ပဇီကြီးရွာတိုက်ခိုက်ခံရမှု စစ်ရာဇဝတ်မှုအဖြစ် နိုင်ငံတကာဝေဖန်

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.04.11
ပဇီကြီးရွာတိုက်ခိုက်ခံရမှု စစ်ရာဇဝတ်မှုအဖြစ် နိုင်ငံတကာဝေဖန် ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပြီး တွေ့ရသည့် မြင်ကွင်းတစ်ခု။
Citizen Journalist

ပြီးခဲ့တဲ့ ဧပြီလ ၁၁ရက်နေ့ မနက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာမှာ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲ ကျင်းပနေတာကို စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တွေက ဗုံးတွေ ကြဲချခဲ့ပြီး၊ အဲဒီနောက် Mi-35 စစ်ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ လူအုပ်ထဲကို အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ရာမှာ သေဆုံးသူ ၈ဝ ကျော်ရှိပြီး ဒဏ်ရာရသူဦးရေ ၂ဝ ကျော်ရှိတယ်လို့ လတ်တလော သတင်းတွေအရ သိရပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူဦးရေ အခုထက် ပိုမိုများပြားနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီ ပဇီကြီးရွာဖြစ်ရပ်ဟာ အရပ်သားပြည်သူတွေကို စစ်ရေးအရ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုဖြစ်တဲ့အတွက် စစ်ရာဇဝတ်မှုမြောက်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံတွင်းကလာတဲ့ သတင်းတွေ၊ ဓာတ်ပုံတွေအရ မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ထပ်တလဲလဲကျူးလွန်ဖို့ ဝန်မလေးတော့တာကို ပြသနေပါတယ်”

ပဇီကြီးရွာမှာ အရပ်သားအဖွဲ့အစည်းဖြစ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ရုံးခန်းဖွင့်ပွဲ ကျင်းပနေတာ ဖြစ်ပြီး ဒေသခံပြည်သူတွေက ရပ်ရေးရွာရေး လာရောက်တိုင်ပင်ဖို့ စုဝေးနေတာ ဖြစ်တဲ့အကြောင်း၊ ဖွင့်ပွဲကျင်းပချိန်မှာ လုံခြုံရေးအတွက် စီစဉ်မှု အားနည်းသွားတာမျိုးရှိနိုင်ပေမယ့် ရည်ရွယ်ချက်ရှိရှိ လာရောက်တိုက်ခိုက်တဲ့သူတွေမှာသာ တာဝန်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW အာရှရေးရာ ညွှန်ကြားရေးမှူး က Phil Robertson က ဘယ်လို အကြောင်းပြချက်ကြောင့် ဖြစ်ဖြစ်၊ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုဟာ လက်ခံနိုင်စရာမရှိတဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှု ဖြစ်တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းက လာတဲ့ သတင်းတွေ၊ ဓာတ်ပုံတွေအရ မြန်မာ စစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ထပ်တလဲလဲ ကျူးလွန်ဖို့ ဝန်မလေးတော့တာကို ပြသနေပါတယ်။ ဘယ်လို အကြောင်းပြချက် အတွက်နဲ့မှ အရပ်သားပြည်သူတွေ စုဝေးနေတာကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်လို့ မရပါဘူး။ ဒီ လူစုထဲမှာ စစ်သွေးကြွတိုက်ခိုက်ရေးသမားတွေ ပါနေမယ်ဆိုရင်တောင် ဗုံးကြဲတိုက်ခိုက်လို့ မရပါဘူး။ ဒီလုပ်ရပ်ဟာ စစ်ရေးပဋိပက္ခတွေအတွင်း ဘာတွေလုပ်လို့ရတယ်၊ မရဘူးဆိုတာကို သတ်မှတ်ပြဋ္ဌာန်းပေးထားတဲ့ Law of War ကို ချိုးဖောက်ရာ ရောက်ပါတယ်။ ဒီ ဖြစ်ရပ်ကို တိတိကျကျ စုံစမ်းစစ်ဆေးဖို့လိုပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက လုပ်လိမ့်မယ်လို့တော့ မထင်ပါဘူး။ ဒီရွာမှာ ဘာဖြစ်သွားခဲ့သလဲဆိုတာကို နိုင်ငံတကာကနေ ဆက်ပြီးလေ့လာစုံစမ်းသွားဖို့ လိုပါတယ်”

