ဘင်္ဂလားအစိုးရ စီစဉ်ပေးတဲ့ကျွန်း ရိုဟင်ဂျာတွေ မသွားလို
2019.10.21

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်က ရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ကို ထွက်ပြေးပြီး ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂဒေ့ရှ် အစိုးရက ဘာဆန်ချာကျွန်းပေါ်ကို ရွှေ့ပြောင်းပေးဖို့ စီစဉ်ထားပြီး ဒီအစီအစဉ်ကို ဒုက္ခသည်တချို့က လက်ခံထားတယ်လို့ ဒုက္ခသည်ရေးရာ ကော်မရှင်နာမင်းကြီး မာဘတ် အလန်က ပြောပါတယ်။
ဘာဆန်ချာကျွန်းဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အရှေ့တောင်ဘက် Hatiya ကျွန်းအရှေဘက် ကီလိုမီတာ ၃၀ ပတ်လည်မှာ ရှိပြီး ကီလိုမီတာ ၄၀ ကျယ်ဝန်းပြီး လူနေထိုင်မှုမရှိတဲ့ ကျွန်းဖြစ်ပါတယ်။
ဒီအစီအစဉ်ကို နောက်လမှာ စတင်အကောင်ထည်ဖော်မှာဖြစ်ပြီး လက်ရှိမှာဒုက္ခသည် ခြောက်ထောင်၊ ခုနှစ်ထောင် ဝန်းကျင်က သဘောတူကြတဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။ တကယ်တော့ ရခိုင်မြောက်ပိုင်းဘက်ကနေ ဘင်္ဂလားဒေ့ရ်ှကို ထွက်ပြေးသွားကြတာ ခုနစ်သိန်းကျော် ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို RFA ကဆက်သွယ်မေးမြန်းတဲ့အခါ အများစုက မပြန်လိုကြဘူးလို့ ပြောကြပါတယ်။
၂၀၁၅၊၂၀၁၆ နောက်ပိုင်း ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဘယ်သူမှမသွားလိုဘူးလို့ စခန်းအမှတ်(၂၀) ဘာလူဟာလီ ဒုက္ခသည်စခန်းက မိုဟာမတ် ဂျူဟာရ်က ပြောပါတယ်။
"၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ လောက်မှာရောက်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ကျွန်းမှာသွားဖို့ ဘယ်သူမှပြောတာမရှိဘူး၊ ကောလဟာလပါခင်ဗျ။ ကျနော်တို့စုံစမ်းတာတော့ မိမိသဘောဆန္ဒနဲ့ သွားမယ်ဆိုရင် သွားလို့ရတယ် ဒါပေမဲ့ သွားမယ့်သူမရှိဘူး"
စခန်းနေသူတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက စခန်းတာဝန်ခံတွေကတစ်ဆင့် ဒီကျွန်းကို သွားလို့တဲ့သူတွေကို မိမိ သဘောဆန္ဒအရ လျှောက်လွှာတင်ဖို့ ပြောဆိုတာတွေရှိတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။ တချို့ ဒုက္ခသည်တွေဟာ ဒီကျွန်းကိုသွားရောက်ဖို့ စာရင်းပေးတာတွေ ရှိနိုင်ပေမယ့် အများစုကတော့ သွားဖို့ဆန္ဒမရှိကြဘဲ တခါတုန်းက သူတို့နေထိုင်ရာ မြန်မာနိုင်ငံဘက်ကိုသာ ပြန်လာချင်ကြတယ်လို့ ကူတုပါလောင်ဒုက္ခသည်စခန်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအောင်မြိုင်ကပြောပါတယ်။
၂၀၁၇ နောက်ပိုင်း ရောက်လာတဲ့သူအများစုက မြန်မာနိုင်ငံကိုပဲ ပြန်ချင်တာရှိတယ်
"အများစုကမသွားချင်ကြပါဘူး ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ၂၀၁၇ ခုနှစ်နောက်ပိုင်း ရောက်လာတဲ့သူအများစု က မြန်မာနိုင်ငံကိုပဲ ပြန်ချင်တာရှိပါတယ်၊ အဲဒီကျွန်းကို အင်ဂျင်နီယာတို့ ဘာတို့လက်မခံဘူး၊ ရေကြီးတယ် မုန်တိုင်းတွေဖြစ်နေတယ်ဆိုတော့ အသက်အန္တရာယ် ရှိတာပေါ့နော် ဒါကြောင့်အများကတော့ ဒီဟာကို လက်မခံပါဘူး"
ဒီကျွန်းဟာ နှစ်စဉ်ရေကြီးတာ၊ မုန်တိုင်းတွေဖြစ်တာတွေရှိတာကြောင့် ဒုက္ခသည်တချို့ကတော့ ကျွန်းကို ရွှေ့ပြောင်းတာမျိုးမဟုတ်ဘဲ သွားရောက်လေ့လာတာမျိုးတွေ လုပ်လိုတဲ့ဆန္ဒတော့ရှိတယ်လို့ စခန်းအမှတ်(၂၀) ဘာလူဟာလီ ဒုက္ခသည် စခန်းက မိုဟာမတ် ဂျူဟာရ်က ပြောပါတယ်။
