စစ်ကိုင်းတိုင်းမှာ နိုဝင်ဘာအတွင်း နေအိမ်သုံးထောင်နီးပါး မီးရှို့ခံရ
2022.12.12

မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ်ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘို ရဲ့ ဇာတိရွာကို စစ်ကောင်စီတပ်က ရုရှားနိုင်ငံထုတ် Mi-35 စစ်ရဟတ်ယာဉ်နဲ့ပစ်ပြီး မီးရှို့ တာအပါအဝင် စစ်ကိုင်းတိုင်းမှာ နိုဝင်ဘာတစ်လအတွင်း နေအိမ်သုံးထောင်နီးပါး (၂၈၇၀) မီးရှို့ခံရပြီး အနည်းဆုံးဒေသခံ ၁၆ ဦး သေဆုံးခဲ့ပါတယ်။
ဒီအချက်အလက်တွေဟာ သုတေသန အဖွဲ့အစည်းတွေရဲ့စာရင်းနဲ့ ဒေသခံတွေရဲ့ ပြောဆိုမှုတွေအပေါ် အခြေခံပြီး RFA က ပြုစုထားတဲ့စာရင်းဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းမှာတော့ သေဆုံးတဲ့အထဲမှာ ခင်ဦးမြို့နယ်က ၁၁ ဦးအထိပါဝင်ပြီး အရာတော်၊ ကသာ၊ တမူးနဲ့ ကလေးမြို့နယ်တွေက တစ်ဦးစီပါတယ်လို့ ဖော်ပြထားပါတယ်။
နိုဝင်ဘာလ ၂၃ ရက်နေ့က ခင်ဦးမှာရှိတဲ့ ကာဒီနယ် ချားလ်စ်မောင်ဘိုရဲ့ဇာတိ မုံလှရွာကို စစ်ကောင်စီတပ်က ရုရှားနိုင်ငံထုတ် Mi-35 စစ်ရဟတ်ယာဉ်နဲ့ပစ်တဲ့အပြင် မြေပြင်ကပါ တိုက်ခိုက်တာကြောင့် သုံးဦးသေဆုံးပြီး ခရစ်ယာန်ဘုရားကျောင်းအပါအဝင် နေအိမ် ၅၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ပြည်သူတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ တခြား အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေ၊ ဘယ်နေရာတွေမဆို ဘာမှမရွေးတော့ဘဲနဲ့ လူမဆန်တဲ့လုပ်ရပ်တွေ အကုန်လုပ်နေတယ်ပေါ့ဗျာ"
ဒီအပေါ် ဝမ်းနည်းကြေကွဲရသလို စစ်ပွဲနဲ့ အဖြေမရဘူးလို့ ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုက RFA ကို မိန့်ပါတယ်။
“မုံလှရွာနဲ့ ဘေးရွာတွေ၊ တခြား တခြားသောဒေသက လူတွေ၊ အိမ်ယာတွေဟာ နှစ်ဖက်စလုံး တိုက်ပွဲဖြစ်တဲ့ အတွက်ကြောင့် ဆုံးရှုံးရတဲ့အတွက် ဆရာတော် အထူးဝမ်းနည်းကြေကွဲပြီးတော့ ယူကျုံးမရဖြစ်ပါတယ်။ ကျုပ်တို့ လူသားတွေရဲ့ နှလုံးထဲမှာ ငြိမ်းချမ်းရေးထက် တမ်းတတာ တခြားအရာ မရှိပါဘူး။ လူ့လောဘနဲ့ လူ့စိုးမိုး အုပ်ချုပ်ချင်တဲ့ လောဘကြောင့်မို့ ကံစိုးမိုးမှောင်ကျပြီးတဲ့နောက် ဒီဝဋ်ကနေပြီးတော့ မကျွတ်လွတ်နိုင်သလို ဖြစ်နေရပါတယ်။ ဒါပေမဲ့ စစ်ပွဲနဲ့ အဖြေက မရပါဘူး”
လက်ရှိ နိုင်ငံရေးပြဿနာကို တွေ့ဆုံညှိနှိုင်းပြီး ဖြေရှင်းဖို့နဲ့ ငြိမ်းချမ်းရေးရရှိဖို့ဟာ မဖြစ်နိုင် တဲ့အရာ မဟုတ်ဘူးလို့လည်း ကာဒီနယ်က မိန့်ပါတယ်။
မုံလှရွာကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ မြင်းဒေါင်းရွာ ကို ဆက်လက်ဝင်ရောက်ပြီး ရွာထဲကျန်နေတဲ့ ဒေသခံအမျိုးသားသုံးဦးကို သတ်ဖြတ်ခဲ့ တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြင်းဒေါင်းရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဖမ်းမိသွားတာက သုံးယောက်မဟုတ်ဘူး ခြောက်ယောက်ဗျ။ သုံးယောက်ကကျတော့ အသတ်ခံရတာ။ တံတားဦးထိပ်က ကိုဝင်းမြင့်သန်းရဲ့ စက်ဘီးပြင်ဆိုင်ထဲမှာ တာယာ ကွင်းစွပ်ပြီး သတ်ခံရတာ နှစ်ယောက် ကျတော့။ ရိုက်သတ်ခံရတာက ဦးဘိုးကြီးရဲ့အိမ် ထဲမှာ ကိုဇော်ဗျ”
အသက် (၅၃) နှစ်အရွယ် ကိုတင်ဝင်းမြင့်နဲ့ အသက် (၃၂) နှစ်အရွယ် ကိုနေစိုးဟာ ရွာထဲက စက်ဘီး၊ ဆိုင်ကယ် ပြင်ဆိုင်မှာ တာယာကွင်းစွပ်လျက် မီးလောင်သေဆုံးနေရသလို အသက် (၄၈) နှစ်အရွယ် ကိုဇော် ကတော့ နေအိမ်အတွင်း ရိုက်နှက်ခံရပြီး သေဆုံးနေတာ တွေ့ရလို့ နိုဝင်ဘာလ ၂၈ ရက်နေ့က ရွာအပြင်မှာပဲ သင်္ဂြိုဟ်ပေး လိုက်တယ်လို့ သူက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုမှုအရ ခင်ဦးမှာ နိုဝင်ဘာလအတွင်း ဒေသခံ ၁၂ ဦးနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ပြီး ရွာပေါင်း ၁၂ ရွာက အိမ်ခြေ ၇၇၇ အိမ် မီးရှို့ခံခဲ့ရပါတယ်။
ခင်ဦးနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကန့်ဘလူမြို့နယ်၊ ကျောက်တိုင်ရွာကိုလည်း နိုဝင်ဘာလ ၂၂ ရက်နေ့ မနက် ၇ နာရီဝန်းကျင်လောက် ကာဘိုးရွာကထွက်လာတဲ့ အင်အား ၁၀၀ ပါ စစ်ကြောင်း ဝင်ရောက်မီးရှို့ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်တိုင် ရွာခံက RFA ကို ပြောပါတယ်။
“နိုဝင်ဘာလ ၂၁ ရက်နေ့က ဝင်ပြီးတော့ မီးရှို့တယ်။ နောက်ရက်အထိ တချို့တလေ လည်း လောင်တုန်းပေါ့ဗျာ။ အခုလောင်သွားတဲ့အိမ်ခြေစာရင်းကတော့ ၁၇၇ လုံး ပါသွားတယ်ဗျ။ ဘုန်းကြီးကျောင်းကလည်း တောင်ကျောင်း၊ မြောက်ကျောင်း နှစ်ကျောင်း ရှိတာကို တောင်ကျောင်း ဆွမ်းစားဆောင် ပါသွားတာဗျ။ ဘယ်လို အခက်အခဲတွေ ရှိလဲဆိုတော့ အိမ်တွေ ဘာတွေမရှိတော့ အခက်အခဲတွေ ရှိတာပေါ့။ တဲထိုးဖို့ကလည်း အခုက မလွယ်ကြသေးဘူးဗျ။ ဘာမှ ဝယ်လို့၊ ပြုလို့ မလွယ်တော့ အဆင်မပြေဘူးပေါ့ဗျာ ”
ကျောက်တိုင်ရွာကနေ စစ်ကြောင်းထွက်သွားပြီးနောက် အသက် (၉၀) အရွယ် ဒေါ်ပြားနဲ့ အသက် (၇၅) အရွယ် ဒေါ်ထူးတို့ရဲ့ မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းတွေ တွေ့ရသလို အသက် (၃၇) နှစ်အရွယ် ကိုကျော်ဇင်ဦးရဲ့ ရုပ်အလောင်းကိုတော့ ခုံပေါ်မှာ လက်ပြန်ကြိုး တုပ်လျက် တွေ့ရတယ်လို့ ဒေသခံက ဆိုပါတယ်။

