ကျောင်းသားချီတက်သပိတ် ဘာလဲ၊ ဘယ်လဲ


2015.02.06

ပညာရေးဝန်ကြီးဌာနက ရေးဆွဲလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို ပြုပြင်နိုင်ဖို့ ကျောင်းသားတွေရဲ့ ဆန္ဒပြတောင်းဆိုမှုတွေကို ရှု့မြင်ပုံ၊ ကိုင်တွယ်ပုံတွေ မှားယွင်းချွတ်ချော်လာခဲ့မယ်ဆိုရင် မြန်မာ့နိုင်ငံရေး ရှေ့ အလားအလား မကောင်းနိုင်ဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင် စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

သောတရှင်များခင်ဗျား တိုင်းပြည်ရဲ့အရေးကြီးဆုံးဖြစ်တဲ့ ပညာရေးဟာ မြန်မာနိုင်ငံမှာ ချွတ်ခြုံကျပျက်စီးနေ တာ နှစ်ပေါင်း ၆ဝ လောက်ရှိနေပြီဖြစ်ပေမယ့် ပြုပြင်ပြောင်းလဲဖို့ ခက်ခဲနေဆဲဆိုတာ ဒီကနေ့ပေါ်ပေါက်နေ တဲ့ ကျောင်းသားသပိတ် ဆန္ဒပြပွဲတွေက သက်သေထူနေပါတယ်။

တိုင်းတပါးလက်အောက် အင်္ဂလိပ်ခေတ်မှာ ကိုလိုနီ ကျွန်ပညာရေးစနစ်ကိုဆန့်ကျင်ပြီး ဒီမိုကရေစီနည်းကျ တန်းတူအခွင့်အရေးရှိတဲ့ ပညာရေးစနစ်ကိုပြုပြင်နိုင်ဖို့ ကျောင်းသားတွေ သပိတ်မှောက်ဆန္ဒပြခဲ့ကြသလိုပဲ ဒီကနေ့ခေတ် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း ဒီမိုကရေစီအခွင့်အရေးတွေရှိတဲ့ ပညာရေး စနစ်အတွက်ဆိုပြီး ကျောင်းသားတွေ လမ်းပေါ်ထွက်ပြီး ချီတက်သပိတ်မှောက် ဆန္ဒပြနေကြတာပါ။

အမျိုးသားပညာရေးဥပဒေမူကြမ်း စတင်ရေးဆွဲခဲ့စဉ်က အဓိကတာဝန်ရှိတဲ့ ပညာရေးဝန်ကြီးဌါနဟာ ကျောင်း သားတွေ၊ ဆရာတွေ တခြားအစိုးရမဟုတ်တဲ့ ကျွမ်းကျင်အဖွဲ့အစည်းတွေက မတူညီတဲ့ သဘောထားအမြင်တွေ ကိုပါ ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်ခဲ့ရင် ဒီပြဿနာအခုလောက်အထိ ကြီးထွားလာစရာအကြောင်းမရှိပါဘူး၊ ပညာရေးဝန်ကြီးဌါနဟာ အစကတည်းက ပွင့်လင်းမြင်သာမှု မရှိခဲ့သလို လွတ်လပ်တဲ့အဖွဲ့အစည်းတွေနဲ့ ပူပေါင်းဆောင်ရွက်ရာမှာလည်း အားနည်းခဲ့တယ်ဆိုတာ ဒီကနေ့ပေါ်ပေါက်နေတဲ့ ဖြစ်ရပ်တွေက သက်သေ ထူနေပါတယ်။

ဒီနေရာမှာ ပညာရေးကိုပြုပြင်ပြောင်းလဲဖို့ ဘာကြောင့်ခက်ခဲနေရသလဲ၊ ပညာရေးဥပဒေနဲ့ပတ်သက်ပြီး ဘာကြောင့်ပြဿနာပေါ်ပေါက်နေရသလဲဆိုတာ ဆန်းစစ်ဖို့လိုအပ်လာပါတယ်၊ ပြဿနာကိုပြဿနာအဖြစ်မရှုမြင်ပဲ အနာတခြားဆေးတခြားနည်း ရှေးရိုးစဉ်လာဆေးမှီးတိုနည်းတွေနဲ့ ကုသမယ်ဆိုရင် အပ်နဲ့ထွင်ရမယ့်ကိစ္စဟာ ပုဆိန်နဲ့ပေါက်ရလောက်တဲ့အထိ ကြီးထွားသွားရမှာကို သတိမူနိုင်မယ်ဆိုရင် ပြေလည်နိုင်မယ့်နည်းလမ်းတွေ ကိုလည်း သတင်ရှာဖွေသင့်ပြီးလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နေ့က နေပြည်တော် ပညာရေးဝန်ကြီးဌါနမှာပြုလုပ်မယ့် ၄ ပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဖင်ထိုင်ခုံနေရာမလောက်လို့ဆိုပြီး ကနဦးအကြောင်းပြချက်နဲ့ ပျက်သွားတဲ့ပွဲကို ပြန်ဆန်းစစ်ကြည့်မယ် ဆိုရင် ပြုပြင်ပြောင်းလဲရေး လုပ်လိုစိတ်မရှိတာက ပင်မအကြောင်းရင်းခံဖြစ်တယ်လို့ အဲ့ဒီပွဲကို ကျောင်း သားတွေဘက်က ဦးဆောင်တက်ရောက်ခဲ့တဲ့ NNER အဖွဲ့က ဒေါက်တာ သိန်းလွင်က သုံးသပ်ပါတယ်။

