မြန်မာ့ဒီမိုအရေးအသက်ပေးခဲ့သူတွေအတွက် တောင်ကိုရီးယားဘုန်းတော်ကြီးတွေ ဆုတောင်း

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.01.28
မြန်မာ့ဒီမိုအရေးအသက်ပေးခဲ့သူတွေအတွက် တောင်ကိုရီးယားဘုန်းတော်ကြီးတွေ ဆုတောင်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြိုတွင် ဇန်နဝါရီလ ၂၈ မနေ့နေ့လယ်က ကျင်းပခဲ့သော တောင်ကိုရီးယားဘုန်းတော်ကြီးများ၏ ဆုတောင်းပွဲ။
Photo: CJ

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေရဲ့ပစ်ခတ်မှု၊ စစ်ဆေးရေးအဖွဲ့တွေရဲ့ ဖမ်းဆီးနှိပ်စက်မှုကြောင့် အသက်ဆုံးပါးခဲ့ရတဲ့ ဒီမိုကရေစီအရေး ဆောင်ရွက်ခဲ့သူတွေအတွက် ဆုတောင်းပွဲတစ်ခုကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ဇန်နဝါရီလ ၂၈ ရက်နေ့ မနေ့က ကျင်းပခဲ့ပါတယ်။ ပါဝင်ဆုတောင်းတဲ့ တောင်ကိုရီးယား ဘုန်းတော်ကြီးတွေဟာ မြန်မာသံရုံးကနေ မြန်မာစစ်ကောင်စီရုံးအထိ သွားရာလမ်းတလျှောက်ကို ထိခြင်းငါးပါးနဲ့ ၃ နာရီကြာမျှ ပင်ပန်းကြီးစွာ ကြွချီခဲ့ကြတယ်လို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) ပူးတွဲဥက္ကဋ္ဌ မနှင်းဝတ်ရည် က RFA ကိုပြောပါတယ်။

“ကိုရီးယားမှာရှိတဲ့ အကြီးဆုံး ဗုဒ္ဓဘာသာဂိုဏ်းက ဆရာတော်တွေ ကနေပြီး Seoul မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ဆုတောင်းမေတ္တာ ပို့သပြီးတော့ ကျန်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချကြောင်း စာရေးပြီးတော့ မြန်မာသံရုံးရဲ့ စာတိုက်ပုံးမှာ ထည့်ခဲ့တယ်။ ပြီးတော့ မြန်မာသံရုံး ရှေ့ကနေပြီးတော့ မြန်မာစစ်သံရုံးရှေ့အထိ ချီတက်သွားခဲ့တယ်။ တောင်ကိုရီးယား ဆရာတော်တွေက အဲဒီလို သွားတဲ့လမ်း တလျှောက်မှာ မြေပြင်ကို ထိခြင်းငါးပါးနဲ့ ကန်တော့ပြီးတော့ ဆုတောင်းမေတ္တာ ပို့သသွားတယ်၊ ထိခြင်း ငါးပါးနဲ့ ကန်တော့တယ်ဆိုတာ အရမ်းပင်ပန်းတယ်၊ ကန်တော့တယ် လက်အုပ်ချီတယ်။ မြေပေါ်ကို ဝမ်းလျားမှောက်ပြီး လှဲတယ်။ ပြီးရင် ပြန်ထတယ် လမ်းပြန်လျှောက်တယ်။ လမ်းတလျှောက်ကို ထိခြင်းငါးပါးနဲ့ ကန်တော့ပြီးတော့ ဆုတောင်းမေတ္တာ ကျမတို့ မြန်မာပြည်သူအတွက် ပို့သပေးတယ်။ ဒီနေ့ပွဲမှာ ကိုးရီးယားအရပ်ဘက်ဖွဲ့အစည်းက အယောက် ၂ဝ လောက် တက်ရောက်တယ်၊ မီဒီယာတွေလည်း လာခဲ့တယ်။ ဒီနေ့အခမ်းအနားက ကိုရီးယားစံတော်ချိန် နေ့လည် ၁ နာရီမှာ စတင်ကျင်းပတယ်။ ညနေ ၄ နာရီဝန်းကျင်လောက်မှာမှ ပြီးပါတယ်ရှင့်”

အမေရိကန်ပြည်ထောင်စုရှိ မြန်မာ့အရေးလှုပ်ရှားသူ ဆရာတော် အရှင်ဇဝနကလည်း တောင်ကိုရီးယားဘုန်းတော်ကြီးတွေရဲ့ စာနာမှုကို ကျေးဇူးတင်ပါတယ်။ တပြိုင်နက်မှာပဲ မြန်မာပြည်က စစ်ခေါင်းဆောင်တွေနဲ့ပူးပေါင်းနေတဲ့ ဗုဒ္ဓဘာသာ ဆရာတော်တွေအတွက် အရှက်ရမိတယ်လို့ မိန့်ကြားပါတယ်။

