မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ့ဆုံပွဲ ထူးခြားမှုမရှိ

နေရိန်ကျော်
2019.12.19
rohingya-622.jpg မြန်မာနိုင်ငံခြားရေးဌာန ကိုယ်စားလှယ်အဖွဲ့နဲ့ ကုတုပါလောင်စခန်းက ရိုဟင်ဂျာဒုက္ခသည်တွေ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်က တွေ့ဆုံခဲ့ကြစဥ်။
Photo: AFP

မြန်မာနိုင်ငံခြားရေးဌာနက အဆင့်မြင့်အရာရှိတွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင် ကုတုပါလောင်စခန်းက ရိုဟင်ဂျာဒုက္ခသည်တွေကို မနေ့က ဒီဇင်ဘာလ ၁၈ ရက်နဲ့ ဒီကနေ့ ၁၉ ရက်နေ့မှာ တွေ့ဆုံပြီး ဒုက္ခသည်တွေရဲ့သဘောထားတွေ နားထောင်ခဲ့သလို၊ မြန်မာအစိုးရဘက်ကလည်း နေရပ်ပြန်ရေးဆောင်ရွက်ပေးနိုင်မယ့် အခြေအနေတွေ ပြန်ပြီးရှင်းပြခဲ့ပါတယ်။

ဒုက္ခသည်တွေနေရပ်ပြန်ရေး အစီအစဉ်မှာ နိုင်ငံသားကတ်ကိစ္စနဲ့ ပတ်သက်လို့၊ မိဘနှစ်ပါးလုံးမှာ အမျိုးသားမှတ်ပုံတင်ကတ်ရှိထားရင် သူတို့သားသမီးတွေကိုလဲ အဲဒီလိုကတ်ထုတ်ပေးမှာဖြစ်ပြီး အမျိုးသားမှတ်ပုံတင်ကတ်မရှိသေးတဲ့သူတွေကိုတော့ NVC လို့ခေါ်တဲ့ အမျိုးသားစိစစ်ရေးကတ် ထုတ်ပေးမယ့်အကြောင်း မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ကပြောတယ်လို့ တွေ့ဆုံပွဲမှာပါခဲ့တဲ့ ကိုမောင်မောင်တင်က RFA ကို ပြောပါတယ်။



အဲဒီအပြင် နိုင်ငံသားကတ်ထုတ်ပေးတဲ့အခါမှာလည်း ရိုဟင်ဂျာနာမည်နဲ့ထုတ်ပေးရင် သီးခြားနယ်မြေတောင်းလာမှာကို အစိုးရက စိုးရိမ်တဲ့အတွက် အဲဒီနာမည်နဲ့ထုတ်ပေးမှာမဟုတ်တဲ့အကြောင်း ပြောတယ်လို့လည်း ကိုမောင်မောင်တင်ကပြောပါတယ်။

မြန်မာအစိုးရကိုယ်စားလှယ်တွေကတော့ ပြန်လာတဲ့သူတွေအတွက် လုံခြုံရေးနဲ့ NVC ကတ်လို့ခေါ်တဲ့ အမျိုးသားစိစစ်ရေးကတ်တွေအကြောင်း ရှင်းလင်းပြောဆိုခဲ့ပြီး၊ သူတို့မေးမြန်းတာတွေကို ပြန်လည်ဖြေဆိုခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက တွေ့ဆုံပွဲအပြီးမှာAFP သတင်းဌာနကို ပြောပါတယ်။

တွေ့ဆုံပွဲတက်ခဲ့တဲ့ ရိုဟင်ဂျာခေါင်းဆောင်တယောက်ဖြစ်တဲ့ ဆာယက်အူလာကတော့ ...

“သူတို့အရင်ကလည်းလာခဲ့တယ်။ အခုလဲ နိုင်ငံတကာဖိအားတွေလျော့အောင် ထပ်ရောက်လာတာဖြစ်တယ်။ ဒီနေ့တွေ့ဆုံပွဲက ဘာအဖြေမှမထွက်ဘူး။ မနက်ဖြန်ဘာဆက်ဖြစ်မလဲဆိုတာပဲကြည့်ရမယ်”
လို့ပြောပါတယ်။

နောက်ထပ်ရိုဟင်ဂျာခေါင်းဆောင်တယောက်ဖြစ်တဲ့ အဗ္ဗဒူရာဟင်ကတော့ “ မြန်မာအစိုးရအနေနဲ့ လှည့်စားဖို့ရောက်လာပုံရတယ်။ ပြီးခဲ့တဲ့နှစ်နှစ်ကပြောတာတွေနဲ့ အခုပြောတာ အတူတူပဲ။ ဒီနေ့ပြောဆိုတာတွေဟာ အရာမရောက်ဘူး” လို့ပြောပါတယ်။

တွေ့ဆုံပွဲတက်ခဲ့တဲ့ ကိုမောင်မောင်တင်ကတော့ - ရခိုင်ပြည်နယ်မှာ ကျန်နေတဲ့သူတွေရော ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့သူတွေကိုပါ ရိုဟင်ဂျာအားလုံးကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုကြောင်း လွှတ်တော်က ကြေညာပေးရင်ပြန်လာမယ်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ပြောလိုက်ပေမယ့် ဘာမှပြန်မပြောဘူးလို့ပြောပါတယ်။

ဒီနှစ်ရက်တာတွေ့ဆုံပွဲမှာ မြန်မာကိုယ်စားလှယ်တွေနဲ့အတူ အာဆီယံအတွင်းရေးမှူး၊ ကုလသမဂ္ဂအဖွဲ့က ပုဂ္ဂိုလ်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက် အာဏာပိုင်တွေ ပါဝင်ခဲ့ပါတယ်။ ရိုဟင်ဂျာတွေဘက်ကတော့ အမျိုးသမီး ခြောက်ယောက်အပါအဝင် စုစုပေါင်း ၄၇ ယောက် တက်ရောက်ခဲ့ပါတယ်။

အခုလို မြန်မာနိုင်ငံဘက်က လိုက်လျောနိုင်တာနဲ့ ဒုက္ခသည်တွေဘက်က တောင်းဆိုနေတာ အလွန်ခြားနားနေတဲ့အတွက် ပြဿနာပြေလည်ရေးဟာ လမ်းစပျောက်နေဦးမယ်လို့ သုံးသပ်တင်ပြလိုက်ရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။