ဒေါက်တာ သိန်းလွင်။            ။မနက်ဖက် ကျနော်တို့ ၉ နာရီအမီရောက်တယ်၊ ပညာရေးဝန်ကြီးဌါန လှေ ကားရောက်တဲ့အခါကျတော့ နာမည်စာရင်းခေါ်ပြီးတော့ နာမည်မပါတဲ့သူတွေ ကားပေါ်ကဆင်း ဆိုပြီးတော့ မောင်းချတာမျိုးတွေရှိလာတယ်၊ ပါလာတဲ့လူတွေ ဝင်ခွင့်ရဖို့တောင်းတော့ ကျောင်းသားနဲ့လာပြော လိုက် အထဲဝင်ပြီးတော့ တင်ပြဝင်ပြောလိုက်၊ ပြန်လာလိုက် ဝင်သွားလိုနဲ့ အကြိမ်ကြိမ်နဲ့ အချိန်ကုန်သွားပြီးတော့ ကျနော်တို့တွေ ဆွေးနွေးခန်းထဲကို ဝင်လို့မရပဲနဲ့ အချိန်ကုန်သွားပြီးတော့ ဆွေးနွေးပွဲကိုရပ်ဆိုင်းလိုက်တယ်၊ သုံးသပ်တဲ့အခါကျတော့ ဆွေးနွေးပွဲကို ရပ်ချင်တဲ့သဘောလို့ ယူဆပါတယ်၊ ဘာကြောင့်လည်းဆိုတော့ ညကတည်း က ကျနော်တို့ကို အဆင်ပြေအောင် ဆောင်ရွက်ပေးတာမျိုးမရှိခဲ့ဘူး၊ အဆင်ပြေအောင် မလုပ်ပေးရင်တောင် မှနေလေ တားဆီးဖို့မသင့်ဘူး၊ အခုက တည်းလို့မရအောင်ပါ တားဆီးတဲ့အဆင့်ဖြစ်သွားတော့ ဝင်ခွင့်မပေးဘူး ဆိုတော့ ဒါကတန်းတူညီမျှတဲ့ အခွင့်အရေးမရှိဘူးဆိုတာကို တွေ့တယ်လေ၊ တမင်ကို ဒါဆွေးနွေးပွဲကို အစိုးရ ဘက်က မလုပ်ချင်တဲ့သဘောလို့ ယူဆပါတယ်။

နေပြည်တော်မှာ ၃ ရက်နေ့ကပျက်သွားတဲ့ ၄ ပွင့်ဆိုင်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့နောက်ပိုင်းမှာ ပြန်လုပ်ပေး မယ်လို့ အစိုးရဘက်က ကတိပြုထားခဲ့ပေမယ့် တကယ်ဖြစ်လာမလားဆိုတာ သံသယရှိနေကြဆဲဖြစ်သလို ရက်အတိအကျကိုလည်း မသိရသေးပါဘူး။

ကျောင်းသားတွေကတော့ ပုဒ်မ ၁၈ အပါအဝင် တည်ဆဲဥပဒေတွေကိုဂရုမမူပဲ အမြို့မြို့အရွာရွာကို ဖြတ်ကျော် ချီတက်နေကြတဲ့အတွက် အာဏာပိုင်တွေဘက်က အကြမ်းဖက်ဖြိုခွင်းလာခဲ့ရင် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဘယ်သူ့မှတပ်အပ်မပြောနိုင်သေးပါဘူး။

