ပညာရေးမူကြမ်း စိုးရိမ်ဖို့မလိုဟု ကျောင်းသားတွေပြော


2015.02.21

ကျောင်းသားနဲ့ NNER ပညာရေးကွန်ရက်တို့ တောင်းဆိုထားတဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ချက်ထဲက အချက်တချို့နဲ့ပတ်သက်လို့ လူထုကြားစိုးရိမ်မှုဖြစ်အောင် ရေးသားပြောဆိုမှု တွေရှိနေပါတယ်။

ကျောင်းအမျိုးအစား သတ်မှတ်ချက်ထဲမှာ "အခြားဘာသာရေးအဖွဲ့ အစည်းများမှဖွင့်လှစ်ထားသော ပညာရေးကျောင်းများ" ဆိုတာနဲ့ပတ်သက်လို့ ဗုဒ္ဓဘာသာမဟုတ်တဲ့ ဘာသာခြားတွေရဲ့ဘာသာရေး ဆိုင်ရာကျောင်းတွေ ပေါ်ပေါက်လာတော့မလားဆိုတဲ့အချက်နဲ့ မိခင်ဘာသာအခြေပြု သင်ကြားရေးဆိုတဲ့ အချက်တွေအပေါ် ဝေဖန်ပြောဆိုနေတာပါ။

ဒီအကြောင်းနဲ့ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

ကျောင်းသားနဲ့ NNER ပညာရေး ကွန်ရက်တို့ တောင်းဆိုထားတဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့ အချက်တွေထဲက တချို့အချက်တွေနဲ့ပတ်သက်လို့ ပြည်သူတွေကြားမှာ ဒွိဟဖြစ်နေတာတွေရှိသလို၊ ဘာသာရေးအရအထင်မြင်မှားပြီး ဝေဖန်ရေးသားပြောဆိုတာတွေ ရှိနေပါတယ်။

အဲ့ဒီလို ဝေဖန်နေတဲ့အချက်တွေထဲမှာ အဓိကအချက်က ကျောင်းအမျိုးအစား သတ်မှတ်ချက်ဆိုတဲ့ မူလဥပဒေရဲ့ ပုဒ်မ (၆) အခန်း ၃၄ ကပြဌါန်းချက်ဖြစ်ပါတယ်။ မူလဥပဒေမှာ ကျောင်းအမျိုးအစား ၉ မျိုးသတ်မှတ်ထားပြီး အဲ့ဒီထဲမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကိုလည်း ဒီဥပဒေအရ အကျုံးဝင်ဖို့ထည့်သွင်းထားပါတယ်။ အဲ့ဒီအခန်းမှာ "အခြားဘာသာရေး အဖွဲ့အစည်းများမှဖွင့်လှစ် ထားသောပညာရေးကျောင်းများ" ပါ ဒီဥပဒေနဲ့အကံျုးဝင်ရမယ်လို့ ကျောင်းသားတွေနဲ့ NNER ပညာရေး ကွန်ရက်က ထည့်သွင်းလိုက်ပါတယ်။

ဒီအချက်ကြောင့် ဘာသာခြားတွေရဲ့ ဘာသာရေးကျောင်းတွေ အသီးသီး ပေါ်ပေါက်လာတော့မယ် ဆိုပြီး ရေးသားပြောဆိုတာတွေ ရှိနေပါတယ်။ ဒါကြောင့် ဒီအချက်ကိုထည့်သွင်းလိုက်တဲ့ NNER ပညာရေး ကွန်ရက်က ဆရာမဒေါ်သူသူမာကို မေးကြည့်တော့

