စစ်ကောင်စီကို တော်လှန်ဖို့ ရဟန်းအဖြစ်ကိုစွန့်ပြီး လက်နက်စွဲကိုင်ခဲ့သူ

ဂျူလိုင်မျိုး(ဝါရှင်တန်ဒီစီ)
2021.06.10

"အရင်တုန်းက ကျနော်တို့က ပါဏာတိပါတကံကို မကျူးလွန်ဖို့ မသတ်ဖို့ တားမြစ်ရတဲ့ ပုဂ္ဂိုလ်တွေပေါ့နော်။ အခု စစ်ယူနီဖောင်းကို ဝတ်လိုက်တဲ့အချိန်မှာတော့ ပါဏာတိပါတကံကို ကျူးလွန်ဖို့ စနစ်တကျ လေ့ကျင့်နေကြတာပေါ့”

စစ်ကောင်စီကို တော်လှန်ဖို့ ရဟန်းဘဝကို စွန့်ခွာပြီး လက်နက်စွဲကိုင်ခဲ့တဲ့ ဂျော့မိုက်ကယ် တဖြစ်လဲ ဦးဇင်း ဦးကေသရ ပါ။ အသက် နှစ်ဆယ်ကတည်းက ရဟန်းဘောင်ကို ဝင်ရောက်ခဲ့ပြီးတဲ့နောက် ရဟန်းအဖြစ်နဲ့ ၁၃ ဝါတိုင်တိုင် နေထိုင်ပြီး ပရဟိတလုပ်ငန်းတွေကို တက်တက်ကြွကြွ ဦးဆောင်ခဲ့သူ၊ မိဘမဲ့ကလေးတွေကို ကျွေးမွေး စောင့်ရှောက်ထားသူ၊ စစ်တပ်က အာဏာသိမ်းအပြီး အစောပိုင်းကာလ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခဲ့ရာမှာ ဦးဆောင်ခဲ့သူ ဦးဇင်း ဦးကေသရဟာ လှိုင်သာယာ “ ဓမ္မဒါန သစ်ပင်ငယ်ကျောင်းတိုက်”ရဲ့ ကျောင်းထိုင်ဆရာတော်တပါးလည်း ဖြစ်ပါတယ်။

123207692_1794053714092531_2569148431214420919_n.jpg

“နှစ်လပိုင်း ၆ ရက်နေ့မှာ လှိုင်သာယာလမ်းလျှောက်သပိတ်ကို လူနည်းစုနဲ့ပါဝင်ပူးပေါင်းလုပ်ဆောင်ခဲ့တယ်။ ၆ ရက်နေ့ကနေ ၁၄ ရက်နေ့မဖြိုခွဲခင်အထိ တရက်မှမနားဘဲ စကစကို ဆန္ဒပြခဲ့ကြတယ်ပေါ့နော်။ ငြိမ်းချမ်းစွာပေါ့။”

မတ်လ ၁၄ ရက်နေ့က လှိုင်သာယာမှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်တွေက စစ်မြေပြင်တခုလို အင်အားသုံး ဖြိုခွင်းခဲ့ပါတယ်။ ဒီဖြိုခွင်းမှုမှာ သေဆုံးသူ ၆ဝ ထက်မနည်းရှိခဲ့ပြီး စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာကြောင့် လှိုင်သာယာမှာ နေထိုင်သူတွေလည်း မြို့ကို စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။

လှိုင်သာယာ ဒေသခံတွေကို စစ်ကောင်စီတပ်တွေ ဖြိုခွင်းနေချိန်က ဦးကေသရကတော့ မြို့တွင်းမှာ ရှိမနေခဲ့ဘဲ သပိတ်ခေါင်းဆောင်အနေနဲ့ ဖမ်းဝရမ်းအထုတ်ခံထားရတာကြောင့် တနေရာမှာ တိမ်းရှောင်နေခဲ့ရတာလို့ သူကဆိုပါတယ်။

မျက်စိရှေ့မှာ ကြုံခဲ့ရတာ မဟုတ်ပေမယ့် ဒီရက်ရက်စက်စက်ဖြိုခွင်းခံရမှုမှာ လှိုင်သာယာမြို့နယ်အတွင်း သူနဲ့အတူ ပရဟိတ အတူလုပ်ခဲ့ကြတဲ့ .... အာဏာရှင်ကို အတူဆန့်ကျင် ဆန္ဒပြခဲ့ကြတဲ့ သပိတ်အဖွဲ့ဝင်လူငယ်တွေ လည်း သေဆုံးခဲ့ရပါတယ်။

