စစ်ကိုင်းတိုင်း မြို့နယ်နှစ်ခုအတွင်း တိုက်ခိုက်မှု PDF တပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံး

2022.10.10
စစ်ကိုင်းတိုင်း မြို့နယ်နှစ်ခုအတွင်း တိုက်ခိုက်မှု PDF တပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံး ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ ရစဉ်။
Photo: Wetlet Peoples Defense Force

စစ်ကိုင်းတိုင်း၊ တန့်ဆည်နဲ့ ဝက်လက်မြို့နယ်တို့မှာ ပြီးခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား အောက်တိုဘာ ၈ ရက်နေ့က ဖြစ်ပွားတဲ့တိုက်ပွဲနဲ့ စစ်ကောင်စီ တပ်က လေကြောင်းကနေ ပစ်ခတ်တဲ့ အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးခဲ့ တယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

တန့်ဆည်မြို့နယ်၊ တပ်သစ် (မြောက်) ရွာကို ရောက်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို အောက်တိုဘာလ ၇ ရက် နေ့လယ်က မြောက်ပိုင်းမဟာမိတ် ဓူဝံ ပြောက်ကျားအဖွဲ့နဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်ရဲ့ နွေဦးအထူးတပ်ဖွဲ့  (SSTF-MRDA) က လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနောက် အောက်တိုဘာလ ၈ ရက်နေ့မှာတော့ တပ်သစ် (မြောက်) ရွာကနေ ထွက်လာ တဲ့ စစ်ကောင်စီတပ်ကို ကလဇင်ရွာနဲ့ ဒယ်ရောက်ရွာကြားမှာ အောက်တိုဘာ ၈ ရက် နေ့လယ် ၁၂ နာရီခွဲက မြောက်ပိုင်းမဟာမိတ် ဓူဝံ ပြောက်ကျားအဖွဲ့နဲ့ မြန်မာ့ကာကွယ်ရေး တပ်ဖွဲ့ (MDF - Hydra) တို့က ဆက်လက်တိုက်ခိုက်ခဲ့ရာမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းထုတ် ပြန်ထားကြပါတယ်။

"လူ့အခွင့်ရေးက ပြောစရာမရှိအောင် ချိုးဖောက်တယ်၊ ဘယ်ဥပဒေမှ ဂရုမစိုက်ဘူး နိုင်ငံတကာ ဥပဒေရော၊ ပြည်တွင်းဥပဒေရော လေးစားလိုက်နာမှုမရှိဘူး သူတို့ လုပ်ချင်ရာ လုပ်တာပဲလေ"

အဲဒီ ရုပ်အလောင်းတွေမှာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေပါ တွေ့ရတယ်လို့ မြန်မာ့ ကာကွယ်ရေးတပ်ဖွဲ့ MDF - Hydra က ရဲဘော် တောက်တဲ့က ပြောပါတယ်။

"လောလောဆယ် အတည်ပြုလို့ရတာက ခုနစ်ယောက်ဖြစ်သွားပြီဗျ။ ပျောက်တဲ့ဟာ လိုက်ရှာရင်းနဲ့ ရေမြောင်း တွေထဲမှာ သူတို့နှိပ်စက်ပြီး သတ်ပြီး ရေထဲမှာ မျှောပစ်လိုက် တာဗျ။ အဲဒါတွေက အခုမှ ရှာရင်း ရှာရင်းနဲ့ တွေ့တာဆိုတော့လေ။ ၈ ရက်နေ့က ညပိုင်း လောက်မှာက နှစ်လောင်းတွေ့တယ်ဗျာ။ နောက်နေ့ မနက်ကျတော့ နောက်ထပ် ထပ်တွေ့တယ်ဗျာ။ ၉ ရက်နေ့မှာ ထပ်တွေ့တာပေါ့။ သူတို့ နှိပ်စက်ထားတာ၊ ဓားတွေနဲ့ မွှန်းထား တာရော၊ အလောင်းတွေက ရုပ်တွေကို ပျက်လို့ဗျာ။ လူတောင်မှ ခွဲလို့မရတော့ ဘူး။ ပြီးတော့ ဗိုက်တွေဘာတွေ က အူထွက်နေတာတို့၊ ခေါင်းတွေကို တက်နင်းထားတာ ဦးနှောက်ထွက်နေတာတို့ အဲဒီလိုမျိုး ရုပ်ပျက်ဆင်းပျက်ပဲ အဲဒီလိုမျိုးတွေ ဖြစ်တာ"

သေဆုံးသွားတဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေရဲ့ အသေးစိတ်အချက်အလက်ကို သတင်းထုတ် ပြန်လို့ မရသေးဘူးလို့ လည်း သူက ပြောပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ကလဇင်၊ ဒယ်ရောက်၊ ချောင်းရိုး၊ ရွှေတကျေး၊ အောင်သာ စတဲ့ ရွာပေါင်း ရှစ်ရွာခန့်က ဒေသခံလေးထောင်လောက်ဟာ လုံခြုံရေးအရ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ တန့်ဆည် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးက ပြောပါတယ်။