မသူသူမာ။               ။မူလ သူတို့ပြဌါန်းထားတဲ့ ဥပဒေတွေကို အခန်း ၆ ပုဒ်မ ၃၄ မှာ ကျောင်းအမျိုးအစားထဲမှာ (က) ကနေ(ဈ)ပေါ့လေ၊ ၉ ကျောင်းပေါ့နော်၊ ၉ ကျောင်းမှာ ကျမတို့က (ည)ကိုထည့်လိုက်တာကိုး၊ ၁ဝ ကျောင်းဖြစ် သွားအောင်လေ၊ ဥပမာ ဘုန်တော်ကြီးသင် ပညာရေးကျောင်းတွေကိုကျတော့ ခွင့်ပြုမယ်ဆိုရင် လက်တလောမှာ လည်း တကယ်တမ်းက ခရစ်ယာန်ကျောင်းတွေဆိုလည်း ပညာရေးကျောင်းတွေပါတယ်၊ ဘာသာရေး သီးသန့်ကျောင်းကို ပြောတာမဟုတ်ဘူးပေါ့နော်၊ အဲ့ဒါဆိုရင် သူတို့တွေဆီမှာတက်နေတဲ့ ကလေးတွေကျတော့ ဥပဒေက အကာအကွယ်မပေးတော့ဘူးပေါ့၊ ပညာသင်ဖို့အခွင့်အလမ်းက ဆုံးရှုံးသွားတယ်၊ ဆိုလိုချင်တာက အသိအမှတ်ပြုဖို့က မရှိတော့ဘူးလေ၊ သူ့မူဝါဒအရ အခွင့်အလမ်းမပေးထားဘူး၊ ဥပဒေအရ မကာကွယ်ပေးဘူး ဆိုလို့ရှိရင် အသိအမှတ်ပြုတဲ့နေရာမှာ ပြဿနာရှိတယ်လေ၊ ကျမတို့ အခြေခံတဲ့ ဒီမိုကရက်တစ်ပဲ လူမှုရေးတရားမျှတမှု ရှိရမယ်၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရမယ်ဆိုရင်၊ ဒါဆိုရင် တခြားကျောင်းတွေကိုကျတော့ အသိအမှတ်ပြု ပြီး ဒီကျောင်းတွေကျတော့ ဘာလို့အသိအမှတ်မပြုတာလဲလို့ မေးခွန်းထုတ်ရမယ်၊ ကလေးတွေ တန်းတူရည်တူ သင်ယူနိုင်တဲ့အခွင့်အလမ်းကို ပိတ်ပင်လိုက်တာပဲ၊ ခုနကအမျိုးသားရေးကိုရှေ့ထုတ်ပြီး ဘာသာရေးနဲ့ ပြဿနာက စတာလေ၊ အမှန်က ကျမတို့က ကလေးတွေအားလုံးတန်းတူ ပညာသင်ကြားခွင့်က ဘယ်ကျောင်းကရသင့်တယ် ဆိုတဲ့ အယူအဆကိုပဲပြောတာ၊ ကျမတို့က ဘ.က မှာမှရရမယ်၊ အစိုးရကျောင်းမှာမှ ရရမယ် အဲ့လိုမျိုးမဟုတ် ဘူးလေ၊ ဘယ်ကျောင်းကိုသွားသွား ကလေးတွေက ပညာသင်ဖို့အခွင့်အလမ်း ရှိကိုရှိရမယ်၊ အဲ့ဒီတော့ ကျမတို့က အဲ့ဒီအချက်နဲ့ ညီမျှအောင်ထည့်တယ်၊ အခုကျမတို့ ပညာရေးဆွေးနွေးပွဲတွေ ဘာတွေသွားလုပ်တဲ့အထဲမှာ ခဝဲခြံ မျက်မမြင်ကျောင်းဆိုလို့ရှိရင် ခရစ်ယာန်သာသနာက ဖွင့်ထားတာပဲ၊ သူတို့ဆိုလို့ရှိရင် ကျောင်းသားတွေအများကြီး ကို ခွင့်ပြုတယ်၊ သူတို့ကျောင်းတွေက ဒီပေါ်လစီရဲ့အောက်မှာ မရှိဘူး၊ ဒီဥပဒေက သူတို့ကို အသိအမှတ်မပြုထား ဘူးဆိုတော့ အဲ့ဒါဆို ဒါမတရားဘူးလေ၊ အနိမ့်ဆုံး ဥပမာကိုပြတာ၊ ဒါပေမယ့် သူတို့အဆင်မြင့် ပညာရေးတွေပေးနိုင်တယ်၊ သူတို့က ဘာသာရေးကို သင်နေတာမဟုတ်ဘူး၊ မျက်စိမမြင်တဲ့ကလေးတွေအတွက် သင်္ချာတွေသင်ပေးတယ်၊ သိပ္ပံတွေသင်ပေးတယ်၊ ပထဝီတွေသင်ပေးတယ်၊ သမိုင်းတွေသင်ပေးတယ်၊ အင်္ဂလိပ် စာတွေသင်ပေးတယ်၊ လူမှုရေးဘာသာရပ်တွေ သင်ပေးတယ်၊ နောက်တခြား လက်မှုပညာတွေသင်ပေးတယ်၊ အဲ့ဒီတော့ လူတစ်ယောက် လူပီပီသသနဲ့ လူ့အဖွဲ့အစည်းထဲမှာဝင်ရောက်နိုင်ဖို့အတွက် ဒီပညာရေးကျောင်းတေက လုပ်ပေးနေတာလေ၊ ကျောင်းသူတွေကို ပံ့ပိုးပေးနေတာလေ၊ အဲ့ဒီတော့ ကျမတို့ကတော့ ဥပဒေအရ မျှတမှုရှိရမယ်၊ လူတစ်ဦးချင်းနဲ့ လူ့အဖွဲ့အစည်းရဲ့ တန်ပြန်မှုတွေကို လေးစားလိုက်နာတဲ့ ဥပဒေမျှော်လင့်ချက်မျိုးတော့ဖြစ်ရမှာပဲ၊ အဲ့ဒီတော့ အဲ့အပေါ်မှာ ကျမတို့က အခြေပြုတည်တာကိုး၊ NNER က ၄ ချက်ကိုကိင်စွဲတယ်လေ၊ အဖွဲ့အစည်းဂုဏ်သိက္ခာ၊ လူ့အဖွဲ့ရယ်၊ လူမှုရေးတရားမျှတမှုနဲ့ လွတ်လပ်ခွင့်ပေါ့နော်၊ ဆိုတော့ ကျမတို့က အဲ့ဒီလိုစံသက်မှတ်ချက်ထားပြီး နေတက်တဲ့စနစ်တရပ်ကို ကျမတို့ ဖော်ဆောင်ချင်တာကိုး၊ အဲ့ဒီတော့ ကျမတို့က ဘယ်သူ့ဘယ်သူမှ မနစ်နာတဲ့ဟာကို ဖော်ထုတ်တယ်၊ နစ်နာတဲ့သူကိုလိုက်ရှာတယ်၊ အဲ့နစ်နာတဲ့လူတွေအားလုံး မျှမျှတတလုပ်ပေးတယ်ဆိုတော့ ကျမတို့ အဲ့ရှု့ထောင့်ကလုပ်တာ။