စစ်ကောင်စီတပ်တွေ လက်ချက်နဲ့ ရဲဘော်ရဲဘက်တွေကို ဆုံးရှုံးခဲ့ရတာက ဦးဇင်း ဦးကေသရကို လက်နက်ကိုင်ဖို့ တွန်းအားပေးခဲ့တာပါ။

“ကျနော်တို့ အပ်တိုတချောင်းတောင်မရှိဘဲနဲ့ စကစအစိုးရကို ယုံကြည်ချက်နဲ့ တော်လှန်ကြတယ်ပေါ့နော်။ ဒါပေမယ့် သူ့အနေနဲ့ ကျနော့်ကလေးတွေကို ပစ်ခတ်ပြီးနောက်မှာ ကျနော့်စိတ်တွေ ပြောင်းလဲသွားတယ်။ ကျနော်ဒီဘက်အခြမ်းကို ရောက်လာတဲ့အချိန်မှာ လက်နက်ကိုင်ဖို့ ယတိပြတ် ဆုံးဖြတ်နိုင်ခဲ့ပါတယ်”

လွတ်မြောက်နယ်မြေကို ရောက်တဲ့အခါ ဦးဇင်း ဦးကေသရဟာ ၁၃ ဝါရ ကျောင်းထိုင် ရဟန်းတပါး ဖြစ်တာကြောင့် လက်နက်ကိုင်တပ်ထဲမဝင်ဖို့ တာဝန်ရှိသူတွေက အကြိမ်ကြိမ် တားမြစ်ခဲ့ကြပေမယ့် နားချမရတဲ့ အဆုံးမှာတော့ သိက္ခာချ လူဝတ်လဲပြီး စစ်သင်တန်းတက်စေခဲ့တယ်လို့ သူက ဆိုပါတယ်။

monk-u-kyataya.jpg
လက်နက်ကိုင်တော်လှန်ရေးသမားဖြစ်လာတဲ့ လှိုင်သာယာမြို့နယ်က ကျောင်းထိုင်ဆရာတော် ဦးဇင်း ဦးကေသရ။

လက်နက်ကိုင် တော်လှန်ရေးသမား အဖြစ်ရောက်သွားပြီးတဲ့နောက် စစ်သင်တန်း တက်ရောက်နေချိန်အတွင်း ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါသလဲလို့ မေးမြန်းရာမှာတော့ …
.
“တပ်ထဲရောက်တဲ့အခါ ကျနော့်အကျင့်တွေ ကိုကျနော် တော်တော်ပြုပြင်ပြောင်းလဲခဲ့ရတယ်။ တောထဲရောက်နေတဲ့အခါကျတော့ ရဟန်းဘဝနဲ့ အရမ်းကြီးကွာတာတွေ ရှိတယ်။ အစားအသောက်အနေအထိုင် အပြောအဆိုက အစပေါ့။ ကျနော် ၁၃ ဝါလောက်နေခဲ့တာဆိုတော့ ဒီဒကာ ဒကာမတွေဆိုတဲ့ ကျနော် သုံးနှုန်းမိနေဆဲပေါ့နော်။ ကိုယ့်ကိုယ်ကို ပြောရင် ကျနော်လို့ ပြောရမှာလား ငါလို့ ပြောရမှာလားဆိုတဲ့ စိတ်တွေလည်း ရှိတယ်ပေါ့နော်။ ဒါပေမယ့် ကျနော် ကိုယ့်ကိုယ်ကို ဘာတွေးထားလဲဆိုတော့ ငါသည် ရဟန်းတပါးမဟုတ်တော့ဘူး။ စစ်သားတယောက်ဖြစ်သွားပြီပေါ့နော်။ အဲဒါကြောင့် စစ်သားတယောက် စားတဲ့အတိုင်း ကျနော်စားနိုင်အောင်ကြိုးစားတယ်။ စစ်သားတယောက်သွားတဲ့အတိုင်း သွားနိုင်အောင် ကြိုးစားတယ်။ အများနည်းတူ ကြိုးစားခဲ့ရတာတွေ အများကြီးရှိတယ်ပေါ့နော်”

