ဒေါ်လာဘီလီယံချီတဲ့ မရဏကုန်သွယ်ရေး
2023.05.25

မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက အမေရိကန်ဒေါ်လာ အနည်းဆုံး တစ်ဘီလီယံတန်ဖိုးရှိတဲ့ လက်နက်တွေ ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ စွယ်စုံသုံးပစ္စည်းတွေ၊ ကုန်ကြမ်းပစ္စည်းတွေကို တင်သွင်းခဲ့ပါတယ်။ အာဏာသိမ်း စစ်ကောင်စီအနေနဲ့ နိုင်ငံတကာရဲ့ဝိုင်းဝန်းပြစ်တင်ရှုတ်ချခံနေရပြီး လက်နက်ပိတ်ဆို့ အရေးယူတာတွေ ချမှတ်ခံနေရတဲ့ကြားက လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်လက်ရရှိနေတာပါ။
ဒါ့ပြင် အာဏာသိမ်းစစ်ကောင်စီဟာ ကျယ်ပြန့်တဲ့ အထောက်အကူပြုကွန်ရက်တစ်ရပ်နဲ့အတူ ကိရိယာတွေ၊ စက်ပစ္စည်းတွေ၊ ကုန်ကြမ်းတွေ စတာတွေနဲ့အတူ၊ လက်နက်မျိုးစုံထုတ်လုပ်မှုကို တိုးချဲ့နေပြီး အဲဒီလက်နက်တွေနဲ့ မြန်မာပြည်သူတွေအပေါ် ဖိနှိပ်နေတာဖြစ်ကြောင်းလည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် တွမ်ဒရူး (Tom Andrews) က ထုတ်ပြန်ပြောဆိုပါတယ်။
တွမ်ဒရူးရဲ့ထုတ်ပြန်ချက်မှာ ကုလအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့အရေးယူတာ အပါအဝင်၊ ဖိအားပေးတာတွေ ချမှတ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ပိတ်ဆို့အရေးယူတာတွေမှာ ချိတ်ဆက်လှုပ်ရှားဆောင်ရွက်မှုတွေ မရှိခဲ့သလို ထိရောက်တဲ့ ဖိအားပေးတာတွေလည်း မရရှိခဲ့တဲ့အတွက် ဖြစ်ပါတယ်။
ဥပမာ - လက်နက်ပွဲစားတွေနဲ့ တခြားဆက်နွှယ်ပတ်သက်နေသူတွေဟာ စစ်ကောင်စီနဲ့အချိတ်အဆက်ရှိနေပြီး ဟန်ပြလုပ်ငန်းတွေ နဲ့အတူ အလွယ်တကူရှောင်တိမ်းနိုင်စွမ်း ရှိကြပါတယ်။ ဒါကြောင့် လက်နက်တွေ မြန်မာစစ်တပ်ဆီ ရောက်ရှိမသွားဖို့ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ အရေးကြီးတဲ့ ရွေးချယ်စရာတွေ ရှိနေပါတယ်။ အဲဒီထဲမှာ စစ်ကောင်စီရဲ့အဓိကဝင်ငွေရရှိရာ ရင်းမြစ်တွေ၊ မြန်မာနိုင်ငံအတွင်း လက်နက်စီးဆင်းမှုပိတ်ဆို့ရေးတွေ၊ မြန်မာပြည်သူတွေရဲ့လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးတွေ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကတော့ လူ့အခွင့်အရေးနဲ့လူသားအဖြစ်ကို ဆန့်ကျင်တဲ့ရာဇဝတ်မှုတွေအဖြစ် ထင်ရှားတဲ့ ဖြစ်ရပ်ပေါ်ပေါက်ခဲ့ပါတယ်။
ဧပြီလ ၁၁ ရက်နေ့က၊ ၂၅၀ ကီလို ဗုံး နှစ်လုံး တင်ဆောင်လာတဲ့ Yak-130 တိုက်လေယာဉ်တစ်စင်း၊ တံတားဦးလေတပ်အခြေစိုက် စခန်းကနေ မနက် ၇ နာရီ ၁ဝ မိနစ်နဲ့ ၇ နာရီ ၁၅ မိနစ် ကြားမှာ ပျံတက်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီး ကျေးရွာပေါ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒေသခံသုံးရာဝန်းကျင်တက်ရောက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရုံးခန်းဖွင့်ပွဲအခမ်းအနားကို တိုက်ခိုက်ခဲ့တာပါ။ ပထမ တိုက်လေယာဉ် ဗုံးကြဲအပြီး ချက်ခြင်းဆိုသလို MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စင်း မုံရွာ အခြေစိုက်စခန်းကနေ ရောက်ရှိ လာပြီး၊ တစီး က စက်သေနတ် နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ပဇီကြီးရွာ တိုက်ခိုက်မှုမှာ၊ ဒေသခံ အနည်းဆုံး ၁၆၀ သေဆုံးခဲ့ပြီး အဲဒီထဲက ၄၀ နီးပါးဟာ ကလေးသူငယ်တွေဖြစ်ပါတယ်။ သေဆုံးသူတွေထဲက မည်သူမည်ဝါအဖြစ် သိရှိနိုင်သူ ၅၉ ဦးကိုသာ ဖော်ထုတ်နိုင်ပြီး ကျန်တဲ့သူတွေရဲ့ ရုပ်အလောင်း အစိတ်အပိုင်းတွေကိုတော့ တစ်စစီ ဆက်စပ်ကောက်ယူမြှုပ်နှံခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ မြန်မာစစ်ကောင်စီရဲ့ လူသား ဖြစ်တည်မှုကို ဆန့်ကျင်တဲ့ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ဖြစ်ကြောင်း ပြည်တွင်းပြည်ပသတင်းတွေမှာ ဖေါ်ပြခဲ့ကြပါတယ်။

အဲဒီ ရက်စက်ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုဟာ မြန်မာစစ်ကောင်စီအနေနဲ့ နိုင်ငံတကာက ထောက်ပံ့ထားတဲ့ လက်နက်တွေ ရုရှားက တင်ပို့တဲ့ Yak-130 လေယာဉ်၊ Mi 35 ရဟတ်ယာဉ်တွေ၊ PK စက်သေနတ် ခဲယမ်းကျည်ဆန်တွေနဲ့ ကိုယ့်ရဲ့ပြည်သူတွေကို ကိုယ်တိုင် ပြန်ပြီး သတ်ဖြတ်နေတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ဗုံးနဲ့ စက်သေနတ် စတဲ့ ပြည်တွင်းဖြစ်ကာကွယ်ရေးလက်နက်ကုန်ကြမ်းတွေဟာ စင်္ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတွေက လာတာဖြစ်ကြောင်းလည်း သတင်းတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်နှစ် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့ချိန်ကစပြီး စစ်တပ်က ပြည်သူအနည်းဆုံး ၃၅ဝဝ ဝန်းကျင်ကို သတ်ဖြတ်၊ အနည်းဆုံးနိုင်ငံရေးအကျဉ်းသား နှစ်သောင်းနှစ်ထောင်ကို အကျဉ်းချ ပြည်သူတစ်သန်းခွဲကျော်ကို အဓမ္မနေရာရွှေ့ပြောင်းခဲ့ပါတယ်။