ဆန္ဒပြ ကျောင်းသားတွေနဲ့ ပတ်သက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို ပြောဆိုလိုက်တဲ့ကိစ္စ တင်ပြချက်


2015.02.08

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြနေတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်သူတွေ၊ အားပေးအားမြှောက် ပြုနေသူတွေရှိတာကြောင့် အဲ့ဒီအဖွဲ့အစည်းတွေကို စောင့်ကြည့်ဖော်ထုတ် သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက မနေ့က မြန်မာ့ရုပ်မြင် သံကြားမှာ ပြောကြားလိုက်ပါတယ်။

အဲ့ဒီပြောကြားချက်အပေါ် ဆန္ဒပြကျောင်းသား ကျောင်းသူတွေနဲ့ အားပေးထောက်ခံ ကူညီသူတွေရဲ့ သဘော ထားတွေကို RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့အတွက် မြို့အတော်များများကနေ ရန်ကုန်မြို့ကို လမ်းလျှောက် ဆန္ဒပြ တောင်းဆိုနေတဲ့ ကျောင်းသားတွေကို လက်ရှိချိန်ထိ အရေးယူမှုမရှိသေးပေမယ့် မြင်းခြံဒီဂရီကောလိပ် မှာ နိုင်ငံတော်အလံ ဖြုတ်ချခဲ့တာနဲ့ ဆန္ဒပြခွင့်တောင်းခံခြင်း မရှိတာတွေကို မျက်ကွယ်ပြုထားမှာ မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက မနေ့ညက ပြောကြားခဲ့တာပါ။

ဒါ့အပြင် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးကို အကြောင်းပြုပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်နေကြောင်းနဲ့ ဆန္ဒပြကျောင်းသား ကျောင်းသူတွေကို နိုင်ငံရေးအဖွဲ့ အစည်းတချို့နဲ့ လူမှုရေးအဖွဲ့အစည်းတချို့က နောက်ကွယ်ကနေ ကြိုးကိုင်ပြီး အားပေးအားမြှောက်ပြုနေကြောင်းနဲ့ အဲ့ဒီအဖွဲ့အစည်းတွေကို စောင့်ကြည့်ဖော်ထုတ် သွားမယ်လို့လည်း ပြောခဲ့ပါတယ်။

ဆန္ဒပြကျောင်းသား ကျောင်းသူတွေကို လူ့အခွင့်အရေးလှုပ်ရှားနေသူတွေ၊ ဥပဒေပညာရှင်တွေနဲ့ နိုင်ငံရေး အဖွဲ့အစည်းတချို့က ကူညီထောက်ခံနေတာဖြစ်ပါတယ်။

အစိုးရရဲ့ အခုလိုပြောဆိုမှုတွေဟာ ကျောင်းသား ကျောင်းသူတွေတောင်းဆိုနေတာကို ဖြေရှင်းရာမရောက်ဘူး လို့ ကျောင်းသားသပိတ်ကို ထောက်ခံအားပေးတဲ့ Triangle Women Support Group က ဒါရိုက်တာ မခင်လေး က ပြောပါတယ်။

မခင်လေး။                ။အရင်တုန်းကပြောနေတဲ့အတိုင်းပဲ၊ ဒီအထိလည်းပြောလာတဲ့အတွက် ဒါကပြောရလို့ရှိ ရင်တော့ သိပ်မထူးဘူး၊ သူတို့ရဲ့စိတ်သဘောထားတွေက အရင်နဲ့အခုနဲ့ ဘာမှမပြောင်းလဲသေးဘူးဆိုတဲ့ဟာ ကိုပဲ တွေ့နေရတယ်၊ အဓိကက ဒီပြဿနာတွေ ကျောင်းသားတွေ ဆန္ဒပြတာ ဘာကြောင့်ဖြစ်သလဲဆိုတဲ့ အဓိက အရင်းအမြစ် ပြဿနာဖြေရှင်းဖို့ထက် ဘယ်သူကတရားခံလည်းဆိုပြီး တရားခံလိုက်ရှာချင်တဲ့ စိတ်နှလုံးခံကတော့ ဘယ်လိုမှပြဿနာ ဖြေရှင်းတဲ့နေရာမှာ အထောက်အကူပြုမှာမဟုတ်ဘူး၊ ပိုပြီးတော့ အခက်အခဲဖြစ်စေတယ်လို့ ကျမတို့က ယုံကြည်တယ်။