ကန့်ဘလူနဲ့ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ခဲ့တဲ့တပ်တွေထဲမှာ ကန့်ဘလူအခြေစိုက် အမှတ် (၆၀၀၆) အမြောက်တပ်ပါဝင်တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ကန့်ဘလူ အမှတ် (၆၀၀၆) တပ်ရယ်၊ တင်ငုတ်ကြီးက ပျူတွေရယ်ပေါင်းပြီး လာတာ ဖြစ်နိုင်တယ်။ အဲဒီကနေ (ကန့်ဘလူမြို့နယ်) ကာဘိုးရွာ၊ ကျောက်တိုင်၊ ကျည်စုကို ၂၁ ရက်နေ့မှာ မီးရှို့တယ်ပေါ့ဗျာ။ မီးရှို့ပြီး ၂၂ ရက်နေ့ မှာလည်း ဆက်ရှို့တယ်။ ၂၃ ရက်နေ့ မနက်မှာမှ (ခင်ဦးမြို့နယ်) မုံလှရွာကို ဝင်ဖို့ကြိုးစားကြတာပေါ့။ အားလုံးပေါင်း သူတို့ အင်အားက ၈၀ ကျော် ပါမယ်ပေါ့နော်”
ကန့်ဘလူမြို့နယ်ထဲမှာလည်း နိုဝင်ဘာတစ်လအတွင်း သေဆုံးသူ ငါးဦးထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ စာရင်းအရ နိုဝင်ဘာလ ၂၂ ရက်နေ့ ကနေ ၂၄ ရက်အတွင်း ကန့်ဘလူက စစ်ကြောင်းဝင်ရောက်ရာ လမ်းတစ်လျှောက် အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့ ကျောက်တိုင်ရွာမှာ ဆွမ်းစားဆောင်တစ်လုံးနဲ့ နေအိမ် ၁၇၃ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။
ဒါ့အပြင် အိမ်ခြေ ၈၇၀ ခန့်ရှိတဲ့ ကျီစုရွာမှာ ဗလီတစ်လုံးနဲ့ နေအိမ် ၄၆၄ လုံး၊ အိမ်ခြေ ၁၈၀ ရှိတဲ့ သောက္ကန်ရွာမှာ နေအိမ် ၇၇ လုံး၊ အိမ်ခြေ ၁၃၀ ရှိတဲ့ ဖိုလ်ကုန်းရွာမှာ နေအိမ်ရှစ်လုံးနဲ့ စာသင်ကျောင်းတစ်ခုလည်း မီးလောင် ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ လူထုကို ရန်သူလို့ ရှုမြင်နေတာကြောင့် စစ်ဘက်ပစ်မှတ်တွေအပြင် အရပ်သားတွေကိုပါ တိုက်ခိုက်လာတာလို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“လူထုကိုလည်း သူတို့က ရန်သူလို့ပဲ သဘောထားလာတယ်လို့ မြင်တယ်။ အဲဒီတော့ ပြည်သူတွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ တခြား အများပြည်သူနဲ့ဆိုင်တဲ့နေရာ တွေ၊ ဘယ်နေရာတွေမဆို ဘာမှမရွေးတော့ဘဲနဲ့ လူမဆန်တဲ့ လုပ်ရပ်တွေအကုန် လုပ်နေတယ်ပေါ့ဗျာ။ အဲဒီလိုပုံစံမျိုးပါပဲ”
စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီတပ်အတွက် လက်လွှတ်လို့မရတဲ့ နေရာတစ်ခုဖြစ်တာ ကြောင့် ဒေသခံတွေကို အခုလို အကြောက်တရားတွေ ထည့်သွင်းနေတာလို့လည်း သူက ဆက်ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ဖြေဆိုတာ မရှိပါဘူး။ ဒါပေမဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ဘေးဒုက္ခသည် ခုနစ်ထောင်ခန့်သာရှိပြီး သူတို့အနေနဲ့လည်း ဆန်၊ ဆီ၊ ဆား ထောက်ပံ့ပေးထားတယ်လို့ RFA ကို အရင်က ဖြေဆိုထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ စာရင်းအရ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ၆၁၆,၅၀၀ ဦးရှိပါပြီ။