မြန်မာစစ်တပ်ကို ကာကွယ်ရေးပစ္စည်းတွေ မတင်ပို့ဟု စင်ကာပူ ငြင်းဆို

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2023.02.15
မြန်မာစစ်တပ်ကို ကာကွယ်ရေးပစ္စည်းတွေ မတင်ပို့ဟု စင်ကာပူ ငြင်းဆို နေပြည်တော်တွင် ၂ဝ၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့က ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားတွင် တွေ့ရသည့် စစ်လက်နက်ပစ္စည်းများ။
AFP

မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့နဲ့ စစ်ကောင်စီရဲ့ လက်နက်ထုတ်လုပ်ရေး စက်ရုံတွေအတွက် ကုန်ကြမ်း ပစ္စည်းတွေ ဝယ်ယူရာမှာ စင်ကာပူနိုင်ငံက အရေးကြီးတဲ့ ကြားခံနိုင်ငံအဖြစ် ပါဝင်နေတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အရာရှိဟောင်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ SAC-M အဖွဲ့က ဇန်နဝါရီလ ၁၆ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

စင်ကာပူအခြေစိုက် Chartered Industries of Singapore၊ STE Global Trading ကုမ္ပဏီ၊ Excellence Metal Casting ကုမ္ပဏီ နဲ့ DPW Singapore Enterprise ကုမ္ပဏီတွေဟာ မြန်မာ စစ်တပ်ပိုင် လက်နက် ထုတ်လုပ်ရေး စက်ရုံတွေအတွက် ကုန်ကြမ်းနဲ့ နည်းပညာတွေ ထောက်ပံ့တယ်လို့ ဖော်ပြထားတာပါ။

ဒီ SAC-M အစီရင်ခံစာပါ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းဖြေကြားဖို့ လွှတ်တော် အမတ် Mr. Dennis Fong က စင်ကာပူ လွှတ်တော်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ရက်နေ့က မေးမြန်းတဲ့အခါ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာ ခရစ်ရှနန် က နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ယိုးရဲ့ ၂၀၀၇ ခုနှစ်က ဖြေကြားခဲ့ဖူးတာကို ပြန်ပြီး ရည်ညွှန်း ဖြေကြားသွားပါတယ်။

“စင်ကာပူနိုင်ငံဟာ မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးနေပါသလားဆိုတဲ့ မေးခွန်းကို ၂၀၀၇ခုနှစ်ကလည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ယိုးက ဖြေခဲ့ဖူးပါတယ်။ သူက အဲဒီအချိန်က အခုလို ဖြေခဲ့ပါတယ်။ ‘ကာကွယ်ရေး လက်နက်တွေ ရောင်းချတာနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို အများပြည်သူသိအောင် မထုတ်ပြန်ဖို့ ကျွန်တော်တို့ အစိုးရမှာ ခိုင်မာတဲ့ မူဝါဒရှိပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂရဲ့ လက်နက်တင်ပို့ရောင်းချမှု တားမြစ်ခံထားရတာ မရှိသေးပါဘူး။ တကယ်လို့ မြန်မာနိုင်ငံကို ကုလသမဂ္ဂက ပိတ်ဆို့အရေးယူမှု တစ်စုံတစ်ရာ ချမှတ်ရင် စင်ကာပူအနေနဲ့ လိုက်နာဖို့ အသင့်ရှိပါတယ်။ ဒါပေမဲ့လည်း စင်ကာပူက မြန်မာနိုင်ငံကို ကာကွယ်ရေးပစ္စည်း တင်ပို့ရောင်းချမှု ပမာဏ များများ မရှိဘူးလို့ ပြောနိုင်ပါတယ်။ ဒီထဲ အရပ်သားပြည်သူတွေကို ဖြိုခွင်းတဲ့အခါ အသုံးပြုတဲ့ နေရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ မပါဝင်အောင် သတိကြီးကြီးထားပြီး စစ်ဆေး ကန့်သတ်ထားပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာဆိုရင် စင်ကာပူကနေ မြန်မာနိုင်ငံကို ကာကွယ်ရေး ပစ္စည်း တင်ပို့မှု မရှိသလောက်ပါပဲ။ အနာဂတ်မှာလည်း ကျွန်တော်တို့အနေနဲ့ တာဝန်ယူမှုရှိရှိနဲ့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။’ ဒါက မစ္စတာ ယိုက ၂၀၀၇မှာ ပြောသွားတာပါ။ အဲဒီတုန်းကတည်းက မြန်မာနိုင်ငံကို ကာကွယ်ရေး ပစ္စည်း ရောင်းချမှု မရှိတာ နှစ်အနည်းငယ်ကြာခဲ့ပြီလို့ ပြောထားပါတယ်။ အခု ၁၆ နှစ်အကြာမှာလည်း အဲဒီ ရပ်တည်ချက်အတိုင်း မပြောင်းလဲသေးပါဘူး။”

ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပြုလုပ်တဲ့ မြန်မာစစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး သတင်းထုတ်ပြန်ချက်မှာတော့… ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံ သုံးနိုင်ငံဟာ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီ SAC-M အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ နာမည်တပ်ပြီး ဖော်ပြခံရတဲ့ စင်ကာပူကုမ္ပဏီတွေကို ဘယ်လို စစ်ဆေးထားပြီး၊ ဘယ်လို အရေးယူ ဆောင်ရွက်ဖို့ရှိပါသလဲ ဆိုတာ လွှတ်တော် အမတ်က ဆက်လက် မေးမြန်းခဲ့ရာမှာ-