ဘာသာရေးသက်သက် သင်ပေးတဲ့ကျောင်းတွေအနေနဲ့ ဒီဥပဒေနဲ့အကျုံးမဝင်တဲ့ အကြောင်းကိုလည်း ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က ရှင်းပြပါတယ်။

ကိုမင်းသွေးသစ်။                  ။ကျနော်တို့ လွှတ်တော်ကိုတင်ဖို့ ရေးဆွဲလိုက်တဲ့ ဥပဒေမူကြမ်းထဲမှာကျတော့ အခန်း ၁၃ မှာ ကျောင်းအမျိုးအစားဆိုတဲ့ အခန်းထဲမှာ ကျနော်တို့ တစ်ခုထပ်ထည့်ထားတယ်၊ တခြားဘာသာရေးကျောင်း မဟုတ်တဲ့ ပညာရေးကိုသင်တဲ့ကျောင်းတွေပေါ့၊ ဒီဥပဒေအကျုံးဝင်တယ်ပေါ့၊ ကျနော်တို့ဆိုလိုချင်တာက ဘာသာရေးကိုအခြေပြုပြီး သင်တဲ့ကျောင်းမဟုတ်ပဲနဲ့ ပညာရေးကိုသင်တဲ့ကျောင်းတွေ ကျနော်တို့ ဗုဒ္ဓဘာသာဆိုလို့ ရှိရင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပါမယ်၊ ခရစ်ယာန်ကျောင်းတွေမှာ ဆိုလို့ရှိရင် ပညာရေးကိုပဲ ပညာဒါန အနေနဲ့သင်တဲ့ကျောင်းတွေကိုပဲ ဆိုလိုတယ်၊ တကယ်လို့ ဘာသာရေးကိုသင်မယ်ဆိုရင် ဒီဥပဒေနဲ့ အကျုံးမဝင်ဘူး၊ အဲ့ဒီတော့ ပုဒ်မ ၃၈ (က) မှာကျတော့ ဘာသာရေးကို အခြေပြုပြီးသင်တဲ့ကျောင်းတွေက ဒီဥပဒေနဲ့မသက်ဆိုင်ဘူး၊ အကျုံးမဝင်ဘူးဆိုတာကို ကျနော်တို့ တိတိကျကျပြဌါန်းထားတယ်၊ အဲ့ဒီတော့ မိဘပြည်သူတွေ စိုးရိမ်ပူပန်နေတဲ့ ကိစ္စတွေက ဖြစ်လာမှာမဟုတ်ပါဘူး၊ တခြားဘာသာကျောင်းတွေမှာ ပညာရေးကိုသင်တဲ့ကျောင်းပဲ အကျုံးဝင် တာဖြစ်တယ်၊ ဘာသာရေးကိုသင်တဲ့ကျောင်း ဒီဥပဒေအရ လုံးဝအကျုံးမဝင်ပါဘူး။