"တချို့ပုဂ္ဂိုလ်တွေက ဘင်္ဂလားဒေ့ရှ်အစိုးရကို တင်ပြတာရှိပါတယ်၊ အဲဒီကျွန်းကိုသွားပြီးတော့ ကြိုပြီးတော့ လေ့လာမယ်၊ ကျနော်တို့ နောက်ပြီးမှသွားမယ်၊ မကောင်းဘူးဆိုရင် မသွားဘူးပေါ့၊ ကြိုပြီးတော့ သွားကြည်လို့ရမလား အဲလိုဆန္ဒရှိပါတယ်"
လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ မုတ်သုန်ရာသီရောက်တိုင်း၊ ပြင်းထန်တဲ့ မုန်တိုင်းဒဏ်ကို အဲဒီကျွန်းက ခံရလေ့ရှိတာကြောင့် လူနေထိုင်ဖို့ မသင့်တော်ဘူးလို့ ကန့်ကွက်နေကြတာပါ။ Fortify Right လူ့အခွင့်အရေးအဖွဲ့က ကိုနစ်ကီဒိုင်းမွန်းကတော့ အခြေခံအဆောက်အအုံအပြင် ပြောင်းရွှေ့လာမယ့်သူတွေရဲ့ စားဝတ်နေရေးတွေ အဆင်ပြေအောင် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဘက်စုံစဉ်းစားဖို့လိုအပ်ပြီးတော့၊ ဒီကိစ္စကို နိုင်ငံတကာက စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
"အဲလူတွေကို အဲဘက်ကို ရွှေ့ပြောင်းဖို့စဉ်းတာဟာ အစိုးရအနေနဲ့ လုပ်သင့်မလုပ်သင့် ဘင်္ဂလားဒေ့ရှ်အစိုးရ အနေနဲ့ စဉ်းစားဖို့လိုတယ်၊ နိုင်ငံတကာက စောင့်ကြည်နေပြီးတော့ သူတို့ဇွတ်လုပ်မယ်ဆိုရင် ဒီလူတွေကိုပို့လိုက် လို့ ဟိုမှာ အဲလူတွေမှာနေထိုင်ဖို့ စားသောက်ဖို့အတွက် အခက်အခဲတွေဖြစ်မယ် အသက်ရှင်ဖို့အတွက် အခက် အခဲတွေဖြစ်မယ်ဆိုရင်လည်း ပြဿနာက ဘာရှိမလည်းဆို နိုင်ငံတကာက ဘင်္ဂလားဒေ့ရှ်အစိုးရကို ဝိုင်းလက်ညိုး ထိုးကြမှာပဲ"
ဘင်္ဂလားဒေ့ရ်ှအစိုးရအနေနဲ့ သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို လက်ခံထားရတာဟာ သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်တာကြောင့် အခုလိုစီစဉ်တာဖြစ်နိုင်သလို၊ လက်ခံလိုက်ကြတဲ့ ရိုဟင်ဂျာတွေဟာလည်း လက်ရှိ စခန်းတွေမှာ လည်း စားဝတ်နေရေး ကျပ်တည်းတာ၊ အင်တာနက်အသုံးပြုလို့မရတာ၊ ပညာရေး အခက်အခဲဖြစ်နေတာ၊ ဘင်္ဂလားဒေ့ရ်ှအစိုးကနေ အတင်းအကျပ် ပြန်ပို့မှာ စတဲ့အချက်တွေကို စိုးရိမ်တာကြောင့် အခုလို ကျွန်းကိုသွားဖို့ လက်ခံကြတာလည်း ဖြစ်နိုင်တယ်လို့ ကိုနစ်ကီဒိုင်းမွန်း ကပြောပါတယ်။
အစ္စလမ် ဘာသာရေးခေါင်းဆောင် ဦးအေးလွင်ကတော့ ဒီဒုက္ခသည်တွေ သဘောဆန္ဒမပါဘဲ ပြောင်းရွှေ့တာမျိုးတွေ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။
"ကာယကံများရဲ့ သဘောဆန္ဒမပါဘဲနဲ့ အတင်းအကျပ် လုပ်တာမျိုးတော့ မဖြစ်သင့်ဘူး၊ ကိုယ်အိမ်ကိုပြန်ဖို့ ကိစ္စတောင်မှာ ကျနော်တို့ သဘောတူညီချက်ထဲမှာ ဘာပါလည်းဆိုရင် (၁)အချက်က ဂုဏ်သိက္ခာရှိရမယ်၊ (၂)အချက်က သူတို့ရဲ့လွတ်လပ်တဲ့ဆန္ဒနဲ့ ပြန်ရမယ်၊ (၃)လုံခြုံစိတ်ချမှု ရှိရမယ်ဆိုတာ ပါပါတယ်၊ အဲကျွန်းကို အတင်းအကျပ်ပို့မယ်ဆိုရင် လုံးဝမဖြစ်သင့်တဲ့ကိစ္စလို့ ကျနော်မြင်ပါတယ်"
ဒီရိုဟင်ဂျာဒုက္ခသည်တွေကို ကျွန်းကို ရွှေ့ပြောင်းပေးမယ်ဆိုတာနဲ့ ပတ်သက်ပြီး ရန်ကုန်အခြေစိုက် ဘင်္ဂလားဒေ့ရ်ှ သံရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့အနေနဲ့ အသေးစိတ်မသိတာကြောင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းဖို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် ကော်မရှင်နာမင်းကြီး မာဘတ် အလန်ကတော့ (ဘင်္ဂလာလား) ကျွန်းပေါ်မှာ ရေလွှမ်းခြင်း မခံရအောင် ဒီရေလှိုင်းကာနံရံတွေ အပါအဝင်၊ လုံခြုံရေးအစီအစဉ်တွေ ဆောင်ရွက်ထားကြောင်း သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။