image (2).jpg
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံတစ်ခုကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ဝါရှင်တန်ဒီစီ အမျိုးသားစစ်တက္ကသိုလ်က ပါမောက္ခနဲ့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာ ဇက်ခါရီ အဘူဇာက မြန်မာစစ်တပ်ဟာ စစ်ကိုင်းတိုင်းက ဒေသခံတွေကို ရက်ရက်စက်စက် ပစ်မှတ်ထားတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး အခုလို သုံးသပ်ပါတယ်။

zakari.jpg“တရားမဝင် အာဏာသိမ်းထားပြီး နှစ်နှစ်ကျော် ကြာလာတာတောင် လိုအပ်တဲ့ ရည်မှန်းချက်မပြည့်သေးလို့ ကြံရာမရ ဖြစ်နေတဲ့ မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှု နောက်တစ်မှု ထပ်ကျုးလွန်လိုက်တာဖြစ်ပါတယ်။ စစ်ကောင်စီဟာ အခုလို စစ်ကိုင်းတိုင်းက ပြည်သူတွေကို ရက်ရက်စက်စက် တိုက်ခိုက်နေတာ အကြောင်းပြချက် ရှိပါတယ်။ အရင်က မြန်မာ စစ်တပ်ဟာ တိုင်းရင်းသားဒေသတွေမှာပဲ တိုက်ခိုက်ခဲ့ပြီး၊ စစ်ကိုင်းလို ဗမာအများစု ဒေသတွေကနေ စစ်သည်တွေ စုဆောင်းခဲ့ပါတယ်။ အခုအချိန်မှာ တိုက်ပွဲဖြစ်ပွားတဲ့ ကိန်းဂဏန်းတွေအရ စစ်ကိုင်းတိုင်းက စစ်ကောင်စီကို အပြင်းထန်ဆုံး တော်လှန်တိုက်ခိုက်တဲ့ဒေသ ဖြစ်လာတာတွေ့နိုင်ပါတယ်။ နောက်ပြီးတော့ မြန်မာစစ်တပ်ဟာ အရပ်သား ပြည်သူတွေ သူတို့ကို လက်ခံလာအောင် ဘယ်လိုစည်းရုံးရမလဲဆိုတာ မသိပါဘူး။ သူတို့ လုပ်တတ်တာ ဖြတ်လေးဖြတ်ဗျူဟာနဲ့ ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်ပြပြီး၊ အရပ်သားပြည်သူတွေ ကြောက်ရွံ့သွားအောင် လုပ်တာပဲ ရှိပါတယ်။”

အခုဆိုရင် မြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ ပိုများလာနေပြီး၊ အသေအပျောက်လည်း ပိုများလာပေမယ့် နိုင်ငံတကာရဲ့တုံ့ပြန်မှုက အားရစရာမရှိတဲ့အတွက် စိတ်ပျက်မိတဲ့အကြောင်း ယူကေနိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

mark.jpg“နိုင်ငံတကာရဲ့တုံ့ပြန်မှုက အလွန်နည်းပါးနေပါတယ်။ ဘယ်ကုမ္ပဏီတွေက မြန်မာနိုင်ငံအတွက် လေယာဉ်ဆီ တင်ပို့ပေးနေသလဲ ဆိုတာရယ်၊ မြန်မာစစ်တပ်က အရပ်သား လေယာဉ်တွေအတွက် လေယာဉ်ဆီကို ယူသုံးနေတယ် ဆိုတာရယ် Amnesty International နဲ့ အခြားအဖွဲ့အစည်းတွေက ဖော်ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်ပို့ရောင်းချမှုကို ပိတ်ပင်မှုတွေ မရှိသေးပါဘူး။ မြန်မာစစ်တပ်ဟာ လေယာဉ်ဆီမရှိရင် အရပ်သား ပြည်သူတွေကို ဗုံးလာကြဲလို့ မရပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံကို လေယာဉ်ဆီတင်သွင်းမှုနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီအားလုံးကို အရေးယူဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ယူကေ ဝန်ကြီးချုပ် ရေရှီ ဆွန်နတ်နဲ့ ဥရောပသမဂ္ဂ တို့ကို တောင်းဆိုပါတယ်”

စစ်ကောင်စီရဲ့ပဇီကြီးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများအပြား ပါဝင်ပါတယ်။ အခုအချိန်မှာ သေဆုံးသူနဲ့ဒဏ်ရာရသူ အရေအတွက်ကို အတိအကျအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။