ရုရှားဟာ အာဏာသိမ်းစစ်ကောင်စီအတွက် အရေးပါတဲ့ မဟာမိတ်ဖြစ်လာနေ
2021.08.27
ရုရှားနိုင်ငံက မြန်မာစစ်တပ်ကို လေကြောင်းရန်ကာကွယ်ရေးစနစ် လက်နက်တွေကို အချိန်မီပို့ပေးမယ်လို့ ရုရှားစစ်ဘက်နည်းပညာကော်ပိုရေးရှင်းအကြီးအကဲက ပြောဆိုကြောင်း သြဂုတ်လ ၂၅ ရက်နေ့ က ရုရှား သတင်းဌာနတွေမှာ ဖော်ပြခဲ့ပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့မှာကျင်းပနေတဲ့ Army 2021 လက်နက်ပြပွဲနဲ့ International Army Games ပြိုင်ပွဲကို မြန်မာစစ်တပ်ရဲ့ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ရောက်ရှိနေချိန်မှာပဲ အခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရရဲ့ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အာဏာသိမ်းလိုက်တဲ့စစ်တပ်ဟာ ဒီမိုကရေစီအားပေးတဲ့ အနောက်နိုင်ငံတွေရဲ့ ပစ်ပယ်မှုကို ခံလိုက်ရတာကြောင့် လွန်ခဲ့တဲ့ဆယ်စုနှစ်တွေဆီက စစ်အာဏာရှင်ခေါင်းဆောင်တွေ ကျင့်သုံးခဲ့တဲ့လမ်းစဉ်အတိုင်း မိတ်ဖက်နိုင်ငံအနည်းစုနဲ့ ပိုပြီးနီးနီးကပ် ဆောင်ရွက်တဲ့နည်းစနစ်ကို အသုံးပြုရာမှာ ရုရှားဟာ စစ်တပ်အတွက် အရေးကြီးတဲ့ မဟာမိတ်ဖြစ်လာနေ တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
မြန်မာစစ်တပ်အနေနဲ့ ရုရှားနဲ့အနီးကပ်ဆက်ဆံလာတာဟာ အတိတ်ကာလတွေအတွင်း တရုတ်အပေါ် စစ် လက်နက်ပစ္စည်းနဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ အလွန်အကျွံမှီခိုခဲ့တာမျိုးထပ်မဖြစ်ဖို့ ရည်ရွယ်ပုံရတယ်လို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအင်စတီကျု အမှုဆောင်ညွှန်ကြား ရေးမှူး ဦးသိန်းထွန်းဦးက သုံးသပ်ပါတယ်။
“စီးပွားရေးအားဖြင့် ကျွန်တော်တို့က တရုတ်ကိုပဲ အမြဲတမ်းမှီခိုရတော့မလား။ ကမ္ဘာ့နိုင်ငံရေးက ပြောင်း လာတဲ့အချိန်မှာ ကျွန်တော်တို့က တစ်နိုင်ငံတည်းကိုပဲ နေရာတကာမှာ မှီခိုနေဖို့ တစ်နိုင်ငံတည်းကိုပဲ မဟာမိတ်ပြုဆက်ဆံဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး။ အင်အားကြီးတဲ့နိုင်ငံတွေနဲ့ မိတ်ဖက်ဖြစ်ခြင်းအားဖြင့် ကိုယ့်နိုင်ငံအတွက် ထိုက်သင့်တဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်တယ်။ အဲဒါကြောင့်မို့ စစ်လက်နက်ဆိုင်ရာ နည်းပညာမှာ အခုချိန်အထိသာနေဆဲဖြစ်တဲ့ ရုရှားကို စစ်ရေးဆိုင်ရာ မဟာမိတ်အဖြစ် အသိအမှတ်ပြု တာပေါ့။ ဒါဟာ အဓိကအချက်ပါ”
အာဏာသိမ်းစစ်ကောင်စီရဲ့ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရှရနာဘာဂနာနဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က တွေ့ဆုံမှုမှာ အနောက် နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကိုခံနိုင်ပြီး မိတ်ဆွေနိုင်ငံနည်းနည်းနဲ့ပဲ ဆက်သွားမယ်လို့ ပြောဆိုခဲ့ပါ တယ်။
"သူဖောက်သည်ရှာတော့ ကျွန်မတို့လိုနိုင်ငံမျိုးကို သွားတွေ့တာပေါ့"
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကလည်း မျက်စိကျစရာ လေကြောင်းရန်ကာကွယ်ရေး နည်းပညာ အပါအဝင် ခေတ်မီစစ်လက်နက်တွေရှိတဲ့ ရုရှားနဲ့ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ကာလတွေကထက် ပိုပြီးခိုင်မာလာတယ်လို့ သြဂုတ်၂၄ ရက်က ဧရာဝတီသတင်းဋ္ဌာနကို ပြောခဲ့ပါတယ်။
