Star Sapphire ကုမ္ပဏီအုပ်စု စစ်ကောင်စီကို လက်နက်နဲ့ ငွေကြေး ထောက်ပံ့
2022.04.26

စစ်တပ်ရဲ့ အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ Star Sapphire Group ကုမ္ပဏီအုပ်စုဟာ အာဏာသိမ်း စစ်ကောင်စီကို ငွေကြေးနဲ့ လက်နက်တွေ ထောက်ပံ့ပေးနေတဲ့အတွက် အမြန်ဆုံး ပစ်မှတ်ထားအရေးယူဖို့ လိုအပ်နေကြောင်း Justice For Myanmar အဖွဲ့က ဧပြီလ ၂၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
Star Sapphire Group ကုမ္ပဏီအုပ်စုဟာ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မိသားစုနဲ့ ဆက်နွှယ်ပတ်သက်နေပြီး စစ်တပ်နဲ့ လက်နက်အရောင်းအဝယ်၊ စီးပွားရေးလုပ်ငန်းတွေ၊ စစ်တပ်ရဲ့ မြန်မာ့ဦးပိုင်ကုမ္ပဏီလီမိတက်တွေကြားမှာ ကြားပွဲစားအဖြစ် အဓိကအခန်းက ပါဝင်ဆောင်ရွက်နေတာပါ။
Star Sapphire Group ကုမ္ပဏီကို ဒေါက်တာ ထွန်းမင်းလတ်နဲ့ ဇနီးဖြစ်သူ ဒေါက်တာဝင်းမင်းစိုးတို့က ထိန်းချုပ်ထားပြီး ထိုင်းနိုင်ငံက ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်၊ အခုဆိုရင် လွှတ်တော်အမတ်လည်းဖြစ်တဲ့ Upakit Pachariyangkun နဲ့လည်း ကာလကြာရှည် စီးပွားဖက်တွေလည်း ဖြစ်ကြပါတယ်။
ပေါက်ကြားလာခဲ့တဲ့ အချက်အလက်တွေအရ ဒေါက်တာ ထွန်းမင်းလတ်ဟာ အစ္စရေးနဲ့ တရုတ်ကုမ္ပဏီတွေကြား လက်နက်ပွဲစားအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီထဲမှာ Elbit Systems, အစ္စရေး သင်္ဘောကျင်းတွေ၊ အစ္စရေးလေကြောင်းလုပ်ငန်းတွေ တရုတ်ရဲ့ အရပ်ဘက်၊ စစ်ဘက်ဆိုင်ရာ ပစ္စည်းမျိုးစုံထုတ်လုပ်တဲ့ နိုင်ငံပိုင်ကာကွယ်ရေးကော်ပိုရေးရှင်း NORINCO တို့ ပါဝင်ပြီး မြန်မာပြည်သူတွေအပေါ် စစ်တပ် ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီခဲ့ပါတယ်။
ဒေါက်တာ ထွန်းမင်းလတ်ဟာ လေတပ်ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးခင်မောင်လတ်ရဲ့သားဖြစ်ပြီး သူ့ရဲ့ စီးပွားရေးကို မြန်မာစစ်တပ်နဲ့ ဆယ်စုနှစ်တွေနဲ့ချီ ပူးပေါင်းလုပ်ကိုင်တည်ဆောက်ခဲ့တာပါ။ ဦးခင်မောင်လတ်ဟာ အရင်စစ်အစိုးရလက်ထက်မှာ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဖြစ်ခဲ့ပါတယ်။
၁၉၉၉ ခုနှစ်မှာ ထိုင်းနဲ့ နယ်စပ် တာချီလိတ်မြို့မှာ တရားမဝင် ကာစီနို လောင်းကစားရုံတစ်ရုံ ဖွင့်လှစ်ခဲ့ပြီး သားဖြစ်သူ ဒေါက်တာထွန်းမင်းလတ်ကလည်း လွှတ်တော်အမတ် Upakit Pachariyangkun နဲ့အတူ ကာစီနိုလုပ်ငန်းကို ကြီးကြပ်ဆောင်ရွက်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ကာစီနိုကို စစ်တပ်ရဲ့ စစ်ထောက်ချုပ်ရုံးထံ လွှဲပြောင်းပေးလိုက်ပါတယ်။ ကာစီနိုကရတဲ့ ရှယ်ယာ အမြတ်ငွေ ၆ ရာခိုင်နှုန်းဟာလည်း လမ်းကြောင်းပြောင်းသွားတဲ့အတွက် လွှတ်တော်က မသိရှိဘဲ ဖြစ်သွားရပါတယ်။ Allure Resort နဲ့ ဆက်နွှယ်နေတဲ့ Star Sapphire ကုမ္ပဏီအုပ်စုရဲ့ ကျယ်ပြန့်တဲ့ စီးပွားရေး အကျိုးအမြတ်ကွန်ရက်မှာ ငွေကြေးခဝါချတာ ဘဏ္ဍာရေးမသမာမှုတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ ၂၀၁၃ ခုနှစ်အတွင်း စစ်တပ်ကျောထောက်နောက်ခံပြု၊ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP အစိုးရလက်ထက်မှာ ပြည်ထဲရေးဝန်ကြီးဌာနပိုင် မြေပေါ်မှာ Hotel Dawei တည်ဆောက်ဖို့ ဒေါက်တာထွန်းမင်းလတ်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီငှားရမ်းခငွေတွေဟာ စစ်ကောင်စီ ပြည်ထဲရေးဌာနရဲ့ ဝင်ငွေရင်းမြစ်တစ်ခုဖြစ်လာခဲ့ပြီး ဒီအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ တာဝန်ရှိပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာတွေ၊ ဒီမိုကရေစီလှုပ်ရှားသူတွေကို နှိပ်စက်ညှဉ်းပန်းတာတွေအပါအဝင် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ပါတယ်။ တိုင်းရင်းသားဒေသတွေမှာလည်း Star Sapphire ကုမ္ပဏီက ၂၀၀၁ ခုနှစ် ကတည်းက စစ်တပ်နဲ့အကျိုးတူ သတ္တုမိုင်းလုပ်ငန်း လုပ်ကိုင်ခဲ့ရာမှာ လူ့အခွင့်အရေးဖောက်ဖျက်မှုတွေ၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုတွေ ပေါ်ပေါက်ခဲ့ရပါတယ်။ Star Sapphire ရဲ့ သတ္တုမိုင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Royal Mawtaung ကို စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန်က ပူးတွဲ ပိုင်ဆိုင်ပါတယ်။ အဲဒီကုမ္ပဏီ ဘာတွေလုပ်ကိုင်နေတာလဲ ဆိုတာတော့ မသိရပါဘူး။
စွမ်းအင်ကဏ္ဍမှာ Star Sapphire ရဲ့ မြန်မာစီးပွားရေးအတိုင်ပင်ခံအဖွဲ့ဟာ ဟောင်ကောင် VPower အုပ်စုနဲ့ တရုတ်အစိုးရပိုင် သဘာဝဓာတ်ငွေ့ရည် စီမံကိန်းတွေမှာ ဒေသတွင်းလုပ်ဖော်ကိုင်ဖက်တွေအဖြစ်ပါဝင်ကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး Justic For Myanmar အဖွဲ့ပြောခွင့်ရသူ မရတနာမောင်က - ဒေါက်တာ ထွန်းမင်းလတ်နဲ့ သူ့လူတွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း စစ်တပ်ရဲ့ စနစ်တကျ အကျင့်ပျက်ခြစားမှုနဲ့အတူ ချမ်းသာ ကြွယ်ဝလာခဲ့ကြကြောင်း၊ သူတို့ဟာ စစ်တပ်ကို ငွေကြေးရော၊ လက်နက်ပါ ဖြည့်ဆည်းပေးခဲ့ကြတဲ့အတွက် မြန်မာပြည်သူတွေအပေါ် ဆိုးရွားလှတဲ့ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြကြောင်း၊ အာဏာသိမ်းစစ်ကောင်စီဟာ အကြမ်းဖက်အဖွဲ့တစ်ဖွဲ့သာဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေ၊ ထင်သလို ဖမ်းဆီးထိန်းသိမ်းတာတွေ၊ မုဒိမ်းမှုတွေ ကျုးလွန်ခဲ့ကြကြောင်း၊ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့လည်း အားမကိုးရတဲ့ အာဆီယံရဲ့နောက်မှာ ပုန်းကွယ်မနေကြဘဲ အကြမ်းဖက်စစ်ကောင်စီအပေါ် ပစ်မှတ်ထားပိတ်ဆို့တာတွေ၊ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးနဲ့လက်နက်ပိတ်ဆို့တာတွေ ချမှတ်ဆောင်ရွက်ကြပြီး မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးကို ထောက်ကူပေးကြဖို့ ဆော်ဩလိုက်ပါတယ်။