်ပြောဆိုထားပါတယ်။ သူဟာ လက်ရှိဘဝမှာ လူဝင်စားတစ်ဦးဖြစ်ပြီး အရင်ဘဝက တရားကျင့်တဲ့ ရသေ့တစ်ပါးဖြစ်ကြောင်း၊ သူနဲ့အိမ်နီးချင်း မိန်းကလေးငယ်ကလည်း အရင်ဘဝက သက်ကြီးဝါကြီးရဟန်းတစ်ပါးဖြစ်ကြောင်း ဒါရိုက်တာက ပုံဖော်ရိုက်ကူးထားပါတယ်။ ဘုရားစေတီတွေတည်ထားပြီး ဗုဒ္ဓရဲ့ ဓမ္မနဲ့အညီမနေထိုင်ရင် အဓိပ္ပာယ်မဲ့ကြောင်းနဲ့ မိသားစုကြားမှာဖြစ်စေ၊ လူ့အသိုက်အဝန်းမှာဖြစ်စေ ဗုဒ္ဓရဲ့ဓမ္မနဲ့အညီ ကျင့်ကြံနေထိုင်ဖို့ ပညာပေး ရိုက်ကူးထားတာပါ။ ဒါပေမဲ့ မိန်းကလေးငယ်ရဲ့ ရဲရင့်မာကြောတဲ့ အပြောအဆိုတွေအပေါ် ပြည်သူတချို့ကလည်း ထောက်ပြဝေဖန်ကြပါတယ်။

ရခိုင်ရဟန်းတော်များအဖွဲ့ရဲ့ အတွင်းရေးမှူး အရှင် သဘာဝနဒီကတော့ ဘာသာရေး ဆိုတာ ထိရှလွယ်တာကြောင့် အထင်မြင်လွဲမှားစေမယ့် ရိုက်ကူးတင်ပြချက်မျိုးကို ရှောင်ရှားတာ အကောင်းဆုံးလို့ မိန့်ပါတယ်။

"ဘာသာရေး လေးခုလုံးပေါ့၊ တစ်ဘာသာနဲ့ တစ်ဘာသာလေ။ ငြိမ်းချမ်းရေးကို ထိခိုက်နစ်နာစေတယ်လေ။ ဘာသာရေးပဋိပက္ခဆိုတာက အရမ်းထိရှလွယ်တယ်လေဗျာ။ လူတွေရဲ့ ယုံကြည်ကိုးစားမှုကိုး။ အဲဒါတွေကတော့ အတတ်နိုင်ဆုံး ရှောင်ရှားတာ အကောင်းဆုံးပဲပေါ့၊ လူတိုင်းလူတိုင်းပေါ့နော်။ ထိရှလွယ်တယ်။ မြန်မာနိုင်ငံမှာက လူမျိုးရေး အဓိကရုဏ်းလို့ ပြောရမလား၊ ဘာသာရေး အဓိကရုဏ်းလို့ ပြောရမလား၊ အဓိကကတော့ နိုင်ငံရေး ကစားကွက်တစ်ခုလို ဖြစ်လာတယ်၊ ဒီဘာသာတရားကလေ မြန်မာနိုင်ငံမှာ"

ဘာသာဝင်တိုင်းက သူတို့ဘာသာကို စော်ကားရင် တုံ့ပြန်မှာဖြစ်သလို ရုပ်သံရိုက်ကူးသူတွေ ကလည်း နိုင်ငံတစ်နိုင်ငံရဲ့ တည်ဆဲဥပဒေတွေကို လိုက်နာဖို့ လိုအပ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။

"ဘာမှ မမျှော်လင့်ပါနဲ့" (Don’t Expect Anything) လို့ အမည်ပေးထားသည့်ဇာတ်လမ်းမှ ဇာတ်ဝင်ခန်းတစ်ခန်းကို တွေ့ရစဉ်။ (Screenshot: isi Dhamma - YouTube)
"ဘာမှ မမျှော်လင့်ပါနဲ့" (Don’t Expect Anything) လို့ အမည်ပေးထားသည့်ဇာတ်လမ်းမှ ဇာတ်ဝင်ခန်းတစ်ခန်းကို တွေ့ရစဉ်။ (Screenshot: isi Dhamma - YouTube)

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်း ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဒီအကြောင်းကို သူမသိသေးဘူးလို့ ပြောပါတယ်။

သာသနာရေးဝန်ကြီးဌာနကပဲ နောက်ထပ် ဝန်ထမ်းတစ်ဦးကတော့ ဒီကိစ္စ သူသတင်း ကြားရပေမယ့် ဖမ်းဆီးထားသူတွေကို ဘယ်ပုဒ်မနဲ့ အရေးယူမယ်ဆိုတာ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

"အဲဒါတွေကတော့ အသေးစိတ်တော့ မဆုံးဖြတ်ရသေးဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ကတော့ ဒီက အောက်ခြေလောက်ပဲ သိတာဆိုတော့၊ အဲဒီ သတင်း အချက်အလက်အထိက သူတို့က လုပ်ဆဲဆိုတော့ ဘယ်ပုဒ်မတွေလည်း ကျွန်တော်တို့ ကတော့ မသိသေးဘူး။ ထုတ်ပြန်ချက်တော့ တွေ့မှာပါ၊ အရေးယူမယ့် အကြောင်းတော့ ပါတာပေါ့။ လုပ်ဆောင်ဆဲပဲ ထင်ပါတယ်ဗျ"

ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း၊ မန္တလေးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးနဲ့ မန္တလေးတိုင်း သံဃမဟာနာယက အဖွဲ့တို့ကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

"ဘာမှမမျှော်လင့်ပါနဲ့” ဇာတ်လမ်းကို သာသနာတော် ညှိုးနွမ်းစေတယ်လို့ ယူဆပြီး စွပ်စွဲထားပေမယ့် အချက်အလက်အခိုင်အမာနဲ့ ထောက်ပြနိုင်ရင်တော့ ပြန်လည်ချေပပြီး လွတ်မြောက်နိုင်တယ်လို့ ဝါရင့် တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောပါတယ်။

"ရဟန်းသံဃာတော်တွေ၊ ဘာသာဝင်တွေက ဒီဘာသာရဲ့ တကယ့်ဓမ္မဒေသနာတွေ၊ အဆုံးအမတွေကို ဆန့်ကျင်နေလို့ ထောက်ပြဝေဖန်တာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်တာပေါ့။ အဲဒီလို သူတို့ဘက်ကနေ အချက်အလက် အခိုင်အမာနဲ့ ချေပနိုင်မယ် ဆိုရင်တော့ စွဲဆိုထားတဲ့ ပြစ်မှုကို ချေပနိုင်ခြေ ရှိပါတယ်။ ဒါကြောင့် နှစ်ဘက်လုံးမှာ ဘယ်သူ့ဘက်က ဘယ်သူမှန်ကန်တယ်လို့ ပြောဖို့က နည်းနည်းခဲယဉ်းသေးတယ်"

တည်ဆဲဥပဒေအရဆိုရင်တော့ အဖမ်းခံထားရသူတွေကို စစ်ကောင်စီက နှစ်နှစ် ချမှတ်နိုင်တဲ့ ထောင်ဒဏ်၊ ငွေဒဏ် ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်တဲ့ သာသနာညှိုးနွမ်းစေမှု ရာဇသတ်ကြီးပုဒ်မ-၂၉၅ (က) နဲ့ တရားစွဲနိုင်တယ်လို့ သူက ပြောပါတယ်။ အဲဒီပုဒ်မဟာ တမင် မသမာတဲ့ အကြံအစည်နဲ့ စကား၊ စာ၊ ရုပ်ပုံတွေသုံးပြီး ကိုးကွယ်ရာဘာသာနဲ့ ယုံကြည်မှုကို စော်ကားရင် ဒါမှမဟုတ် စော်ကားဖို့ အားထုတ်ရင် စွဲဆိုနိုင်တဲ့ ဥပဒေပုဒ်မ ဖြစ်ပါတယ်။

"စစ်တပ်ထောက်ခံတဲ့ အင်အားစုအကြားမှာ၊ စစ်တပ်အကြားမှာ အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်တယ်ဆိုတဲ့အမြင်မျိုးကို ရစေချင်တာပါတယ်ပေါ့နော်"

မြန်မာစစ်တပ်ဟာ အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်နေတယ်ဆိုတာကို လူထုကြားမှာ ပုံဖော်ချင်တဲ့အတွက် အခုလို အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုတွေကို လုပ်ပြတာလို့ နိုင်ငံရေးစာပေရေးသားသူ ကိုမင်းသေ့က ပြောပါတယ်။

"စစ်တပ်က စစ်ခေါင်းဆောင်တွေဟာ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်နေတာ ဖြစ်တယ်၊ မြန်မာနိုင်ငံမှာ ရှိသင့်တယ်ဆိုတာမျိုးရအောင် သူတို့ အစဉ်တစိုက် လုပ်ခဲ့တယ်။ အခုမှ မဟုတ်ပါဘူး။ အာဏာသိမ်းမှုမတိုင်ခင်ကကတည်းက သူတို့ အဲဒီလိုလုပ်တာ သွားတွေ့ရတယ်။ အခု ဒီကိစ္စမှာလည်း လူထုပေါ့၊ အဓိကကတော့။ စစ်တပ်ထောက်ခံတဲ့ အင်အားစုအကြားမှာ၊ စစ်တပ်အကြားမှာ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်တယ်ဆိုတဲ့အမြင်မျိုးကို ရစေချင်တာပါတယ် ပေါ့နော်"

စစ်ခေါင်းဆောင်တွေဟာ ဗုဒ္ဓဘာသာနဲ့ သံဃာတော်တွေကို အသုံးချပြီး သူတို့ အာဏာတည်မြဲရေးနဲ့ လူထုထောက်ခံမှုရရှိရေးအတွက် အစဉ်တစိုက် ကြိုးပမ်းနေသူတွေ ဖြစ်တယ်လို့ စာရေးဆရာ ကိုမင်းသေ့က ပြောပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာ စသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လကုန်အထိ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ရဟန်းသံဃာ ၅၆ ပါး ဖမ်းဆီးခံရပြီး၊ သံဃာ ငါးပါး သတ်ဖြတ်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။