“ဦးဇင်းတို့ ပြည်သူပြည်သားတွေရဲ့ ဒုက္ခကို ထပ်တူခံစားနိုင်တယ်ဆိုတဲ့ ဗုဒ္ဓရဲ့အသိအပြင် နှလုံးသားအသိပါ ခံစားပြီးတော့ ဦးဇင်းတို့ ပြည်သူပြည်သားတွေ ဘက်ကနေပြီး စာနာထောက်ထားပေးတဲ့ တောင်ကိုးရီယားက ဘုန်းတော်ကြီးတွေကို ဦးဇင်းတို့ အနေနဲ့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ဒီလိုကျေးဇူးတင်တာနဲ့ တပြိုင်နက်တည်း ဦးဇင်းတို့ တိုင်းပြည်မှာ အလံမလဲဘဲနဲ့ ယနေ့တိုင်အောင် သပိတ်တိုက်ပွဲ ဆင်နွှဲနေတဲ့ မန္တလေးက သံဃာ့သမဂ္ဂလို ဆရာတော်သံဃာတော်များ၊ နွေဦးတော်လှန်ရေး သံဃာ့ကွန်ရက်ဆိုတဲ့ ဆရာတော် သံဃာတော်များ မတရား ယုတ်မာရက်စက်နေတဲ့ စစ်အစိုးရကို ဆန့်ကျင် တော်လှန်နေတဲ့ မြန်မာပြည်က အရှင်သံဃာတော်မြတ်တွေကလည်း အင်မတန် ကျေးဇူးတင်ထိုက်တဲ့ သံဃာတော်တွေပါပဲ။ ဒါပေမဲ့ ဒကာ ဒကာမတွေရဲ့ ဆွမ်းကို စားပြီး ဒကာဒကာမတွေ ဒုက္ခရောက်နေတာကို မကြည့်အားဘဲ စစ်ကောင်စီ လူသတ်ကောင် တကယ့် ဆိုးယုတ်တဲ့ မိစ္ဆာ တကမ္ဘာလုံးက ရွံရှာမုန်းတီးနေတဲ့သူတွေကို မိမိတို့ရဲ့ လာဘ်လာဘအတွက် အရှက်မရှိ ပေါင်းစည်းနေတဲ့ ဆရာတော် သံဃာတော်တွေ အတွက်လည်း အင်မတန်အရှက်ရပါတယ်။ ပြည်သူတွေဘက်က မားမားမတ်မတ် ရပ်တည်နေတဲ့ ဆရာတော် သံဃာတော်တွေကို ဦးညွှတ်ဂါဝရပြုလိုက်ပါတယ်”

ဒီအတောအတွင်း စစ်တပ်အာဏာသိမ်းမှု ၁ နှစ်ပြည့်တဲ့ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာတပြည်လုံး အသံတိတ်သပိတ်ဆင်နွှဲဖို့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက စီစဉ်နှိုးဆော်နေပြီး NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြည်သူတွေရဲ့ အင်အားကိုယုံကြည်သလို လုံခြုံရေးအတွက်လည်း သတိထားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

“အကြမ်းဖက် စစ်ကောင်စီအနေနဲ့ ခုလိုမျိုး နေ့တွေမှာ အသံတိတ်ဆန္ဒပြတာ အပါအဝင် နည်းပေါင်းစုံနဲ့ ပြည်သူ့ရဲ့ဆန့်ကျင်မှု ခွန်အားကို ထုတ်ပြတာကို တုန်လှုပ်ခြောက်ခြားလေ့ ရှိပါတယ်။ အခုဆိုရင်လည်း ကြိုတင်ပြီး တားဆီးဖို့ လုပ်ဆောင်နေတယ်။ ပြီးခဲ့တဲ့ အောင်မြင်ခဲ့တဲ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့တုန်းကလည်း တကယ်ပါဝင်ခဲ့တဲ့ လူတွေကို အပြစ်ပေး အရေးယူဖို့ လုပ်ဆောင်နေပါတယ်။ သူတို့အနေနဲ့ ပြည်သူလူထုရဲ့ စုစည်းအားနဲ့ အသံကို တုန်လှုပ်ခြောက်ခြားနေတယ် ဆိုတာ ပြသနေတယ်။ တချိန်တည်းမှာလည်း သူတို့စိတ်ထဲမှာ ပြည်သူလူထုအပေါ်မှာ တားဆီးနိုင်မယ်ဆိုရင် ဒါတွေက ပါဝင်တော့မှာ မဟုတ်ဘူးဆိုတဲ့ပုံစံဖြစ်ပါတယ်။ အဲဒီတော့ ရန်သူရဲ့ အားနည်းချက်ကို ကြည့်ပြီးတော့ ကိုယ့်ရဲ့ အားကောင်းချက် ဖြစ်အောင် ဖန်တီးဖို့အတွက် ဆက်လက်ပြီး တိုက်ပွဲဝင်ဖို့ လိုအပ်ပါတယ်။ တဖက်မှာလည်း ကျနော်တို့အနေနဲ့ တကယ့်ကို ပါဝင်ဖို့လဲ လိုအပ်သလို ကိုယ့်ရဲ့ ထိခိုက်မှု၊ ပျက်စီးဆုံးရှုံးမှု၊ နစ်နာမှုတွေကို နည်းနိုင်သမျှနည်းအောင် သတိနဲ့ ယှဉ်ပြီး လုပ်ဆောင်တာတွေ၊ နောက်တခါ ကိုယ့်ရဲ့ခေါ်ထားတဲ့ သပိတ်ရဲ့ ရည်ရွယ်ချက်ကို မပျက်ဘဲနဲ့ အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့အတွက် နည်းပညာပိုင်းတော့ လိုအပ်ပါလိမ့်မယ်။ အဲဒီတော့ တော်လှန်သပိတ်၊ ဆိတ်ငြိမ်သပိတ်တွေမှာ ပါဝင်မှုနဲ့ ပြည်သူ့အားတွေ ပြည်သူတွေရဲ့ ဆန္ဒကို ထုတ်ဖော်ပြလို့ရသလို ကိုယ့်အတွက် အန္တရာယ် ကင်းပြီးတော့ ထိခိုက်နစ်နာမှုနည်းတဲ့ နည်းလမ်းကို သတိပြုပြီးလုပ်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်။”

အဲဒီနေ့မှာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာရောက် မြန်မာတွေက ကျယ်ကျယ်ပြန့်ပြန့် ကျင်းပဖို့စီစဉ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။