ရိုဟင်ဂျာအရေးအတွက် အထူးကိုယ်စားလှယ်ခန့်အပ်ဖို့ အမေရိကန်လွှတ်တော်ကြိုးပမ်း

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024.07.13
ရိုဟင်ဂျာအရေးအတွက် အထူးကိုယ်စားလှယ်ခန့်အပ်ဖို့ အမေရိကန်လွှတ်တော်ကြိုးပမ်း ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များက လူမျိုးတုံးသတ်ဖြတ်မှု (၆) နှစ်မြောက်နေ့ အထိမ်းအမှတ် ကျင်းပစဉ်။
AFP

ရိုဟင်ဂျာတွေကို ဖိနှိပ်သတ်ဖြတ်မှုတွေကို လေ့လာစုံစမ်းပြီး အရေးယူဆောင်ရွက်မှုတွေအတွက် ဘဏ္ဍာငွေချထားပေးဖို့နဲ့ ရိုဟင်ဂျာအရေး ဆောင်ရွက်မဲ့ အထူးသံအရာရှိတစ်ဦး အမေရိကန်နိုင်ငံခြားရေးဌာနမှာ ခန့်ထားဖို့ အချက်တွေပါဝင်တဲ့ ဥပဒေကြမ်းတစ်ရပ်ကို အမေရိကန်အောက်လွှတ်တော်မှာ အတည်ပြုဖို့ ကြိုးစားနေတဲ့အကြောင်း အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက ဇူလိုင်လ ၁၁ ရက်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

တက္ကဆပ်ပြည်နယ် ကိုယ်စားပြု ရီပတ်ဘလစ်ကန်အမတ် မိုက်ကယ် မက်ကောလ် (Michael McCaul) နဲ့ နယူးယောက်ပြည်နယ်ကိုယ်စားပြု ဒီမိုကရက်အမတ် ဂရက်ဂိုရီ မိခ်စ် (Gregory Meeks) တို့ ဦးဆောင်ပြီး “ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ခံခိုင်းခြင်းနဲ့ အကာအကွယ်ပေးခြင်းဆိုင်ရာ အက်ဥပဒေ” (Rohingya GAP Act) လို့ အမည်ပေးထားတဲ့ အဲဒီ ဥပဒေကြမ်းကို အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီမှာ အရင်တင်သွင်းခဲ့ပြီး ကော်မတီက အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဒီဥပဒေကြမ်းကို အောက်လွှတ်တော်အမတ်တွေ အားလုံးကြားမှာ မဲခွဲဆုံးဖြတ်ရမှာဖြစ်ပြီး အောက်လွှတ်တော်မှာ အောင်မြင်ရင် အထက်လွှတ်တော်ကနေ အတည်ပြုပြီးမှ ဥပဒေအဖြစ် အသက်ဝင်လာမှာ ဖြစ်ပါတယ်။



ဒီဥပဒေကို အမေရိကန်နိုင်ငံရဲ့ အဓိက ပါတီနှစ်ရပ်လုံးက အမတ်တွေရဲ့ အားပေးထောက်ခံမှု ရထားတယ်လို့ RFA အင်္ဂလိပ်ပိုင်းရဲ့ သတင်းမှာ ဖော်ပြပါတယ်။

ဒီ Rohingya GAP Act ဥပဒေကြမ်းမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ အမှုတွေကို လေ့လာစုံစမ်းအရေးယူတဲ့ လုပ်ငန်းတွေအတွက် တစ်နှစ်ကို ဒေါ်လာ ၁၀ သန်းနဲ့ ငါးနှစ်အထိ ဘဏ္ဍာငွေ ချပေးဖို့နဲ့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်သတ်ဖြတ်မှုတွေကို တုံ့ပြန်ဆောင်ရွက်ဖို့ “အထူးစေ့စပ်ညှိနှိုင်းရေးမှူး” ရာထူးနဲ့ အရာရှိတစ်ဦးကို အမေရိကန်နိုင်ငံခြားရေးဌာနမှာ ခန့်အပ်ထားဖို့ အချက်တွေ ပါဝင်ပါတယ်။