ဇန်နဝါရီလ ၂ဝ ရက်နေ့ကစပြီး မန္တလေး၊ ထားဝယ်၊ မော်လမြိုင်၊ ပခုက္ကူနဲ့ မုံရွာမြို့တွေကနေ ကျောင်းသားကျောင်း သူတွေ စတင်ဆန္ဒပြကြတာဖြစ်ပြီး လေးပွင့်ဆိုင်ဆွေးနွေးပွဲစတင်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သပိတ် လမ်းကြောင်းတွေကို ရပ်နားခဲ့ပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ရက်ပေါင်း ၆ဝ အတွင်း ညှိနှိုင်းဆွေးနွေးဖို့ ကျောင်းသား ကျောင်း သူတွေက တောင်းဆိုထားပေမယ့် အစိုးရဘက်က တုန့်ပြန်မှုမရှိတာကြောင့် ကျောင်းသား ကျောင်းသူ ၂ဝဝ ကျော် က မန္တလေးမြို့ကစပြီး လမ်းလျှောက်သပိတ်မှောက်ကြတာ ဖြစ်ပါတယ်။

ကျောင်းသား ကျောင်းသူတွေ တောင်းဆိုနေတာကို ဖြေရှင်းမပေးပဲ ဆန္ဒပြလမ်းကြောင်းပေါ် ရောက်အောင် တွန်းပို့ခဲ့တာ အစိုးရသာဖြစ်တယ်လို့ ကျောင်းသားသပိတ်ကို အားပေးထောက်ခံတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးက အခုလိုပြောပါတယ်။

မမီးမီး။           ။အမှန်တကယ် ဒီပညာရေးစနစ်ကို ပြောင်းလဲစေချင်တယ်ဆိုလို့ရှိရင် အဲ့ဒီရက်ပေါင် ၆ဝ ကတည်း က ကျောင်းသားတွေနဲ့ ညှိနှိုင်းမှု လုပ်ရပါမယ်၊ အစိုးရက ရက်ပေါင်း ၆ဝ တိုင်တိုင် မျက်စိပိတ်၊ နားပိတ်နေခဲ့ပြီး မှ ကျောင်းသားဆန္ဒဖော်ထုတ်မှုတွေ ပေါ်လာတဲ့အခါကျတော့လည်း ဆန္ဒဖော်ထုတ်မှုတွေကိုသာ ရပ်သွားချင်တဲ့ စိတ်နဲ့ ၄ ပွင့်ဆိုင်ဆိုပြီးတော့ စိန်ရတုမှာ ဆွေးနွေးမှု စတင်ခဲ့တယ်၊ ၄ ပွင့်ဆိုင်ဆွေးနွေးမှုတွေရဲ့အရာကို မှေးမှိန် သွားအောင်၊ ကျောင်းသားတွေဟာ တိုက်ပွဲဘက်ကို ဦးတည်သွားအောင် အစိုးရကနေစပြီး ပုံဖျက်ခဲ့တာဖြစ်တယ်၊ အဲ့ဒီတော့ အခုလက်ရှိဆန္ဒဖော်ထုတ်မှုတွေမှာ မိဘပြည်သူတွေ ကိုယ်တိုင်ပါဝင်တယ်၊ ကျောင်းသားမဟုတ်တဲ့ သူတွေ ပါဝင်တယ်ဆိုတာဟာလည်း အိမ်တိုင်းမှာ ကျောင်းသားရှိတဲ့အတွက် ကျောင်းသားကို အထူးအားပေးတဲ့ အနေနဲ့ လိုက်ပါတာဖြစ်တယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဟာ ကျောင်းသားဟောင်းတွေ စုစည်းထားတဲ့ အဖွဲ့အစည်းဖြစ် တာကြောင့် ကျောင်းသားအရေးနဲ့ ပညာရေးမှာ ဆက်လက်ဝန်းရံသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အရပ်ဖက်လူမှုအဖွဲ့အစည်း ၂ဝဝ ကျော်ကလည်း ပညာရေးအတွက် ကျောင်းသားတွေရဲ့ အကြမ်းမဖက် တဲ့ တောင်းဆိုမှုကို ဆက်လက်အားပေး ထောက်ခံသွားမှာဖြစ်တယ်လို့ ပြောကြပါတယ်။

သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်တွေက အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးကိုသာ ဦးတည်တောင်းဆိုနေတာဖြစ်ပြီး အခြားလှုပ်ရှားမှုတွေကို ဆောင်ရွက်မှာ မဟုတ်ဘူးလို့ ပြောကြပါတယ်။

သပိတ်မှောက်ကျောင်းသား ကျောင်းသူတွေကို ထောက်ခံအားပေးနေတာဟာ ပြည်သူတွေသာ ဖြစ်တယ်လို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုရဲရင့်ကျော်က ပြောပါတယ်။