ဒွိဟဖြစ်နေတဲ့ နောက်အချက်တစ်ခုကတော့ မိခင်ဘာသာအခြေပြု သင်ကြားစနစ်ဆိုတဲ့ကိစ္စပါ။ ဒီကိစ္စနဲ့ပတ်သက် လို့ တချို့က ကျောင်းသားတွေအနေနဲ့ တိုင်းရင်းသားဘာသာစကား တစ်ခုခုကို အပိုဆောင်းသင်ရတော့မယ်လို့ ယူဆနေကြသလို၊ တချို့ကလည်း မြန်မာစာ၊ မြန်မာစကားမတွင် ကျယ်တော့မှာ၊ နိုင်ငံတကာသုံးအင်္ဂလိပ်စာ အင်္ဂလိပ်စကားမတတ်တော့မှာကို စိုးရိမ်နေတာ တွေ့ရပါတယ်။ ဒီအချက်နဲ့ပတ်သက်လို့ ဒေါ်သူသူမာက အခုလို ရှင်းပြပါတယ်။

မသူသူမာ။               ။ကျမတို့နိုင်ငံမှာ ဘာသာစကား ၁၃၅ မျိုးရှိတယ်လို့ ပြောထားတယ်ပေါ့နော်၊ ဒါပေမယ့် အိန္ဒိယဆိုလို့ရှိရင် ၁၉ဝ ကျော်ရှိတယ်၊ ကျမတို့ဆီမှာက ဘာသာစကားပေါ်လစီ မရှိဘူးလေ၊ ဘာသာစကားမူ ဝါဒပေါ့၊ တကယ်လို့ အိန္ဒိယမှာ သူတို့ဆီမှာလည်း ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဘာသာစကားမူဝါဒ ထားပြီးတော့ လုပ်တယ်၊ သူတို့ှဆီမှာဆို ရုံးသုံးဘာသာစကားက အခုဆိုရင် အိန္ဒိယမှာ ၁၉ မျိုးတောင်ရှိတယ်၊ ကျမတို့မှာ ရုံးသုံး ဘာသာစကားက မြန်မာဖြစ်တယ်၊ အဲ့ဒီတော့ ကျမတို့က လူမျိုးရေးဝါဒဖြစ်တယ်၊ အဲ့ဒါတော့ ပဋိပက္ခကိုဦးတည် တာပေါ့နော်၊ နောက်တစ်ခုက ကျောင်းသားတွေရဲ့ ရပိုင်ခွင့်ဆုံးရှုံးတာပေါ့နော်၊ ဘာသာစကားတွေ ဆုံရှုံးသွား တာအများကြီး၊ နောက်တစ်ခုက သင်ကြားရေးမှာလည်း အခက်အခဲဖြစ်တယ်လေ၊ သူနားလည်တဲ့စကားနဲ့ သူစပြီးတော့ သင်ကြားခွင့်မရတဲ့အတွက် ဥပမာ ကရင်လိုပြောတဲ့ကလေးက သူကဗမာလိုပဲ လာသင်လို့ရှိရင် အစ်ကိုအစ်မက ဗမာလိုပြောနေတယ်၊ တကယ်လို့ကလေးက ကရင်လိုပဲနားလည်ရင် ဘယ်လိုလုပ်မလဲ၊ အဲ့ဒီတော့ ကလေးက ပထမဆုံး ကျောင်းဝင်တဲ့နှစ်တွေမှာ သူရင်းနှီးလာတာက သူ့အိမ်ကပြောတဲ့စကားပဲလေ၊ သူ့အိမ်က ကရင်လိုပြောရင် သူ ကရင်လိုပဲနားလည်တာပေါ့နော်၊ မွန်လိုပြောရင် မွန်လိုပဲနားလည်တယ်၊ ဒါပေမယ့် ပညာရေးပေါ်လစီကကျတော့ စာသင်တဲ့အခါ ဘာကိုမဏ္ဍိုင်ပြုပြီး သင်ကြားမလဲဆိုတာ ကျမတို့က ဗမာစကားနဲပပဲပြောတယ်လေ၊ အဲ့ဒီတော့ ဗမာဆိုစကားဆို သူမတက်ဘူး၊ သူဗမာစကားမတက်တဲ့အတွက် သင်ကြားရေးဟာ ဒုက္ခဖြစ်သွာတဲ့အတွက် ကျမတို့အခုနကပြောတဲ့ ကျောင်ထွက်နှုန်းတွေ တအားများတာ အဲ့ဒီဒေသတွေမှာလေ၊ ဥပမာ သူငယ်တန်းအပ်ဆိုလို့ရှိရင် ကျောင်းအပ်တဲ့ရာသီမှာတော့ တရွာလုံးနီးပါး မိဘ လာအပ်သွားတာပေါ့နော်၊ တကယ်တမ်း မူလတန်းပြီးလားဆိုတော့ မပြီးဆုံးဘူး၊ ပထမတန်းပြီးဆိုလို့ရှိရင် ကလေးတွေက ကျောင်းမှာမရှိတော့ဘူးလေ၊ နားမှမလည်တာ ပထမတစ်ချက်က၊ သူ့အတွက် အခက်အခဲရှိ တယ်လေ၊ သူမွေးကတည်းကပြောတဲ့စကားက ကရင်လေ၊ ဒါပေမယ့် အသက် ၅ နှစ်မှာ ကျောင်းတက်တော့ သင်ကြားတော့ ဗမာလိုသင်တာလေ၊ ဖတ်စာအုပ်တွေကလည်း ဗမာလိုပြဌါန်းတယ်၊ တွဲပြီးသုံးတဲ့စကားကလည်း ဗမာလိုသုံးတာလေ၊ အဲ့ဒီတော့ ဘယ်လိုမှအမီမလိုက်နိုင်ဘူး၊ ကလေးကသင်ကြားရေးမှာ မလိုက်နိုင်ဘူး၊ အဲ့မှာဆုံး ရှုံးသွားရပြီတစ်ခု သူ့မှာ၊ နောက်တစ်ခုကကျတော့ တိုင်းရင်းသားတွေ ရပိုင်ခွင့်ခေါ်မလား၊ ကိုယ်ပိုင်ပေါ့နော်၊ ဒီရပိုင်ခွင့်ကလည်း ဆုံးရှုံးတယ်၊ ကျမတို့ ဗမာတွေက မွေးကတည်းက ကိုယ့်ရဲ့ အခွင့်အရေးကရတယ်၊ ပေါ်လစီ ကလည်း ဗမာကိုပဲ အသားပေးထားတာဆိုတော့ ကျမတို့က အဲ့ဒါက သူတို့မှာ ဆုံးရှုံးမှုတွေမြင်တယ်၊ ဒါကြောင့် ကျမတို့က ၃ ဘာသာသင်မူဝါဒကို ကျမတို့ကအကြံပေးတာ၊ မိခင်ဘာသာစကား၊ နိုင်ငံသုံးဘာသာစကား၊ နိုင်ငံ တကာသုံးစကားဆိုပြီး အဲ့ဒါတော့ လွှမ်းမိုးဘာသာစကားပေါ့၊ တစ်နိုင်ငံလုံးမှာ လွှမ်းမိုးထားတာက ဗမာစကား က နိုင်ငံသုံးစကားဖြစ်လာတာပေါ့၊ နိုင်ငံသုံးဘာသာစကားက အင်္ဂလိပ်စာပေါ့၊ တချို့က ဥပမာအားဖြင့် တရုတ်ပေါ့၊ တရုတ်စာတက်နေတဲ့သူက သူ့ဘာသာတရုတ်စာ ဖိကျက်ပြီးသင်ရင်လည်း သူ့ရဲ့ ဘာသာစကားက အဲ့ကျောင်းမှာ အမျိုးမျိုး သင်ချင်လည်းသင်တယ်၊ အဲ့ဒါတွေက ကျောင်းရဲ့လုပ်ပိုင်ခွင့်အောက်မှာလည်း ကျမတို့က ကိုယ့်ပေါ်လစီကို လွတ်လွတ်လပ်လပ် ပြဌါန်းပိုင်ခွင့်ကလည်း လုပ်သင့်တယ်လို့ သဘောထားတာပေါ့လေ၊ ဒါတွေက ကျမတို့ အများကြီးလုပ်ရမှာပေါ့နော်။