ဒီအတောအတွင်း နိုင်ငံတကာ စစ်ရေးနည်းပညာဖိုရမ် IMTFA 2021 နဲ့ နိုင်ငံတကာ စစ်တပ်စွမ်းရည်ပြိုင်ပွဲ ကိုတက်ရောက်ဖို့ ရုရှားကိုရောက်နေတဲ့ မြန်မာစစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးဟာ ရုရှားကာကွယ်ရေးဒုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အလက်ဇန်းဒါးဖိုမင်နဲ့ သြဂုတ်လ ၂၃ ရက်မှာတွေ့ဆုံပြီး နှစ်နိုင်ငံစစ်ရေးနဲ့ စစ်ဘက်နည်းပညာပိုင်းမှာ ပိုမိုပူးပေါင်းဖို့ အပြန်အလှန်ကတိပြုခဲ့ကြ ပါတယ်။

မြန်မာစစ်တပ်ဟာ သူတို့ကိုဆန့်ကျင်တဲ့ အရပ်သားတွေအပေါ် စစ်လက်နက်ပစ္စည်းတွေအသုံးပြုပြီး အကြီး အကျယ်နှိမ်နင်းနေချိန်မှာ စစ်တပ်ကို လက်နက်မရောင်းဖို့ ကုလညီလာခံမှာ ပြီးခဲ့တဲ့ဇွန်လအတွင်းက မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။ အမေရိကန် အပါအဝင် ၁၁၉ နိုင်ငံက ထောက်ခံခဲ့ပေမယ့် ရုရှား အပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံကတော့ ကြားနေမဲပေးခဲ့ပါတယ်။
အနောက်နိုင်ငံတွေ မြန်မာစစ်တပ်ကို ပိတ်ဆို့နေချိန်မှာ စစ်လက်နက်တွေထုတ်ပြီး စီးပွားရေးလုပ်နေတဲ့ ရုရှား အတွက် မြန်မာနိုင်ငံဟာ ဈေးကွက်တစ်ခုဖြစ်နေလို့ သူဟာ ဒီအခွင့်အရေးကို လစ်လျူရှုသွားမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော က သုံးသပ်ပါတယ်။
“ရုရှားက အမေရိကန်ရဲ့ ဖိအားရော အီးယူရဲ့ ဖိအားရော တွန်းလှန်ပြီး စီးပွားရေးလုပ်ရတဲ့အခါကျတော့ သူ့နိုင်ငံရဲ့ အားသာချက်ဖြစ်တဲ့ ဒီလက်နက်ပစ္စည်းတွေ ဘာတွေရောင်းချင်တာပေါ့။ အဲလိုရောင်းချင်တဲ့ အခါမှာ သူဖောက်သည်ရှာတော့ ကျွန်မတို့လိုနိုင်ငံမျိုးကို သွားတွေ့တာပေါ့။ အဲတော့ စစ်ကောင်စီကလည်း ဒါကိုအကျိုးအမြတ်အဖြစ်နဲ့ သူ့အကျိုးစီးပွားအတွက် အသုံးချတာပေါ့”
ပြီးခဲ့တဲ့ဇွန်လတုန်းကလည်း အာဏာသိမ်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှား နိုင်ငံကို သီတင်းတစ်ပတ်ကြာ သွားရောက်ခဲ့ပါတယ်။
ရုရှားခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်လက်နက်နဲ့ စစ်သုံးယာဉ်တွေ ထုတ်လုပ်ရောင်း ချတဲ့ Rosoboronexport ကုမ္ပဏီကို သွားရောက်ခဲ့ပြီး စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေအတွက် ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ Rosoboronexport ကုမ္ပဏီရဲ့ အဓိကဖောက်သည်လည်းဖြစ်ပါတယ်။
စတော့ဟုန်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျု (SIPRI) က လေ့လာချက်တွေအရ အရှေ့ တောင်အာရှမှာ ရုရှားနိုင်ငံဟာ ၁၉၉၉ ကနေ ၂၀၁၈ ခုနှစ်အထိ လက်နက်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၀.၇ ဘီလီယံအထိရှိခဲ့ပြီး ဘယ်နိုင်ငံထက်မဆို များပြားခဲ့ပါတယ်။
အဲဒီထဲမှာ မြန်မာစစ်တပ်ဟာ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံဖိုး ရုရှားဆီက ဝယ်ယူခဲ့ပြီး ဗီယက်နန်နိုင်ငံ ပြီးရင် အများဆုံးဝယ်ယူတဲ့နိုင်ငံဖြစ်တယ်လို့ SIPRI ကဖော်ပြပါတယ်။

