ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီဖို့ ရန်ပုံငွေ အရေးတကြီး လိုအပ်နေ
2020.10.22
ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေကို ထောက်ပံ့ကူညီရေးရန်ပုံငွေ အရေးတကြီး လိုအပ်နေတဲ့ကိစ္စကို ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာ အလှူရှင် ညီလာခံကို အွန်လိုင်းကနေ ဒီကနေ့ ကျင်းပမယ်လို့ ကုလသမဂ္ဂ က ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီအရေးပေါ် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး အတွက် အခုလို ညီလာခံကျင်းပရတာဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က မနေ့က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၈၀၀,၀၀၀ ကျော်အတွက် လူသားချင်းစာနာမှု အကူ အညီတွေ ဖူလုံအောင် ပေးအပ်နိုင်ဖို့ ဒေါ်လာ သန်း ၁,၀၀၀ ကျော်ရရှိရေး ကုလသမဂ္ဂက ပန်ကြားထားတာပါ။
ဒါပေမဲ့ ရန်ပုံငွေထည့်ဝင်မှုက အကြီးအကျယ်နည်းနေပြီး အခုအချိန်ထိရရှိထားတဲ့ ရန်ပုံငွေဟာ ပန်ကြားထားတဲ့ ပမာဏရဲ့ ထက်ဝက်တောင် မပြည့်ဘူးလို့ UNHCR ပြောရေးဆိုခွင့်ရှိသူတွေက ပြောပါတယ်။
ဒုက္ခသည်တွေအတွက် အရေးပေါ် လိုအပ်ချက် အများအပြားရှိနေချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် နောက်ထပ်အခက်အခဲတွေ ထပ်ဖြစ်နေတာပါ။
ကိုဖီအာနန်ကော်မရှင်မှာ အဖွဲ့တစ်ဦးအဖြစ် တာဝန်ယူခဲ့တဲ့ ဦးအေးလွင်ကတော့ ဒေသတွင်းကလည်း ဒါကို တာဝန်သိသိနဲ့ မျှဝေယူကြဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ဒီကိစ္စရပ်ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံထဲ ပတ်သက်တာ မဟုတ်ကြောင်း၊ ဒုက္ခသည်တွေအတွက် တကယ်လိုအပ်နေတာကြောင့် ဒေသဆိုင်ရာနိုင်ငံတွေ အနေနဲ့ ကူညီပေးကြဖို့ လိုကြောင်း ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို စားနပ်ရိက္ခာထောက်ပံ့ရုံလောက်နဲ့မရဘဲ ပညာရေး၊ ကျန်းမာ ရေးနဲ့ အသက်မွေးဝမ်းကျောင်းအတတ်ပညာ သင်တန်းတွေပေးနိုင်ဖို့ ထောက်ပံ့ပေးမယ်ဆိုပြီး ပိုကောင်းမယ်လို့ အာရှလူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။
ဒုက္ခသည်တွေ အသက်ရှင်ရပ်တည်ရေးအတွက်လိုအပ်နေချိန်မှာ လက်ရှိကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေ မှုကြောင့် ကာကွယ်ဆေးမပေါ်ခင်မှာ ကူးစက်မခံရအောင် ပညာပေးတာတွေ လုပ်ပေးနိုင်ဖို့ အဓိကလိုအပ် လာနေပြီး ပဋိပက္ခပြဿနာအားလုံးရဲ့ ဇစ်မြစ်ဟာ ပညာမဲ့ခြင်းကြောင့် ဖြစ်တဲ့အတွက် ဒုက္ခသည်စခန်းတွေက သားသမီးတွေရဲ့ ပညာရေးက မဖြစ်မနေလိုအပ်တယ်လို့ ဦးအေးလွင်က ဆို ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ပညာရေးအပြင် ကျန်းမာရေးကိစ္စတွေမှာလည်း အကူညီတွေ အများကြီး လိုအပ်နေတယ်လို့ ကုတုပါလောင်ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ဦးအောင်မြိုင် ကပြောပါတယ်။
