စစ်ကောင်စီ ပူးတွဲဥက္ကဋ္ဌတာဝန်ယူမယ့် အာဆီယံစစ်ရေးလေ့ကျင့်မှု JFM ရှုတ်ချ

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.08.31
စစ်ကောင်စီ ပူးတွဲဥက္ကဋ္ဌတာဝန်ယူမယ့် အာဆီယံစစ်ရေးလေ့ကျင့်မှု JFM ရှုတ်ချ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက အရှေ့တောင်အာရှ မလက္ကာရေလက်ကြားမှာ ရုရှားနဲ့ အာဆီယံနိုင်ငံတွေ ပထမဆုံးအကြိမ် ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်စဥ်။
AFP

ရုရှားနဲ့ အာဆီယံ နိုင်ငံတွေအကြား ပူးတွဲစစ်ရေးလေ့ကျင့်မယ့် အစီအစဉ်တစ်ရပ်ကို လာမယ့် စက်တင်ဘာ ၂၅ ရက်ကနေ ၃၀ ရက်နေ့အထိ ရုရှားနိုင်ငံ အရှေ့ဖျားဒေသက အူဆူရီစ်မြို့နဲ့ ဗလာဒီဗော့စတော့မြို့တွေမှာ ပြုလုပ်ဖို့ စစ်ကောင်စီက ဦးဆောင်စီစဉ်နေပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ မြန်မာပြည်သူတွေအပေါ် တိုက်ခိုက်၊ သတ်ဖြတ်၊ အကြမ်းဖက် စစ်ဆင်ရေးတွေ လုပ်နေတဲ့ စစ်အုပ်စုကို ပိုမိုကောင်းမွန်တဲ့ စစ်ရေးစွမ်းရည်တွေ ပေးအပ်မှာဖြစ်တဲ့အတွက် ကန့်ကွက်ရှုတ်ချကြောင်း မြန်မာစစ်တပ်နဲ့ စစ်တပ်ရဲ့ အကျိုးစီးပွားတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Justice for Myanmar က ကြေညာပါတယ်။

အာဆီယံရဲ့ ဆုံးဖြတ်ချက်ဟာ အတော်ယုတ္တိမဲ့ပြီး စက်ဆုပ်ရွံ့ရှာစရာ ဖြစ်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုတွေကြောင့် စစ်အုပ်စုဟာ ပိုပြီးလက်ရဲဇက်ရဲရှိလာပြီး၊ နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့အတွက် အားပေးကူညီရာရောက်မယ်ဆိုတာကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ သူ့ရဲ့ဆွေးနွေးဖက် နိုင်ငံတွေက ကောင်းကောင်း သိပါတယ်လို့ Justice for Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ကြေညာချက်မှာ ပြောထားပါတယ်။

Justice For Myanmar အပါအဝင် မြန်မာနဲ့ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းတွေက မြန်မာစစ်တပ်ကို အာဆီယံရဲ့ ကာကွယ်ရေးဝန်ကြီးများ ညီလာခံ ADMM ကနေ ဖယ်ရှားဖို့နဲ့ မြန်မာစစ်တပ်ပါဝင်တဲ့ လှုပ်ရှားမှုအားလုံးကို မပါဝင်ကြဖို့ အာဆီယံကို အကြိမ်ကြိမ် တောင်းဆိုထားခဲ့ပေမယ့်၊ စစ်ကောင်စီနဲ့ ရုရှားအစိုးရတို့ ဦးဆောင်ပြီး ပြုလုပ်မယ့် ဒီစစ်ရေးလေ့ကျင့်မှုကိုတော့ အာဆီယံကာကွယ်ရေးဝန်ကြီးများ ညီလာခံ ADMM ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ ကျင်းပမှာဖြစ်ပါတယ်။

ဒီပူးတွဲ စစ်ရေးလေ့ကျင့်မှုလုပ်မယ့် ရုရှား နိုင်ငံအရှေ့ဖျားက ဗလာဒီဗော့စတော့မြို့နဲ့ အူဆူရီစ်မြို့တွေဟာ ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်တဲ့ စစ်ပွဲမှာ ပါဝင်ခဲ့တဲ့ ရုရှားအရှေ့တိုင်း စစ်ဌာနချုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတယ်လို့ Justice for Myanmar က ပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ အတွင်းဝန် ဦးမောင်မောင်ဆွေကတော့ မြန်မာစစ်တပ်ကို စစ်ရေးအရ ကူညီနေတဲ့ ရုရှားနိုင်ငံဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအားလုံးအတွက် တာဝန်ရှိတယ်လို့ ပြောပါတယ်။

အာဆီယံအနေနဲ့လည်း ရုရှားနိုင်ငံမှာ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုအစီအစဉ်မှာ ရှေ့တိုးပြီး ပါဝင်ဆောင်ရွက်မယ်ဆိုရင် စစ်တပ်က မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ အဖြစ်ပါဝင်ပတ်သက်မှု ပိုပြီး နက်ရှိုင်းလာလိမ့်မယ်လို့ Justice for Myanmar ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို မြန်မာစစ်တပ်က ဦးဆောင်စီစဉ်နေတဲ့ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တာဟာ အာဆီယံအနေနဲ့ မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက် သတ်ဖြတ်မှုတွေကို လျစ်လျူရှုရာရောက်တယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးဖက်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီနဲ့ ရုရှားတို့ ဦးဆောင်ပြုလုပ်မယ့် ဒီစစ်ရေးလေ့ကျင့်မှုကို သပိတ်မှောက်ဖို့နဲ့ စစ်ကောင်စီကို ADMM အခမ်းအနားအားလုံးကို တက်ရောက်ဖို့ခွင့်မပြုဖို့ Justice for Myanmar က တောင်းဆိုထားပါတယ်။

၂ဝ၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၇၇ နှစ်မြောက် တပ်မတော်နေ့အခမ်းအနား။ (Photo : AFP)
၂ဝ၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၇၇ နှစ်မြောက် တပ်မတော်နေ့အခမ်းအနား။ (Photo : AFP)

ရုရှားမှာ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုတွေအတွက် အကြိုပြင်ဆင်ရေး အစည်းအဝေးကို ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်ကနေ ၄ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပခဲ့ရာမှာ စင်ကာပူမပါ အာဆီယံနိုင်ငံတွေနဲ့ တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံတွေ တက်ရောက်ခဲ့ကြပြီး အာဆီယံရဲ့ ဆွေးနွေးဖက်၊ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ တောင်ကိုရီးယားနဲ့ နယူးဇီလန်တို့ကတော့ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီဟာ အာဆီယံရဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး စာတွေ့စစ်ရေးလေ့ကျင့်မှု Table Top Exercise ကို ပြီးခဲ့တဲ့လက နေပြည်တော်မှာ ပြုလုပ်ခဲ့ပြီး ဒီစာတွေ့လေ့ကျင့်မှုတွေဟာ စစ်ကောင်စီက တရားမဝင်အဖြစ် သတ်မှတ်ထားတဲ့ NUG နဲ့ PDF အဖွဲ့တွေအပေါ် စစ်ဆင်ရေးတွေအတွက် အထောက်အပံ့ ဖြစ်စေတဲ့အကြောင်း စစ်ကောင်စီထိန်းချုပ်တဲ့ နိုင်ငံပိုင် သတင်းစာတွေကနေ သတင်းထုတ်ပြန်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။