မြန်မာနိုင်ငံအလယ်ပိုင်းကဆင်းလာတဲ့ ဗကသ ကျောင်းသား ကိုသီဟဝင်းတင်ကဆိုရင်

ကိုသီဟဝင်းတင်။                 ။ဒီလှုပ်ရှားမှုကိုစလုပ်တာ ကျနော်တို့အနေနဲ့ ပုဒ်မ ၁၈ တို့ဘာတို့တွေ မပြောနဲ့ ကျနော်တို့ အသက်ကိုတောင်မှဂရုမစိုက်လို့ ကျနော်တို့ အစောကြီးကတည်းက ကျောက်ဆည်မှာကတည်း ကပေါ့နော်၊ ကျောက်ဆည်အကျော်မှာ သရဏဂုံတင်ခဲ့ပြီးသားဖြစ်တယ်။

ဒီအခြေအနေမှာ ပညာရေးဥပဒေကိုအကြောင်းပြပြီး ဆူပူအောင်လုပ်နေသူတွေရှိတယ်ဆိုပြီး ကြေညာချက် တစ်စောင် မနေ့ကထုတ်ပြန်လိုက်ရုံကလွဲလို့ တခြားထူးထူးခြားခြား ဆောင်ရွက်ပေးတာ မရှိသေးပါဘူး၊ ဒီကနေ့ ပြဿနာတက်နေတဲ့ ပညာရေးဥပဒေမူကြမ်း လွှတ်တော်မှာ စတင်တင်သွင်းကတည်းက RFA က ပညာရေးဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီနဲ့ ဌါနဆိုင်ရာ အရာရှိကြီးတွေကို ဆက်သွယ်ဖို့ အကြိမ်ကြိမ်ကြိုးစား ခဲ့ပေမယ့်လည်း တိုက်ရိုက်တုန့်ပြန် ဖြေဆိုမှုမရှိခဲ့သလို ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုဖို့ လည်း ပျက်ကွက်ခဲ့ပါတယ်။

"ဝန်ကြီးက မရှိပါဘူးခင်ဗျ၊ မရှိပါဘူး အစည်းအဝေးတစ်ခုထဲ ရောက်နေပါတယ်ဗျ၊ အဲဟို အစည်းအဝေးခန်းထဲ မှာပါခင်ဗျ"

တကယ်တော့ ဒီကနေ့ပေါ်ပေါက်နေတဲ့ ဇစ်မြစ်အကြောင်းရင်းခံဟာ ဒီမိုကရေစီမကျတဲ့ ဝန်ကြီးဌါနကနေ ရေး ဆွဲလိုက်တဲ့ ဒီမိုကရေစီအားနည်းတဲ့ဥပဒေတွေကြောင့်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်၊ NNER အဖွဲ့ဝင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအသင်းချုပ်ရဲ့ အတွင်းရေးမှူး ဒေါက်တာ အာကာသူကဆိုရင်

ဒေါက်တာ အာကာသူ။                    ။ကျနော်တို့ ရွေးကောက်ပွဲလုပ်လိုက်ရင် ဖြေပေါ်တယ်၊ အဓိကက ကျန်းမာရေးနဲ့ ပညာရေးက အများယုံကြည်လေးစားတဲ့ဟာဖြစ်ရမယ်၊ အကုန်လုံးက ရွေးလိုက်မယ်ဆိုလို့ရှိရင် အဖြေထွက်လိမ့်မယ်၊ အခုက ဘယ်လိုပြဿနာဖြစ်လဲဆိုရင် ခေါင်းဆောင်တဲ့သူတွေက ပါချုပ်တွေရော၊ ညွှန်ချုပ်တွေရော ခိုင်းတာအကုန်လုပ်တဲ့သူတွေဟာ ရာထူးတိုးတယ်၊ အဲ့ဒီဟာက ကျနော်တို့ပညာရေးမှာ အဓိကပြဿနာလို့ ကျနော်ကအဲ့လိုကောက်ချက်ချတယ်။

ကျောင်းသားတွေဆန္ဒပြနေရတဲ့ ပြဿနာအကြောင်းရင်းခံကို မရှာဖွေပဲ ဆန္ဒပြနေတာဟာ နောက်ကွယ်ကကြိုးကိုင်နေ တဲ့ နိုင်ငံရေးအဖွဲ့တချို့ကြောင့်လို့ မနေ့ကထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဟာ အနာတခြားဆေးတခြားသာဖြစ်ပြီး ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် တိုင်းပြည်ရဲ့ငြိမ်းချမ်းစွာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အပျက် အပျက်နဲ့ နှာခေါင်းသွေးထွက်ဆိုသလို အင်မတန် အန္တရာယ်များတဲ့ သဘောထားအမြင် ရပ်တည်ချက် သာဖြစ်ကြောင်း လေ့လာသူတွေက သုံးသပ်ကြကြောင်းပါခင်ဗျား။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။