ကိုမင်းသွေးသစ်ကလည်း အခုလိုပြောပြပါတယ်။

ကိုမင်းသွေးသစ်။                  ။မိခင်ဘာသာစကား အခြေပြုသင်ကြားရေးဆိုတဲ့ အချက်ပါတာပေါ့၊ အဲ့ဒီအချက်က ဗမာက ရှမ်းဘာသာစကား လိုက်သင်ရမယ်လို့ အဲ့လိုတော့မဆိုလိုဘူး၊ အဓိက ကျနော်တို့ ပြောချင်တာက ပညာ သင်ကြားရေးရဲ့ နားလည်တဲ့ဘာသာစကား မိခင်ဘာသာစကားဆိုတာ အိမ်မှာ သူတို့မွေးကတည်းက ပြောလာတဲ့ ဘာသာစကားပေါ့၊ ကျနော်တို့နိုင်ငံမှာက တိုင်ရင်းသားက ၁၃၅ မျိုးရှိတယ်၊ နောက်တစ်ခါ ရန်ကုန်နဲ့ အလှမ်းနီး တဲ့နေရာတွေမှာတောင်မှ ဗမာစကားနားမလည်နိုင်တဲ့ ကလေးတွေရှိတယ်ပေါ့၊ အဲ့ဒီတော့ ကျနော်တို့ ဒီဘာသာ စကားကို မီဒီယံကြားခံဘာသာစကားအနေနဲ့ ကျနော်တို့ တစ်နိုင်ငံလုံးက သင်ရိုးမူဘောင်ချထားတဲ့ ဒီသင်ရိုး မူဘောင်ကိုတောင်မှ သူ့ရဲ့မိခင်ဘာသာစကားနဲ့ သင်ကြားရေးကိုပြောတာ၊ ဒါကြောင့် ကလေးက မူလတန်းမှာ ၆ဝ ရာခိုင်နှုန်း မိခင်ဘာသာစကား အသုံးပြုပြီး သင်ကြားရမယ်၊ အလယ်တန်းမှကျတော့ ၄ဝ ရာခိုင်နှုန်းသင်ကြားရမယ် ၊ အထက်တန်းနဲ့ တက္ကသိုလ်မှာကျတော့ ဒါတွေမပါတော့ပဲနဲ့ ရုံးသုံးဘာသာစကားဖြစ်တဲ့ မြန်မာဘာသာစကား နဲ့ နိုင်ငံတကာသုံးဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကားကို အထက်တန်းနဲ့ တက္ကသိုလ်မှာ အဲ့နှစ်ခုပဲ သင်တော့မယ်၊ ဒါသင်ကြားရေးစနစ်ထဲမှာမှ ဒီလိုပုံစံနဲ့သင်တာက ကလေးတွေအတွက် နားလည်မှုအလွယ်ဆုံး ဘာသာစကားဖြစ်နေတဲ့အတွက်ပါ။

အချုပ်အားဖြင့်ပြောရရင် ကျောင်းသားနဲ့ NNER ပညာရေးကွန်ရက်က တောင်းဆိုနေတဲ့ ဒီမိုကရေစီ ပညာရေးဥပဒေကြောင့် ဘာသာခြားတွေရဲ့ ဘာသာရေးသင်ကျောင်းတွေ ပေါ်ပေါက်လာမှာမဟုတ် သလို၊ နိုင်ငံသားအားလုံးအတွက် ကိုယ့်မွေးရာပါ ဘာသာစကားတွေနဲ့ ဝိဇ္ဖာ၊ သိပ္ပံ ဘယ်ပညာကိုမဆို လွယ်လွယ်ကူကူ နားလည်သင်ယူခွင့်ရပြီး တကယ့်ပညာတတ်တွေ ဖြစ်လာအောင်ဆောင်ရွက်တာလို့ ပြောကြပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။