ဒီအက်ဥပဒေအရ ခန့်ထားမဲ့ ရိုဟင်ဂျာအရေး အထူးအရာရှိဟာ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ မှုခင်းတွေ စုံစမ်းစစ်ဆေးတာ၊ မှတ်တမ်းတင် သိမ်းဆည်းတာ၊ တရားရုံးတွေမှာ တရားစွဲဆို ဆောင်ရွက်တာ၊ မျက်မြင်သက်သေတွေကို အကာအကွယ်ပေးတာနဲ့ တရားမျှတမှုနဲ့ တာဝန်ခံမှုရှိအောင် ဆောင်ရွက်မှုလုပ်ငန်းစဉ်အမျိုးမျိုးကို အကူအညီပေးဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီဥပဒေကြမ်းမှာ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို လေ့လာ စောင့်ကြည့်ပြီး လွှတ်တော်ကို သတင်းပို့ဖို့ “မြန်မာနိုင်ငံဆိုင်ရာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့” တစ်ခုကိုလည်း ဖွဲ့စည်းသွားဖို့ ပါရှိပြီး အမေရိကန်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ပညာရေးအတွက် ပညာတော်သင်ဆုတွေ ၂၀၃၀ ပြည့်နှစ်အထိ ပေးအပ်သွားဖို့ အချက်တွေလည်း ပါဝင်ပါတယ်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံလာကြသည့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဒုက္ခသည်များ။ (Photo: AFP)
၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံလာကြသည့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဒုက္ခသည်များ။ (Photo: AFP)

ဒါ့အပြင် ရိုဟင်ဂျာအရပ်ဖက်အဖွဲ့တွေကို ကူညီအားပေးဖို့၊ ရိုဟင်ဂျာတွေ ဆန္ဒအလျောက် နေရပ်ပြန်ဖို့ လုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ဖို့အချက်တွေလည်း ပါဝင်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ USAID အဖွဲ့တို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လုံလောက်တဲ့ အစားအသောက်နဲ့ အဟာရတွေရရှိအောင် လုပ်ပေးရမယ်လို့လည်း ဒီဥပဒေကြမ်းမှာ ပါရှိပါတယ်။

ဒီ Rohingya GAP Act အက်ဥပဒေဟာ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့၊ သမိုင်းတစ်ပတ်လည်ပြီး လူမျိုးတုံးသတ်ဖြတ်မှု နောက်တစ်ကြိမ် ထပ်မဖြစ်အောင် တားဆီးဖို့ ဖြစ်တဲ့အကြောင်းနဲ့ အောက်လွှတ်တော်ကနေ အမြန်ဆုံးအတည်ပြုနိုင်ဖို့ မျှော်လင့်တဲ့အကြောင်း နယူးယောက်ပြည်နယ်အမတ် ဂရက်ဂိုရီ မိခ်စ်က ကြေညာချက်ထုတ်ပြန်ပြီး ပြောထားပါတယ်။

“မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း လွန်ခဲ့တဲ့ နှစ်နှစ်က အမေရိကန်နိုင်ငံခြားရေးဌာနကနေ တရားဝင် ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုဆုံးဖြတ်လိုက်တာဟာ သတ်ဖြတ်မှုတွေ ခံစားခဲ့ရသူတွေအတွက် အသိအမှတ်ပြုရုံတင် မကဘဲ အရေးယူဆောင်ရွက်ဖို့အတွက်ပါ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်" လို့ နယူးယောက်ပြည်နယ်အမတ် ဂရက်ဂိုရီ မိခ်စ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂ဝ၂၃ ခုနှစ် မတ်လ ၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းတွင် ကူညီထောက်ပံ့ရေးပစ္စည်းများအား သယ်ယူလာသည့် ရိုဟင်ဂျာတချို့အားတွေ့ရစဉ်။ (Photo: AFP)
၂ဝ၂၃ ခုနှစ် မတ်လ ၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းတွင် ကူညီထောက်ပံ့ရေးပစ္စည်းများအား သယ်ယူလာသည့် ရိုဟင်ဂျာတချို့အားတွေ့ရစဉ်။ (Photo: AFP)

"လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တာကို အမေရိကန်အောက်လွှတ်တော်က အရေးမယူဘဲ မနေဘူးဆိုတာ တစ်ကမ္ဘာလုံးကသိအောင် ပြသနိုင်ဖို့ ဒီဥပဒေကြမ်းကို ထောက်ခံအားပေးကြဖို့ လုပ်ဖော်ကိုင်ဖက် အမတ်အားလုံးကို တိုက်တွန်းချင်ပါတယ်" လို့ တက္ကဆပ်ပြည်နယ်အမတ် မိုက်ကယ် မက်ကောလ် က လည်း ပြီးခဲ့တဲ့အပတ်က အောက်လွှတ်တော်အစည်းအဝေးတစ်ခုမှာ ပြောသွားပါတယ်။

ဒီဥပဒေကြမ်းကို လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW)၊ International Campaign for the Rohingya၊ US Campaign for Burma စတဲ့ မြန်မာ့အရေး ရိုဟင်ဂျာအရေးလှုပ်ရှားမှုအဖွဲ့တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်တားဆီးရေးအဖွဲ့တွေကနေ အားပေးထောက်ခံထားတဲ့အကြောင်းလည်း အောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။