လက်ရှိအချိန်မှာ ဂျော့မိုက်ကယ် အဖြစ် နာမည်ပြောင်းထားတဲ့ ဦးဇင်း ဦးကေသရဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုက လေ့ကျင့်သင်ကြားပေးတဲ့ စစ်သင်တန်းပြီးမြောက်သွားချိန်မှာတော့ ရာထူးတခုနဲ့ တာဝန်ထမ်းဆောင်နေပါပြီ။ သူတာဝန်ယူနေရတဲ့ တပ်ရင်းနာမည်နဲ့ ရာထူးကိုတော့ လုံခြုံရေးအရ ပြောပြဖို့အတွက် အဆင်မပြေနိုင်ကြောင်း RFA ကို မေတ္တာရပ်ခံထားပါတယ်။

သူ့အနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ အပြန်အလှန် သူသေကိုယ်သေ ပစ်ခတ်ရတော့မယ့်အချိန်ကို တွေးမိလာတိုင်း ပါဏာတိပါတကံအကြောင်း သုံးသပ်မိပြီး တွေဝေမိကြောင်းလည်း အခုလိုပဲ ပြောပြပါတယ်။

“ငါ တိုက်ပွဲတွေမှာ တကယ်ပဲ ပစ်နိုင်ပါ့မလားပေါ့။ သူတို့ကို ငါတကယ်ပဲ သတ်ဖြတ်နိုင်မလားပေါ့။ ကျနော်ကိုယ်တိုင် ဒီသတ္တဝါတွေကို ကိုယ်တိုင်သတ်ဖြတ်ဖို့ နေနေသာသာ သူတပါးသတ်ရင်တောင် မသတ်ဖို့ အကြိမ်ကြိမ်တားမြစ်ခဲ့တယ်။ သူများသတ်မှာစိုးလို့ ကယ်တင်ပေးခဲ့တာတွေလည်းရှိတယ်ပေါ့။ ဒါပေမယ့် စစ်သားဖြစ်တဲ့အတွက် ရအောင် သုတ်သင်ဖို့တော့ ကျနော့်မှာ ဆန္ဒရှိပါတယ်။”

စစ်တပ်က အာဏာမသိမ်းခဲ့ရင် သာသနာ့ဝန်ထမ်း ရဟန်းတပါးအနေနဲ့ပဲ ဆက်ရှိနေဖြစ်မှာဖြစ်တယ်လို့လည်း ပျက်စီးခဲ့ရတဲ့ ရည်မှန်းချက်တွေကို ပြန်ပြောင်းပြောပြရင်း ဆိုပါတယ်။

“ကျနော်ရည်မှန်းထားတာက ဗုဒ္ဓတက္ကသိုလ်တခု ဆရာတော်နဲ့ တိုင်ပင်ပြီးတော့ ဖွင့်ချင်တယ်ပေါ့။ ဖွင့်ချင်တဲ့အတွက် ဒီသုံးထပ်ကျောင်းဆောင်ကြီးကို ပြီးစေချင်တယ်။ မှတ်မှတ်ရရ ဗိုလ်ချုပ်မွေးနေ့မှာ ပန္နက်ချဖို့ စီစဉ်ထားတာ။ ကျနော်သည် ပရဟိတလူမှုကယ်ဆယ်ရေးတွေနဲ့ လူမှုရေးလုပ်ငန်းတွေ အများကြီး လုပ်ခဲ့ပြီးသွားပြီ။ သာသနာနဲ့ ပတ်သက်တဲ့ မှတ်တိုင်တခု တည်ဆောက်ဖို့က ကျနော့် နောက်ဆုံးမျှော်လင့်ချက် နောက်ဆုံးအိပ်မက်ပေါ့။ အဲ့ဒီအိပ်မက်ကြီးက စကစက ရိုက်ချိုးလိုက်ပြီလို့ပဲ ပြောရမှာပေါ့”

monk-charity.jpg
ဦးဇင်း ဦးကေသရ ဖေဖော်ဝါရီလလယ်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်ခဲ့စဉ်။