အောက်တိုဘာ ၈ ရက်နေ့မှာပဲ ဝက်လက်မြို့နယ်၊ ဘုရားလေးကုန်းရွာ အနီးက နေပူကုန်း ရွာ အနီးမှာရှိတဲ့ ကာကွယ်ရေးတပ်စခန်းငယ်တစ်ခု တိုက်ခိုက်ခံခဲ့ရပါတယ်။ ဂျက်တိုက်လေယာဉ်နှစ်စင်း၊ စစ်ရဟတ်ယာဉ် Mi 35 နှစ်စင်းနဲ့ တစ်နာရီနီးပါးအကြာ လေကြောင်းကပစ်ခတ်ပြီးနောက် Mi 17 ထောက်ပို့ယာဉ် နှစ်စီးနဲ့ အင်အား ၁၀၀ နီးပါး လာချသွားတယ်လို့ ဝက်လက်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

အဲဒီလိုလေကြောင်းကပစ်ခတ်တဲ့အတွက် ကာကွယ်ရေးတပ် လေ့ကျင့်ရေးစခန်းက တပ်ဖွဲ့ဝင် ခြောက်ဦး လက်နက်ထိမှန်သေဆုံးခဲ့ပြီး ကျန်သုံးဦးကိုတော့ နေပူကုန်းရွာအဝင် နားမှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီး သတ်ဖြတ်တယ်လို့ ဝက်လက်ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ပြောပါတယ်။

“လေယာဉ်နဲ့ ပစ်ချတဲ့ အချိန်မှာတော့ လေ့ကျင့်ရေးကွင်းမှာ ရှိနေတဲ့ ခြောက်ယောက် ပေါ့ အဲဒါပါသွားတယ်။ အဖမ်းခံရလို့ လိုက်သွားတဲ့ ဒေသကာကွယ်ရေး နှစ်ယောက်နဲ့ ရွှေဘိုတပ်ရင်း-၄ က စနိုက်ပါ သမားတစ်ယောက် ပေါ့၊ သူတို့တွေ နေရာပြောင်းတဲ့ အချိန်မှာ ဖမ်းမိသွားပြီးတော့ အသတ်ခံရတာပေါ့၊ အရေခွံတွေကို ဓားနဲ့လှီးဖြတ်ပြီး တော့ မျက်နှာကိုလည်း မွှန်းလှီးတာတွေ၊ နောက်ဘက် ဦးခေါင်းကို သေနတ်ဒင်နဲ့ဆောင့် သတ်တာ တွေ့ရ တယ်။ မျက်လုံးပြူး ထွက်သွားပြီးတော့ သေနေတာကိုတော့ တွေ့ရ တယ်။ နှစ်ဖက် စစ်ရေးအခြေအနေ ကတော့ ဒီဘက်ကလည်း စောင့်ကြည့်နေဆဲပဲ၊ စောင့်ကြည့်နေဆဲဆိုတာ သူတို့က တောင်အမြင့် အပေါ်မှာ ရှိနေတော့ ဘယ်လိုမှ စစ်ရေးအရ အဆင်မပြေနိုင်လို့လေ အဒါကြောင့် စောင့်ကြည့်နေဆဲ အနေအထားပေါ့"

ပစ်ခတ်ခံရတဲ့ လေ့ကျင့်ရေးစခန်းထဲက လက်လုပ်သေနတ်၊ ၄၀ မမ ဗုံးသီးတွေနဲ့ ကာလတန်ဖိုး ငွေကျပ်သိန်း ၃၅၀ ကျော်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ ဆုံးရှုံးခဲ့ပြီး အဆောက်အအုံတွေလည်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် ကိုးဦးဟာ အသက် ၂၀ အရွယ် လေးဦး၊ အသက် ၃၀ အရွယ် ငါးဦးတို့ ဖြစ်ပြီး သူတို့ရဲ့နာမည်အတိအကျကိုတော့ ထုတ်ဖော် ပြောကြားတာ မျိုး မရှိပါဘူး။ နေပူကုန်းရွာဘေးက ဒူသင်တောင်ပေါ်က ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီ တပ်က ဒီနေ့ထိ တပ်စွဲထားပြီး နေပူကုန်းရွာက ဒေသခံ ၁၅ ဦးကိုလည်း ဖမ်းဆီးထားတယ် လို့ ဒေသခံတွေက ပြောပါတယ်။

Taze PDF.jpg
တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။ (Photo: Taze PDF)

ဝက်လက်နဲ့ တန့်ဆည်မြို့နယ်က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ လူမှုရေး ဝန်ကြီး ဦအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။

နေပူကုန်းရွာကနေ ထွက်ပြေးလာရတဲ့ ဒေသခံ အမျိုးသား တစ်ဦးကတော့ သူတို့ဒေသမှာ အခုနောက်ပိုင်း စစ်ကောင်စီဘက်က လေကြောင်းက ပိုပြီး စစ်ဆင်ရေး လုပ်လာတယ်လို့ ပြောပါတယ်။

"လေယာဉ်သံ ကြားရင်ကိုပဲ ဂရုစိုက်နေတဲ့အနေအထား မျိုးပေါ့လေ၊ နဂိုတုန်းကတော့ ဂျက်ဖိုက်တာတွေ မလာဘူးပေါ့နော်။ အခုက ဂျက်ဖိုက်တာတွေ ပါလာပြီဆိုတော့ ပြည်သူတွေ့ရဲ့လုံခြုံမှုတွေ ကတော့ စဉ်းစားသာ ကြည့်ပေါ့ဗျာ၊ လေယာဉ်သံကြားရင်ကို ဘယ်ပြေးလို့ ပြေးရမှန်း မသိဘူး ဖြစ်နေတယ်၊ ဒီစစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အများဆုံး ကြုံနေရတာပေါ့၊ ဆိုးတာတော့ စစ်ကိုင်းတိုင်းက ပိုဆိုးမယ်နဲ့ တူတယ်"

နေပူကုန်းရွာမှာ အိမ်ထောင်စု ၃၀၀ ကျော်နဲ့ ဒေသခံ တစ်ထောင်ကျော် နေထိုင်ပြီး စစ်ကောင်စီ စစ်ကြောင်းတွေ ရှိနေလို့ ရွာထဲကို ပြန်မဝင်ရဲသေးဘူးလို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြေပြင်မှာ မိုင်းခွဲတိုက်ခိုက်ခံရတာတွေရှိနေတဲ့အတွက် လေကြောင်း ကို ပိုအသုံးပြု တိုက်ခိုက်လာတာလို့ ဝက်လက်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးမြင့်ဦးက ပြောပါတယ်။

“သူတို့က ကုန်းလမ်းက ကားတွေနဲ့ မလာရဲဘူးလေ။ ကျနော်တို့ PDF တွေက နေရာအနှံ့ အပြားမှာ မိုင်းတွေ ထောင်တော့ တကယ်လို့ စစ်ကြောင်းထိုးမယ်ဆိုရင် သူတို့ကားကို မိုင်းမရှိတဲ့ နေရာမှာပဲ ထားခဲ့ပြီး ခြေလျင်ပဲ လျှောက်တာ အခုနောက်ပိုင်း။ ခြေလျင် လျှောက်တာတောင် ခြေလျင်လျှောက်တာကို မိုင်းတွေခွဲတော့ အခုကျတော့ လေကြောင်းကိုပဲ အဓိက အားကိုးပြီးတော့ သူတို့ စစ်ကြောင်းထိုးတာပေါ့။ လူ့အခွင့်ရေး က ပြောစရာမရှိ အောင် ချိုးဖောက်တယ်၊ ဘယ်ဥပဒေမှ ဂရုမစိုက်ဘူး နိုင်ငံတကာ ဥပဒေရော၊ ပြည်တွင်း ဥပဒေရော လေးစား လိုက်နာမှုမရှိဘူး သူတို့ လုပ်ချင်ရာ လုပ်တာ ပဲလေ။ လက်အောက်ငယ်သားတွေကို လုပ်ပိုင်ခွင့်တွေ အပြည့်ပေး ထားတာပေါ့။ ပြည်သူလူထုအပေါ်မှာ ဘာမှကို ထည့်မစဉ်းစားဘူး ကလေး၊ လူကြီး မခွဲခြားတော့ဘူး အကုန်လုံး သတ်တာပဲ”

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဟာ ဆိုရင် လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ ဒေသတွေ ဖြစ်သလို တစ်ဖက်မှာ လည်း စစ်ကောင်စီစစ်ကြောင်းတွေက ရေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်းကနေ စစ်ဆင်ရေးတွေလည်း အများဆုံး ကြုံနေရတာပါ။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က စက်တင်ဘာ ၅ ရက်နေ့ ထုတ်ပြန် ချက်မှာတော့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မလုံခြုံမှု တွေကြောင့် စစ်ကိုင်း တိုင်းမှာ စစ်ဘေးဒုက္ခသည် ငါးသိန်း နှစ်သောင်းကျော် (၅၂၈,၃၀၀) နဲ့ မကွေးတိုင်းမှာ စစ်ဘေးဒုက္ခသည် တစ်သိန်းနီးပါး (၉၈,၁၀၀) နေ့ရပ်စွန့်ခွာ ထွက်ပြေးနေရ တယ်လို့ ဖော်ပြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။