စစ်လက်နက်ရောင်းဝယ်ရေးအပြင် ပထဝီနိုင်ငံရေးအရ အရှေ့တောင်အာရှမှာ နိုင်ငံရေးသြဇာတည်ဆောက်ဖို့ ကြိုးစားရာမှာ မြန်မာနိုင်ငံဟာ ဗျူဟာကျတဲ့နိုင်ငံအဖြစ် ရုရှားကယူဆထားသလို စီးပွားရေးဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုတွေလည်း ပြုလုပ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုး က သုံးသပ်ပါတယ်။
“စစ်လက်နက်ရောင်းဝယ်ရေးရှိသလိုမျိုး ပထဝီနိုင်ငံရေးအရ အရှေ့တောင်အာရှဘက်မှာ ရုရှားရဲ့နိုင်ငံရေး သြဇာ တည်ဆောက်မှုအပိုင်းမှာ မြန်မာက ဗျူဟာကျတဲ့နိုင်ငံအဖြစ်ခံယူပြီး ဆက်ဆံနေတဲ့သဘောလို့ မြင်တယ်။ နောက်တစ်ခုက ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ ကျန်တဲ့နိုင်ငံတွေတော်တော်များများစွန့်ခွာနေချိန်မှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ဖို့ သူတို့စဉ်းစားနေပုံရတယ်”
အရှေ့တောင်အာရှဟာ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိကအချက်အချာနေရာဖြစ်သလို သဘာဝသယံ ဇာတနဲ့ သယ်ယူပို့ဆောင်ရေး အခွင့်အလမ်းများစွာရှိနေလို့ အာရှ-ပစိဖိတ်ဒေသကို စိုးမိုးနိုင်ရင် စီးပွားရေး အကျိုးအမြတ်တွေ ရနိုင်မယ့်အပြင် ပထဝီအနေအထားအရ စစ်ရေးမဟာဗျူဟာမြောက်တဲ့နေရာကို ပိုင်ဆိုင် နိုင်တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး အလက်ဇန်းဒါးဖိုမင် ကိုယ်တိုင် ပြီးခဲ့တဲ့ဇွန်လအတွင်း မြန်မာစစ်တပ်ပိုင် မြဝတီသတင်းဋ္ဌာနကို ပြောကြားခဲ့ပါတယ်။
တစ်ဘက်မှာလည်း မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် တယ်လီနောလို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာပြည်က ဆုတ်ခွာနေကြပါတယ်။
ဒီအချိန်မှာ ရုရှားဆီက စီးပွားရေးရင်းနှီးမြှုပ်နှံမှုကို စစ်တပ်က မျှော်လင့်နေသလို ရုရှားအနေနဲ့လည်း ရေနံနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေတယ်လို့ စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်း က သုံးသပ်ပါတယ်။
“ရုရှားက စီးပွားရေးနဲ့ ပတ်သက်ရင် လက်နက်တို့ဘာတို့ စတဲ့ အဲလိုကုန်ပစ္စည်းတွေ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ပစ္စည်းတွေ အဲဒါတွေနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုလောက်ပဲ သူစိတ်ဝင်စားမယ်။ ရေနံတို့ သတ္တုတို့စသဖြင့်ပေါ့။ အဲဒါတွေတော့ ရုရှားကလာနိုင်တယ်”
ပြီးခဲ့တဲ့ဇွန်လအတွင်းကလည်း ရုရှားကာကွယ်ရေးဒုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အလက်ဇန်းဒါးဖိုမင် ကိုယ်တိုင် မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်းတွေ၊ သတ္တုတွင်းစီမံကိန်းတွေကို ပူးပေါင်း လုပ်ဆောင်ဖို့ ရုရှားအနေနဲ့ မျှော်လင့်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာလည်း ရှမ်းပြည်နယ်ဘက်မှာ ရုရှားကုမ္ပဏီတစ်ခုက သံမဏိလုပ်ငန်းဆောင်ရွက်နေသလို နောက်ထပ် ရုရှားကုမ္ပဏီတစ်ခုကလည်း ရေနံရှာဖွေရေးလုပ်ကိုင်နေတယ်လို့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ရုရှားသံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။