ဒုက္ခသည်တွေကြောင့် သစ်တောပြုန်းတီးမှု ဘင်္ဂလားဒေ့ရှ် အစီရင်ခံစာထုတ်


2019.10.18
rohingya-622.jpg ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များ။
Photo: AFP

မြန်မာနိုင်ငံကနေ ၂ဝ၁၇ သြဂုတ်လနောက်ပိုင်း ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ခုနှစ်သိန်းကျော်နဲ့ ၁၉၉ဝ ဝန်းကျင်ကတည်းက ထွက်ပြေးရောက်နေတဲ့သူတွေပေါင်းပြီး ဒုက္ခသည်တစ်သန်းကျော်ကို လက်ခံထားရတဲ့အတွက် ကော့ဆက်ဘဇားခရိုင်က သစ်တောကြိုးဝိုင်းမြေဧက ၈ဝဝဝ ကျော်မှာ ဇီဝဖြစ်စဉ်တွေ ပျက်စီးသလို၊ သစ်တောပြုန်းတီးရတယ်လို့ ဘင်္ဂလားဒေ့ရှ်သဘာဝပတ်ဝန်းကျင်၊ သစ်တောနဲ့ ရာသီဥတုဆိုင်ရာ ဝန်ကြီးဌာနက သူ့ပြည်တွင်းမှာ အစီရင်ခံတင်ပြလိုက်ပါတယ်။

ဒီပျက်စီးမှုကို ကာလတန်ကြေးနဲ့တွက်ရင် တာကာငွေ သန်းပေါင်း နှစ်သောင်းလေးထောင်ကျော်နဲ့ ညီမျှတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေဟာ စိုးရိမ်ရတယ်လို့ ဘင်္ဂလားဒေ့ရှ်လွှတ်တော်က သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ကော်မတီဝင်တွေက ပြောဆိုကြပြီး ဒီပြဿနာပြေလည်အောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာကို ကော့ဆက်ဘဇာခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒုက္ခသည်တွေကို ကော့ဆက်ဘဇားခရိုင်က တက်ခ်နက်ဖ်နဲ့ အူကီရာမြို့နယ်တွေမှာ စခန်းပေါင်း ၃၄ ခု ဖွင့်ပြီး လက်ခံထားတာပါ။ တက်နက်ဖ်မြို့နယ်မှာ စခန်း ရှစ်ခုရှိပြီး၊ အူကီရာမြို့နယ်မှာ ၂၆ ခုရှိနေပါ တယ်။

သိန်းချီနေတဲ့ဒုက္ခသည်တွေနေထိုင်ဖို့ တဲဆောက်ရတဲ့အခါ ဧကခြောက်ထောင်ကျော်က အရန်သစ်တောတွေ ထိခိုက်သလို၊ စားသောက်ရေးအတွက်ချက်ပြုတ်ဖို့တဲ့အခါ ထင်းကိုပဲအသုံးပြုရတဲ့အတွက် နောက်ထပ် ဧကတစ်ထောင့်ရှစ်ရာလောက်ပြုန်းတီးသွားတယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။ ဝန်ကြီးချုပ်ရုံးရဲ့ပြီးခဲ့တဲ့လက အစည်းအဝေးမှာတော့ သစ်တောဌာနပိုင်နယ်မြေတွေမှာ အိုးအိမ်ဆောက်လုပ်တာတွေ မှန်သမျှ ကန့်သတ်ပိတ်ပင်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် တခြားအဖွဲ့အစည်းတွေက အဲဒီညွှန်ကြားချက်ကို မလိုက်နာဘဲ တောင်ကုန်းတွေဖြို၊ သစ်ပင်တွေခုတ်ပြီး လူနေအိမ်အခိုင်အခံ့တွေ ဆောက်လုပ်နေဆဲ ရှိသေးတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

တဖက်မှာလည်း အဲဒီသစ်တောကြိုးဝိုင်းမြေမှာ ရှားပါးနေပြီဖြစ်တဲ့ ဘေးမဲ့တောဆင်ရိုင်း ၆၃ ကောင် ကျင်လည်ကျက်စားနေပြီး၊ အရင်ကဆိုရင် သူတို့က မြန်မာဘက်ကိုလည်း လှည့်လည်သွားလာလေ့ရှိတယ်လို့ ဆိုပါတယ်။ အခုတော့ နယ်စပ်တွေပိတ်ဆို့ထားတာကြောင့် ဆင်တွေလည်း သဘာဝဘဝတွေ ပျက်စီးရတဲ့အကြောင်းနဲ့ ရလာဒ်အနေနဲ့ လူတွေကို ရန်မူတဲ့အတွက် ရိုဟင်ဂျာ ၁၂ ယောက်သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ အခုအတိုင်းဆက်သွားနေမယ်ဆိုရင် ဒီလိုဖြစ်ရပ်ဆက်ကြုံနေရဦးမယ်လို့လည်း အစီရင်ခံစာကထောက်ပြပါတယ်။

ဒီအတောအတွင်းမှာပဲ မိုးလေဝသပြင်းထန်လို့ တဲပျက်သွားတဲ့သူတွေ၊ နေစရာမဲ့နေတဲ့သူတွေက အကူအညီရှာနေကြပြီး၊ ကုလသမဂ္ဂရဲ့ IOM အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့က ကူညီနေတယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

အဲဒီလူတွေအတွက် FIC လို့ခေါ်တဲ့ သတင်းအချက်နဲ့ တုံ့ပြန်မှုဌာနဖွင့်လှစ်ထားပြီး အဲဒီကနေတဆင့် လူတွေက အကူအညီတောင်းတာကို သိရသလို၊ သူတို့အဖွဲ့ကလည်း အဆင်ပြေအောင်ကူညီနေတယ်လို့ ဆိုပါတယ်။

မနှစ်က ဇွန်ကနေ အခုနှစ်မေလအထိ တနှစ်တာကာလအတွင်းမှာ အကူအညီတောင်းတဲ့ဖြစ်ရပ် ခြောက်သောင်းကျော်ရှိခဲ့ပြီး၊ အဲဒီထဲက လေးသောင်းကျော်ကို ကူညီဖြေရှင်းပေးပြီးပြီလို့ဆိုပါတယ်။

အခုလိုဖြေရှင်းပေနေပေမယ့်လည်း ဒုက္ခသည်တွေအတော်များများက FIC လို့ခေါ်တဲ့ သတင်းအချက်နဲ့ တုံ့ပြန်မှုဌာနအကြောင်း သိဖို့လိုနေသေးတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် ရိုဟင်ဂျာတွေမှာ စာရေးတဲ့စနစ်မရှိသလို၊ အများစုက မြန်မာစာမတတ်ကြတာကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအပြင် သူတို့မှာ အမျိုးသမီးတွေက အိမ်တွင်းပုန်းဘဝနဲ့ပဲ ဖြတ်သန်းရတဲ့အတွက် ကျားမခွဲခြား ဆက်ဆံထားတဲ့ပြဿနာကလည်း ကြီးမားတဲ့အခက်အခဲဖြစ်တယ်လို့ IOM အဖွဲ့က ထောက်ပြထားပါတယ်။

(RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။