ဒုက္ခသည်စခန်းမှာ ဘယ်လောက်ကြာကြာနေရမယ် မသိတာကြောင့် လက်ရှိဒုက္ခသည်တွေမှာ အလုပ်အကိုင် မရှိတာကြောင့် စက်ရုံ အလုပ်ရုံမှာလုပ်ရတဲ့ အလုပ်လိုမျိုး အလုပ်အကိုင်တွေ ဖန်းတီးပေးဖို့လည်း အထူး လိုအပ်တယ်လို့လည်း ဦးအောင်မြိုင်က ပြောပါတယ်။
အာဆီယံနိုင်ငံတွေမှာလည်း အခုလိုရိုဟင်ဂျာတွေ ဒုက္ခရောက်တာကို ကူညီပေးဖို့ တာဝန်ရှိပြီး ဒုက္ခသည်စခန်းမှာ ရှိတဲ့ အသက် ၁၃ နှစ်အထက် လူငယ်တွေဟာ ပညာသင်ကြားခွင့် ဆုံးရှုံးနေပြီး ပညာရေးမှာ အကူညီပေးဖို့လည်း ဦးအောင်မြိုင်က တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ သင်ရိုးအတိုင်း ကလေးတွေနဲ့ လူငယ်တွေကို ပညာသင်ကြားပေးဖို့လိုအပ်ပြီး အသက်ကြီးတဲ့သူတွေကိုလည်း မြန်မာစာစကားကို အခြေခံသင်တာမျိုးတွေ လုပ်ပေးဖို့လည်း အကြံပြုထား ပါတယ်။
ဒါအပြင် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး၊ နိုင်ငံသားအခွင့်ရေးရရှိရေး အပါအဝင် မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက် တာတွေ၊ တိုက်တွန်းတာမျိုးတွေလုပ်ပေးဖို့လည်း ဦးအောင်မြိုင်က အကြံပြုထားပါတယ်။
Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို ရိုဟင်ဂျာတွေ ထွက်ပြေးရမှုကြောင့် ဖြစ်ပေါ် လာတဲ့ ငွေရေးကြေးရေးတွေကို နိုင်ငံတကာက တာဝန်ယူနေရတာကြောင့် ဒီကိစ္စကို အစိုးရက ကိုင်တွယ်မဖြေရှင်း နိုင်ရင် နိုင်ငံတကာ ဖိအားအကျပ်အတည်းတွေနဲ့ မလိုလားတဲ့အတွက် အစိုးရအနေနဲ့ ပညာရှင်တွေ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း ကိုင်တွယ်သင့်တယ်လို့ သုံးသပ်ပါတယ်။
ဒုက္ခသည်စခန်းတွေက လူငယ်တွေရဲ့ အနာဂတ်မပျောက်ဖို့ အင်မတန် အရေးကြီးပြီး စာသင်ကြားခွင့်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် သူတို့အနာဂတ်ကို သူတို့ ဖန်တီးနိုင်ခွင့်ရဖို့ လိုအပ်တယ်လို့လည်း ကိုနစ်ကီဒိုင်းမွန်း က ပြောပါတယ်။
မြန်မာဘက်ကတော့ နေရပ်ရင်းပြန်လိုတဲ့ ဒုက္ခသည်တွေကို စိစစ်လက်ခံမယ်လို့ ပြောဆိုထားပေမယ့် အခုအချိန် ထိတော့ ဒုက္ခသည်ဌာနေပြန်ရေး အကောင်အထည်မပေါ်သေးပါဘူး။
အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ကျင်းပမယ့် ရိုဟင်ဂျာတွေအတွက် အလှူငွေထည့်ဝင်ရေး ညီလာခံမှာ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ရိုဟင်ဂျာကလေးငယ်တွေ ပညာသင်ခွင့်ရရှိရေးကို ထည့်သွင်းဆွေးနွေးသင့်တယ်လို့ လူ့အခွင့်အရေးအဖွဲ့ HRW က လည်း တိုက်တွန်းထားပါတယ်။
ညီလာခံကို ကမကထပြုတဲ့ နိုင်ငံတွေထံ HRW က ပေးပို့တဲ့စာမှာ ရခိုင်ပြည်နယ် နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာကလေးအများစုဟာ ပညာသင်ခွင့် ဆုံးရှုံးနေကြတယ်လို့ ဖော်ပြထားပါတယ်။
HRW ရဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ညွှန်ကြားရေးမှူး Bill Van Esveld က ဒီရိုဟင်ဂျာကလေးသူငယ် တွေဟာ ခွဲခြားဆက်ဆံခံနေကြရပြီး သူတို့ပညာသင်ခွင့်ရရှိမယ့် အခြေအနေတွေလည်း မြင်တွေ့ရခြင်းမရှိဘူးလို့ ဆိုပါတယ်။ အလှူရှင်အစိုးရတွေအနေနဲ့ အခြေခံလူ့အခွင့်အရေးဖြစ်တဲ့ ပညာသင်ခွင့်ရရှိရေးကို တောင်းဆိုသင့် ကြတယ်လို့ ပြောပါတယ်။