ICJ ခရီးစဉ်ထောက်ခံကြောင်းအဆို ရှမ်းလွှတ်တော်မှာ ရှုံးနိမ့်
2019.12.18

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ခရီးစဉ်ကို ထောက်ခံကြောင်း ရှမ်းပြည်နယ်လွှတ်တော်မှာ မနေ့က အရေးကြီးအဆို တင်သွင်းခဲ့ပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ အဆိုရှုံးနိမ့်ခဲ့ပါတယ်။
မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲထားမှုအတွက် နိုင်ငံရဲ့ အကျိုးစီးပွား ကာကွယ်ဖို့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥပဒေ အကျိုးဆောင်ရှေ့နေတွေရဲ့ လုပ်ဆောင်ချက်ကို ထောက်ခံကြောင်း အရေးကြီးအဆိုကို NLD ပါတီက ပင်းတယမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးညီလေးချမ်းက မနေ့က ရှမ်းပြည်နယ်လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းခဲ့တာပါ။
ဒီအရေးကြီးအဆိုကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မြန်မာနိုင်ငံဘက်က အကျိုးဆောင် ပါမောက္ခတွေရဲ့ စကားကို ထောက်ခံကြောင်း အရေးကြီးအဆိုတင်ခဲ့တာဖြစ်ပြီး လွှတ်တော်အတွင်းမှာလည်း ထောက်ခံမှုရအောင် တင်တာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးညီလေးချမ်းက RFA ကို ပြောပါတယ်။
“နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရယ်၊ ဥပဒေအကျိုးဆောင် ပါမောက္ခတွေရဲ့ စားကားတွေ ထောက်ခံတဲ့ အရေးကြီးအဆိုတင်တာပေါ့လေ။ လွှတ်တော်ထဲမှာလည်း ထောက်ခံမှုရအောင်လို့ တင်တာပါ။ ကျနော်တို့ NLD ကလည်း ထောက်ခံတာပေါ့။ ကန့်ကွက်တယ်လို့ပြောရမှာပေါ့ ပြိုင်ဘက်ပါတီက နှစ်ယောက်ပေါ့လေ။ လွှတ်တော်ရဲ့ နည်းဥပဒေအရတော့ မှတ်တမ်းတင်ထားပြီးတော့ ကျနော်တို့ကတော့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကိုပဲ လက်ခံထားရမှာပေါ့ဗျာ။”
ဒီအဆိုကို ဝ ဒီမိုကရက်တစ်ပါတီက ဟိုပန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရန်ကျော်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်တို့က ထောက်ခံဆွေးနေခဲ့ကြပြီး ရှမ်းပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ လောက်ကိုင် မဲဆန္ဒနယ်က ဦးအောင်သန်းထွဋ်တို့က ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။
ကြံ့ခိုင်ရေးပါတီအနေနဲ့ လွှတ်တော်ရဲ့ နည်းဥပဒေ၊ ဥပဒေအတိုင်း ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ရှမ်းပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးခွန်သိန်းမောင်က RFA ကို ပြောပါတယ်။
“လွှတ်တော်မှာ ဆွေးနွေးလိုက်တဲ့ဟာသည် လွှတ်တော်ရေးရာကိစ္စဖြစ်တဲ့အတွက် လွှတ်တော်ထဲမှာပဲ ဆွေးနွေးတယ်။ လွှတ်တော်ရဲ့ ဥပဒေနဲ့ နည်းဥပဒေရဲ့ မညီတဲ့ဟာကို သူတို့ကတော့ ဆွေးနွေးတဲ့အနေထားလေးပဲဖြစ်ပါတယ်။”
