အရှေ့တောင်အာရှဒေသ ဆေးလိပ်သောက်သုံးမှု အများဆုံးဖြစ်ကြောင်း WHO ထုတ်ပြန်

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2024.01.17
အရှေ့တောင်အာရှဒေသ ဆေးလိပ်သောက်သုံးမှု အများဆုံးဖြစ်ကြောင်း WHO ထုတ်ပြန် ဆေးလိပ်သောက်နေသည့် ဖိလစ်ပိုင်အမျိုးသားတစ်ဦးကို တွေ့ရစဉ်။
AFP

ဆေးလိပ်နဲ့ အလားတူထွက်ကုန်တွေ အသုံးနည်းအောင် ဆောင်ရွက်နေတာကို ဆေးလိပ်လုပ်ငန်းရှင်တွေက အနှောင့်အယှက်ပေးပေမဲ့ ကမ္ဘာမှာ ဆေးလိပ်သောက်တဲ့ဦးရေ ကျဆင်းနေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က အစီရင်ခံစာ တစ်စောင်ထုတ်ပြန်ပါတယ်။

အကြမ်းဖျင်းအားဖြင့် မနှစ်က ၂၀၂၂ အတွင်း ကမ္ဘာမှာ သက်ကြီးငါးယောက်မှာ တစ်ယောက်နှုန်း ဆေးလိပ်သောက်တဲ့အတွက် ၂၀၀၀ ပြည့်နှစ်တုန်းက ငါးယောက်မှာ သုံးယောက်သောက်တဲ့ နှုန်းထက် ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ လူကြီးရော လူငယ်တွေပါ စီးကရက်သောက်ကြပါတယ်။ သက်ကြီးပိုင်းလောက်သာ ဆေးပေါ့လိပ်သောက်ကြပြီး လူငယ်တွေက ကွမ်းလည်းစား စီးကရက်လည်း အသောက်များတယ်လို့ ပြည်တွင်းက အမည်မဖော်လိုသူ တစ်ယောက်က ပြောပါတယ်။

“လူငယ်တွေက ဆေးပေါ့လိပ်တွေဘာတွေ မသောက်ဘူး၊ စီးကရက်ပဲ အသောက်များတယ်။ လူငယ်တွေက ကွမ်းလည်း စားကြတယ်။ အသက် ၄၀၊ ၅၀ တန်း လူကြီးတွေပဲ ဆေးပေါ့လိပ်သောက်ကြတယ်။”

ကမ္ဘာမှာ စီးကရက်အများဆုံး သောက်လေ့သောက်ထရှိပေမဲ့ ဆေးပြင်းလိပ်၊ Hookah ကမာကူဆိုတဲ့ ရေကတစ်ဆင့်ဖြတ်ပြီး ပိုက်နဲ့ ဆေးလိပ်ရှုရှိုက်တဲ့နည်းနဲ့ အငွေ့မထွက်တဲ့ ဆေးလိပ်သောက်တာတွေလည်း ရှိပြီး ဒါတွေ အားလုံးက ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်လို့ ပြောပါတယ်။

ဒါကြောင့်လည်း ဆေးလိပ်သောက်တာဟာ ကမ္ဘာက ရင်ဆိုင်နေရတဲ့ အန္တရာယ်အကြီးမားဆုံး ပြည်သူ့ကျန်းမာရေး ပြဿနာတွေထဲပါဝင်ပြီး နှစ်စဉ် လူ ၈ သန်းကျော် သေဆုံးရတယ်လို့ WHO က ပြောပါတယ်။ ဒီထဲက ၇ သန်းကျော်ဟာ ဆေးလိပ်သောက်တဲ့ လူတွေဖြစ်ပြီး ၁ ဒဿမ ၃ သန်းလောက်က ကိုယ်တိုင်မသောက်ဘဲ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှုရှိုက်ရာက သေဆုံးရတယ်လို့ ပြောပါတယ်။

ငယ်တုန်းရွယ်တုန်း ကိုယ်ခံအားကောင်းတုန်း မသိသာပေမဲ့ အသက်ရလာတဲ့အခါ ကျန်းမာရေး ထိခိုက်လာပါတယ်။ ဒါကို ပြည်တွင်းက အမည်မဖော်လိုသူ ဆေးလိပ်သောက်သူတစ်ယောက်က…