တကယ်တော့ စစ်ကောင်စီကြောင့် ဦးဇင်းဦးကေသရရဲ့ အိပ်မက်တွေတင် ပျက်စီးခဲ့တာမဟုတ်ပါဘူး။ အာဏာသိမ်းနေတဲ့ကာလမှာပဲ မိခင်ကြီး ဆုံးပါးခဲ့ရပြီး သူ့အနေနဲ့ ရှောင်တိမ်းနေခဲ့ရတာကြောင့် မိခင်ရဲ့ ရုပ်ကလာပ် မြေချတာကို မကြည့်နိုင်ခဲ့သလို အုတ်ဂူကိုလည်း မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ တော်လှန်ရေးကြီး ပြီးရင် အဖြစ်ချင်ဆုံးက မိခင်ကြီးအုတ်ဂူကို သွားကြည့်ဖို့ပါပဲလို့ ပြောပါတယ်။

ဦးဇင်းဦးကေသရရဲ့ လက်နက်ကိုင်ဝတ်စုံနဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံံ့နှံ့ပြီးတဲ့နောက် လက်နက်ကိုင်တပ်ထဲ ဝင်ချင်လို့ ဆက်သွယ်လာသူ သံဃာတွေ အများပြားရှိခဲ့ပါတယ်။ သူ့အနေနဲ့ ဒီလမ်းကြောင်းကို ရွေးခဲ့တာ နောင်တမရပေမယ့် တခြားသံဃာတွေကိုတော့ ဒီလမ်းကြောင်းကို မရွေးစေချင်ဘူးလို့ အကြံပြုတိုက်တွန်းထားပါတယ်။

“အခုလို လက်နက်ကိုင်မှ တပည့်တော်တို့ အောင်မြင်မယ်ဆိုပေမယ့်လည်း ဆရာတော်ဘုရားတို့အနေနဲ့ လုပ်လို့ရတဲ့ လုပ်ငန်းတွေ အများကြီးရှိတယ်ပေါ့နော်။ တပည့်တော်တို့ ရဲဘော်လေးတွေ ကျသွားရင် ကျန်ရစ်ခဲ့တဲ့ မိသားစုတွေကို သွားရောက် လှူဒါန်းပေးတာ ဒါ ဘုရားလည်းကြိုက်တယ်။ ဝိနည်းလည်း လွတ်တယ်ပေါ့။ အဲ့ဒီတော့ သံဃာတော် အရှင်သူမြတ်များ လက်နက်ကိုင်လုပ်ငန်းစဉ်ကို သင်္ကန်းချွတ်ပြီး တပည့်တော်လို မလုပ်ဆောင်ဘဲနဲ့ အတွင်းမှာလည်း လိုအပ်တယ်ပေါ့နော်။ ဆရာတော်တို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ကူညီပေးတာကလည်း တော်လှန်ရေးမှာ တတပ်တအားပါဝင်တာနဲ့ အတူတူပါပဲပေါ့နော်”

ဦးဇင်း ဦးကေသရ သင်္ကန်းစွန့်ပြီး လက်နက်ကိုင်သွားသလိုပဲ မြန်မာနိုင်ငံအနှံ့အပြားက စစ်အာဏာရှင် ဆန့်ကျင်တဲ့ ရဟန်းသံဃာတွေဟာလည်း နေ့စဉ်အပြင်ထွက်ပြီး ဆန္ဒပြနေကြဆဲဖြစ်သလို ကျောင်းတိုက်တွေထဲမှာလည်း စစ်ကောင်စီ အလိုမရှိကြောင်း ညစဉ်ပရိတ်ရွတ်ပြီး ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။

စစ်တပ်က အဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုလအထိ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ဆရာတော်၊ သံဃာတော် စုစုပေါင်း ၁၈ ပါး ရှိသွားပြီလို့ သံဃာတော်တွေ အရေးနဲ့ပတ်သက်ပြီး စာရင်းပြုစုထားတဲ့ ဓမ္မနဲ့ငြိမ်းချမ်းရေး လူမှုကွန်ရက်စာမျက်နှာက အခုလ ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဒီအထဲမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိစ္စတွေမှာ ဝေဖန်ထောက်ပြလေ့ရှိတဲ့ ရွှေညဝါဆရာတော် ဦးပညာ သီဟ၊ ဦးသောဘိတ(အလင်္ကာကြယ်)၊ မြဝတီမင်းကြီးဆရာတော် ဦးအရိယာဘိဝံသနဲ့ ဦးတေဇနိယ(မန်း တောင်ခြေ)တို့လည်း ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။