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M အဖွဲ့ရဲ့အစီရင်ခံစာမှာ ပါတဲ့ စွပ်စွဲချက်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် လောက်က အကြောင်းအရာအချို့အပါအဝင် ကြာမြင့်တဲ့ အတိတ်က ဖြစ်ရပ်တွေ ဖြစ်တာတွေ့ရပြီး၊ အခုအချိန်မှာ သတင်းအချက်အလက် အကန့်အသတ်နဲ့သာ ရှိတဲ့အတွက်၊ တစ်ချိန်က နိုင်ငံခြားရေး ဝန်ကြီး ဂျော့ချ်ယိုး ပြောခဲ့တဲ့အတိုင်း လွန်ခဲ့တဲ့ ဆယ်နှစ်၊ ဆယ့်ငါးနှစ်လောက်အတွင်း မြန်မာနိုင်ငံကို ကာကွယ်ရေး ပစ္စည်း တင်ပို့မှု မရှိခဲ့ဘူးလို့ပဲ ပြောရမှာ ဖြစ်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာ ခရစ်ရှနန် ဖြေကြားခဲ့ပါတယ်။

“စစ်လက်နက်ပစ္စည်း တင်ပို့ရောင်းချမှုတွေအတွက် စင်ကာပူနိုင်ငံဟာ ကုလသမဂ္ဂရဲ့ စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းမှု မှတ်တမ်း အဖွဲ့ဆီကို ပုံမှန် အစီရင်ခံစာ တင်သွင်းနေပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လက မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက် နံပါတ် 75-287 ကို စင်ကာပူနိုင်ငံက ထောက်ခံမဲ ပေးခဲ့ပါတယ်။ ဒီ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံကို လက်နက်တွေ စီးဆင်းမှု ရပ်တန့်ဖို့ ကုလအဖွဲ့ဝင် နိုင်ငံတွေကို တိုက်တွန်းထားတာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ဥပဒေအရ မဖြစ်မနေ လိုက်နာဖို့ တာဝန်မရှိပေမယ့် စင်ကာပူနိုင်ငံဟာ မြန်မာနိုင်ငံကို လက်နက်လွှဲပြောင်းပေးမှု အားလုံး တားမြစ်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါ့အပြင် လက်နက်မဲ့ အရပ်သားတွေကို အကြမ်းဖက်တိုက်ခိုက်တဲ့နေရာမှာ အသုံးပြုလို့ ရနိုင်တယ်လို့ ဆုံးဖြတ်ထားတဲ့ ကုန်ပစ္စည်း အားလုံးကိုလည်း မြန်မာနိုင်ငံကို တင်ပို့ ခွင့်မပြုဖို့ ဆုံးဖြတ်ထားပါတယ်။ ဥပဒေကို မလိုက်နာသူတွေကိုလည်း အပြစ်ပေးအရေးယူဖို့ နှောင့်နှေးနေမှာ မဟုတ်ပါဘူး။ စင်ကာပူရဲ့ ဥပဒေတွေထဲမှာ မဟာဗျူဟာအရ အရေးပါတဲ့ နည်းပညာနဲ့ ကုန်ပစ္စည်းတွေ လွှဲပြောင်းပေးအပ်တာ၊ ကြားဝင် ဝန်ဆောင်မှုပေးတာတွေကို ထိန်းချုပ်ထားတဲ့ ဥပဒေလည်း ရှိပါတယ်။ စင်ကာပူအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် အာဆီယံ နဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေနဲ့အတူ အကူအညီပေးဖို့ သံန္ဒိဌာန် ချမှတ်ထားပါတယ်။ ဒီလိုအခြေအနေကို အမြန်ဆုံးရောက်လာဖို့လည်း ကျွန်တော်မျှော်လင့်ပါတယ်။ ”

လက်ရှိ အာဏာသိမ်းထားတဲ့ စစ်ကောင်စီ လက်ထက်မှာတော့ စင်ကာပူနိုင်ငံအနေနဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အတိုင်း စစ်လက်နက်ပစ္စည်း တင်ပို့ရောင်းချမှုကို တားမြစ်သွားမှာ ဖြစ်တဲ့အကြောင်း၊ ဒီလို တားမြစ်ထားတဲ့ အထဲမှာ တခြားနိုင်ငံက စစ်လက်နက် ပစ္စည်းတွေကို တစ်ဆင့်ခံ တင်ပို့မှုတွေပါ ပါဝင်တဲ့အကြောင်း၊ ဒါ့အပြင် စစ်လက်နက်ပစ္စည်း မဟုတ်ပေမယ့် လက်နက်မဲ့ အရပ်သား ပြည်သူတွေကို တိုက်ခိုက်ဖို့ အသုံးပြုနိုင်မယ့် အရပ်ဘက်သုံး ကုန်ပစ္စည်းတွေတင်ပို့မှုကိုလည်း သတိထား စောင့်ကြည့်သွားမှာ ဖြစ်တဲ့အကြောင်း၊ စင်ကာပူအစိုးရအနေနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေကိုလည်း သတိပေးထားပြီး ဖြစ်တဲ့အကြောင်း နဲ့ မြန်မာနိုင်ငံက ဖြစ်ရပ်တွေ အခြေအနေ ပိုဆိုးလာအောင် လုပ်ရာရောက်မယ့် လုပ်ရပ်တွေ မလုပ်မိအောင် ဆောင်ရွက်သွားမယ့်အကြောင်း စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးက ပြောသွားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။