“ဆေးလိပ်ကတော့ အသက်အန္တရာယ်ပဲ။ ဆေးလိပ်သောက်ခြင်းအားဖြင့် အဆုတ်ထိခိုက်တာပေါ့နော်။ ကျွန်တော်ကိုယ်တိုင်ပဲ ပြီးခဲ့တဲ့ နှစ်ရက်က Medical Checkup ဆေးစစ်တော့ အဆုတ်မှာ Spots အစက် အပြောက်တွေ တွေ့တယ်။ ဘာလဲဆိုတော့ ဆေးလိပ်သောက်သလားဆိုတော့ ကျွန်တော်က ဆေးလိပ်သောက်တယ်လို့။ ဆေးလိပ်ကတော့ ကောင်းကျိုးမရှိပါဘူး။”

နောက်ဆုံး ခန့်မှန်းချက်အရ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဆေးလိပ်သောက်တဲ့သူ ၁ ဒဿမ ၂၅ ဘီလီယံရှိပြီး နိုင်ငံ ၁၅၀ မှာ အသက် ၁၅ နှစ်နဲ့ အထက်ရှိသူတွေ ဆေးလိပ်အသောက်လျော့သွားပေမဲ့ မြန်မာနိုင်ငံပါတဲ့ အရှေ့တောင်အာရှဟာ ကမ္ဘာ့လူဦးရေရဲ့ ၂၆.၅ ရာခိုင်နှုန်းနဲ့ ကမ္ဘာမှာ ဆေးလိပ်အများဆုံး သောက်ကြပြီး ဥရောပက ၂၅.၃ ရာခိုင်နှုန်းနဲ့ ဒုတိယလိုက်တယ်လို့ ဆိုပါတယ်။

(Photo: AFP)
(Photo: AFP)

ဆေးလိပ်သောက်နှုန်း လျော့ပါးအောင် ဘရာဇီးလ်နဲ့ နယ်သာလန်နိုင်ငံမှာ MPOWER ဆောင်ရွက်တာကို WHO က ဥပမာပေးပါတယ်။ MPOWER မှာ M က Monitor စောင့်ကြည့်တာ၊ P က Protect လူတွေ ဆေးလိပ်မသောက်အောင် ကြိုတင်ကာကွယ်တာ၊ O က Offer ဆေးလိပ်ဖြတ်ဖို့ အကူအညီပေးမယ်လို့ ကမ်းလှမ်းတာ၊ W က Warn ဆေးလိပ်အန္တရာယ် အသိပေးတာ၊ E က Enforce ဆေးလိပ်ကြော်ငြာတာ အရောင်းမြှင့်တင်တာ စတာတွေကို တားမြစ်တာနဲ့ R က Raise ဆေးလိပ်အခွန်အခ ကောက်ခံနှုန်း တိုးမြှင့်တာ စတာတွေနဲ့ ဆေးလိပ်သောက်သူ ကျဆင်းအောင် ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရော အသိပညာပေးတာရှိပါသလား၊ ပြည်တွင်းက လုံခြုံရေး အရ အမည်မဖော်လိုသူက…

“ဆေးလိပ်ထုပ်တွေ စီးကရက်ဘူးတွေပေါ်မှာတော့ ကျန်းမာရေး ထိခိုက်နိုင်တယ်လို့ ရေးထားတာ။ ကျန်တာတော့ သတင်းစာလည်း မဖတ်မိတော့ မသိဘူးပေါ့နော်”

ဆေးလိပ်ကြောင့် နှစ်စဉ် ကမ္ဘာမှာ လူ ၈ သန်း သေဆုံးရုံမက ဆေးလိပ်လုပ်ငန်းမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၈၄ သန်းသုံးတယ်လို့ WHO က မနှစ်က မေမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

ဆေးလိပ်ထုတ်လုပ်တဲ့ လုပ်ငန်းအဆင့်ဆင့်နဲ့ သယ်ယူပို့ဆောင်တဲ့ ကာဗွန်ခြေရာခံတဲ့အခါ ကမ္ဘာ့ကုန်သွယ်လေကြောင်းလုပ်ငန်းက ထွက်ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ရဲ့ ငါးပုံတစ်ပုံရှိပြီး ကမ္ဘာကြီး ပူနွေးစေဖို့ ဆေးလိပ်လုပ်ငန်းက တစ်ဘက်က ကူပံ့နေတယ်လို့လည်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။