ကိုရဲရင့်ကျော်။           ။ဒီစစ်ကြောင်းကြီးကို နောက်ကွယ်က နိုင်ငံရေးခြယ်လှယ်ချင်တဲ့သူတွေက ကြိုးကိုင်နေ တယ်လို့ ဆိုနေတဲ့အခ့မှာ အမျိုးသားပညာရေး ဥပဒေတစ်ရပ်ကိုပဲ ရည်ရွယ်ချက်ရှိရှိကျနော်တို့သွားနေတဲ့ကိစ္စ ဘယ်ပါတီက ၂ဝ၁၅ အတွက် မဲဆွယ်နေပါသလဲ၊ ဘယ်ပါတီက တခြားပါတီကိုပုတ်ခတ်နေပါသလဲ၊ ဘယ်ပါတီ ကရော စည်းရုံးရေးဆင်းနေပါသလဲ၊ သပိတ်ခရီးစဉ်တစ်လျောက်လုံး အားလုံးပြည်သူတွေက အမှန်တရားကို သိပြီးသားပါ၊ ဆိုလိုတဲ့သဘောက သူတို့သားသမီးတွေ သူတို့မြေးမြစ်တွေရဲ့ အနာဂတ်အတွက် ကျောင်း သားတွေက အများအတွက်လုပ်ပေးတယ်ဆိုတာ သိတဲ့ပြည်သူတွေကိုယ်တိုင်က အားလုံးဝိုင်းဝန်းကူညီတာပါ၊ ကျနော်တို့ကို နောက်ကွယ်ကနေပြီးတော့ ထောက်ခံနေတယ်ဆိုတာ ပြည်သူပါ။

ဆန္ဒပြကျောင်းသား ကျောင်းသူတွေကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ကျောင်းသား ကျောင်းသူတွေက ရန်ကုန်မြို့မှာ ထောက်ခံကြိုဆိုပွဲ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

ကျောင်းသားအရေးဟာ ပြည်သူ့အရေးဖြစ်တာကြောင့် ဆက်လက်ထောက်ခံသွားမှာ ဖြစ်တယ်လို့ ဒီနေ့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက် အတွင်ရေးမှုး ကိုမြတ်ကျော်က ပြောပါတယ်။

ကိုမြတ်ကျော်။           ။နောက်ကွယ်ကနေ ကြိုးကိုင်တဲ့အဖွဲ့အစည်းတွေရှိတယ် ဘာညာဆိုတာ ဟိုးလွန်ခဲ့သော နှစ်ပေါင်း ၁၉၆၂ ခုနှစ်ကတည်းက ပြောလာတဲ့စစ်အာဏာရှင်တွေရဲ့ စနစ်ရဲ့အငွေ့ရဲ့ ပြောလာတဲ့ စကားလုံးပဲလေ၊ အဲ့စကားကိုဆက်ပြောတယ်ဆိုရင် စစ်အာဏာရှင်အငွေ့အသက် လုံးဝမကုန်သေးဘူးလို့ပဲ ပြော ချင်တယ်၊ ကျောင်းသားဟာ ပြည့်သူ့သွေးပါ၊ ပြည်သူ့သားပါ၊ ကျနော်တို့ဟာ ကျောင်းသားဖြစ်ခဲ့ပါတယ်၊ ကျနော် သားသမီးတွေလည်း ကျောင်းသားတွေပါ၊ အဲ့ဒီတော့ ကျောင်းသားအရေးဟာ ကျနော်တို့အရေးပါ၊ ဒါကြောင့်မို့ လို့ ကျောင်းသားက လက်ရှိပုံဖော်ထုဆစ်နေတဲ့ သူတို့ရဲ့သမိုင်းကြောင်းဟာ အနာဂတ်ပညာရေး၊အနာဂတ် မြန် မာနိုင်ငံတော်ရဲ့ ပညာရေးစနစ်ကို ကောင်းမွန်စွာတည်ဆောက်ချင်တဲ့ စိတ်စေတနာကောင်းကို ကျနော်တို့ က လေးစားအသိအမှတ်ပြုပြီးတော့ ဆက်လက်ပြီးဝန်းရံ ထောက်ခံသွားမယ်။

သပိတ်မှောက်ကျောင်းသား ကျောင်းသူအားလုံးဟာ ဒီလ ၂၅ ရက်နေ့ ရန်ကုန်မြို့မှာ ဆုံကြမှာဖြစ်ပြီး သူတို့တောင်း ဆိုချက်တွေကို ဆက်လက်ဆန္ဒပြကြမှာဖြစ်ပါတယ်။

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နဲ့ ကျောင်းသားကိုယ်စားလှယ်တွေ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ဒီလ ၁၂ ရက် ပြည်ထောင်စုနေ့ နောက်ပိုင်းမှသာ ဆက်လက်တွေ့ဆုံဖို့ နိုင်ငံတော် သမ္မတက ညွှန်ကြားထား ပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။