ICJ အပေါ်မှာ ကန့်ကွက်တာ မကန့်ကွက်တာထက် ဖြစ်စဉ်တစ်ခုကို သေသေချာချာသိမှ ဒီအပေါ်မှာ ထောက်ခံတယ်၊ ကန့်ကွက်တယ်လုပ်တာ ကောင်းမယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်က ပြောပါတယ်။
“ဒီလွှတ်တော်မှာတော့ ကြံ့ခိုင်ရေးက လွှတ်တော်အမတ်တွေ ကန့်ကွက်ဆွေးနွေးထားတယ်။ ဒီအပေါ်မှာတော့ ကျွန်တော်တို့ ICJ ပေါ်မှာ ကန့်ကွက်ခြင်း၊ မကန့်ကွက်ခြင်းဆိုတာထက် ဖြစ်စဉ်တစ်ခုကို သေသေချာချာ ဂဃနဏ သိမှ ဒီအပေါ်မှာ ကန့်ကွက်တယ် ထောက်ခံတယ်ဆိုတာ လုပ်မှကောင်းမယ်ပေါ့နော်။ ကျွန်တော်တို့ကတော့ ကန့်ကွက်တယ်လည်းမပြောဘူး။ ထောက်ခံတယ်လည်း မပြောဘူး။ ကြားနေပါတယ်ဗျာ။”
နိုင်ငံရေးနဲ့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ မြန်မာနိုင်ငံဟာ နိုင်ငံတကာ ဖိအားတွေနဲ့ ရင်ဆိုင်နေရချိန်မှာ စည်းလုံညီညွတ်ရေး ပြိုကွဲနေတာဟာ ကောင်းတဲ့ အလားအလာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
“တိုင်းပြည်ရဲ့ ညီညွတ်ရေး အလားအလာ မကောင်းဘူးလို့ပဲ ပြောချင်ပါတယ်။ ကန့်ကွက်တဲ့ မဲစာရင်းကြည့်မယ်ဆိုလို့ရှိရင်တော့ ကြံ့ခိုင်ရေးပါတီတင်မကဘူး တပ်ကလည်း ပါတယ်ထင်ပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ ခက်နေတာက ပြည်ပနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေမှာတောင်မှ စည်းလုံးညီညွတ်ရေးဟာ ပြိုကွဲနေတယ်ဆိုရင်တော့ အလားအလာ မကောင်းဘူး။ တစ်ဘက်ကလည်း ဘာကြောင့် လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းစရာလိုသလဲဆိုတဲ့ကိစ္စကို ကျနော်လည်း နားမလည်ဘူးဗျ။ တကယ်တမ်းကြတော့ ရှမ်းပြည်နယ်လွှတ်တော်မှာ NLD က ရခိုင်ပြီးရင် ဒုတိယ အားအနည်းဆုံးပေါ့။”
ဦးညီလေးချမ်း တင်သွင်းတဲ့ အရေးကြီးအဆိုကို သဘောမတူမှုရှိတဲ့အတွက် စက်ခလုတ်နှိပ် မဲခွဲဆုံးဖြတ်ပြီး မဲပေးနိုင်သူ ၁၂၉ ဦးထဲက ထောက်ခံမဲပေးသူ ၂၈ ဦး၊ ကြားနေမဲ ၃၁ ဦးနဲ့ ကန့်ကွက်မဲ ၆၈ ဦးရှိတာကြောင့် အဆိုရှုံးနိမ့်ပြီး မှတ်တမ်းအဖြစ်သာထားရှိဖို့ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးကို ပြည်ခိုင်ဖြိုးပါတီက ၃၁ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂၈ ဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂၅ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၃၆ ဦးနဲ့ အခြားနိုင်ငံရေးပါတီတွေက ၂၀ ဦး စုစုပေါင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၄၀ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ICJ ခရီးစဥ်ကို တခြား ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေမှာ ထောက်ခံကြောင်း အရေးကြီးအဆိုတင်သွင်းတာ မရှိသေးဘူးလို့ ပွင့်လင်းမြန်မာရှေ့ဆောင်ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးအေးကျော်က ပြောပါတယ်။