ရိုဟင်ဂျာတွေ ပြန်လည်လက်ခံမယ့်စစ်ကောင်စီရဲ့ အစီအစဉ်ကို မယုံကြည်ကြ
2022.05.25

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန်ခေါ်ပြီး ၁၉၈၂ နိုင်ငံသားဥပဒေအရ အကျုံးဝင်သူတွေကို နိုင်ငံသားဖြစ်ခွင့်ပေးမယ်လို့ စစ်ကောင်စီက ပြောဆိုနေပေမယ့် တစ်ဖက်မှာလည်း ရိုဟင်ဂျာတွေ ပြည်တွင်းမှာ ခရီးသွားလာခွင့် ကန့်သတ်ချက်ဆက်ရှိနေပြီး၊ အထောက်အထားမဲ့သွားလာလို့ ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။
ဒီလိုအခြေအနေတွေကြောင့် စစ်ကောင်စီက ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ခေါ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ် ဒုက္ခသည်တွေကမယုံကြည်ကြသလို ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ စစ်ကောင်စီရဲ့မူဝါဒက ရှေ့နောက်မညီဘူးလို့ ဝေဖန်နေကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အာလီခါလီဒုက္ခသည်စခန်း အမှတ်၂၅ က ကိုနုရ်အာလောင်က စစ်ကောင်စီကို မယုံကြည်ဘူးလို့ ပြောပါတယ်။
“ဘယ်လိုလုပ်ယုံကြည်လို့ရပါ့မလဲ၊ ပြည်တွင်းမှာရှိတဲ့လူတွေတောင် တည်ငြိမ် အေးချမ်းစွာ မနေရဘူး၊ ကျွန်တော်တို့ကို ဒီကနေခေါပြီးတော့ အေးချမ်းစွာ နေရမယ်ဆိုတာကို ဘယ်စိတ်ချလို့ရပါ့မလဲ၊ တန်းတူ အခွင့်အရေးဆိုတာ ဘာမှရတာ မရှိပါဘူး။”
စစ်ကောင်စီရဲ့ပြောဆိုချက်ဟာ နိုင်ငံတကာကို ဟန်ပြအနေနဲ့ လုပ်ပြနေတာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်း အမှတ် (၇) က ရိုဟင်ဂျာတစ်ဦးဖြစ်သူ ဦးအောင်မြိုင်က ပြောပါတယ်။
“ ဒုက္ခသည်တွေကို ခေါ်မယ်လို့ အပြောပဲရှိတယ်။ လက်တွေ့မှာတော့ ဘာမှလုပ်တာ မရှိဘူး၊ နိုင်ငံတကာရဲ့ ထောက်ခံမှုရဖို့၊ နိုင်ငံတကာကို ဟန်ပြအနေနဲ့ ဒုက္ခသည်တွေကို အသုံးချဖို့အတွက်ပဲ ပြန်ခေါ်မယ် ဒီလိုလုပ်နေတယ်၊ စစ်ကောင်စီက ဟန်ပြပဲ လုပ်နေတယ်လို့ ဒီကဒုက္ခသည်တွေက သံသယဝင်နေတာ။”
စစ်တပ်ကအာဏာသိမ်းပြီးနောက် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အမှုကြားနာဖို့ တစ်ရက်အလိုရက်မှာ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေ ပြန်လက်ခံရေးကိစ္စကို ပြင်ဆင်နေတယ်လို့ စစ်ကောင်စီ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် ခဲ့ပါတယ်။
ဒါပေမဲ့လည်း ၂၀၂၁ နိုဝင်ဘာ ၂၅ ရက်နေ့ကစပြီး ဘူးသီးတောင်မြို့နယ်မှာ ရိုဟင်ဂျာ တွေကို ခွင့်ပြုချက် အထောက်အထားမပါဘဲ ခရီးသွားလာရင် အရေးယူမယ်လို့ ဒေသန္တရအမိန့်ထုတ်ခဲ့ပါတယ်။ ရိုဟင်ဂျာတွေဟာ မြို့နယ်ကျော်၊ ခရိုင်ကျော်၊ ပြည်နယ်ကျော်ပြီး သွားလာမယ်ဆိုရင် လူဝင်မှုကြီးကြပ် ရေးရုံးတွေမှာ ခရီးသွားလာခွင့် ထောက်ခံချက်ပုံစံ (၄) တင်ရပါတယ်။ အဲဒီလို ခွင့်ပြုချက်တောင်းတဲ့အခါ နေ့ချင်း ရတာရှိသလို လနဲ့ချီစောင့်ရတာလည်း ရှိပါတယ်။
ပြည်တွင်းကအခက်အခဲတွေကိုသိနေတဲ့ ဘင်္ဂလားဒေ့ရှ်ကလူတွေက နေရပ်ပြန်လာမှာ မဟုတ်ဘူးလို့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က၊ ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။
“မြန်မာနိုင်ငံဘက်မှာရှိတဲ့ ကျွန်တော်တို့လူမျိုးတွေ လွတ်လွတ်လပ်လပ်သွားလို့မရ လုပ်ခွင့်မရှိဘဲ ဟိုဘက်(ဘင်္ဂလားဒေ့ရှ်)ဒုက္ခသည်စခန်းမှာရှိတဲ့ လူတွေကတော့ ဘယ်တော့မှလာမှာမဟုတ်ပါဘူး။”

ဒီနှစ် မတ်လမှာတော့ ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာမယ့် ရိုဟင်ဂျာ ၇ဝဝ စာရင်းကို လက်ခံထားပြီလို့ ရခိုင်ပြည်နယ်၊ စစ်ကောင်စီက ပြောထားပါတယ်။ ဒါပေမဲ့ အခုထိတော့ အကောင်အထည်ပေါ်လာတာ မတွေ့ရ သေးပါဘူး။ဒီလိုပြန်လည်လက်ခံမယ်ဆိုတာကို ရိုဟင်ဂျာဒုက္ခသည်တွေအပြင် လေ့လာသူတွေကလည်း မယုံကြပါဘူး။
“ပြည်တွင်းမှာရှိတဲ့ ရိုဟင်ဂျာတွေကိုတောင်မှ ပြည်တွင်းမှာ ခရီးသွားလာခွင့်လိုဟာမျိုး လွတ်လွတ်လပ်လပ် လုပ်ပေးတာမျိုး မရှိဘူးဆိုတော့ ဘင်္ဂလားဒေ့ရှ်တို့ တခြားဒုက္ခသည် စခန်းတွေက လူတွေကို ပြန်ခေါ်မယ်ဆိုတာ ဒါက သိပ်ပြီးယုံကြည်စရာ ကောင်းတာတော့ မဟုတ်ဘူး။”
အမေရိကန်ပြည်ထောင်စု Brandeis တက္ကသိုလ်မှာ ပဋိပက္ခလေ့လာရေး မဟာဘွဲ့ တက်နေတဲ့ ကိုအောင်ကိုကို ပြောသွားတာပါ။
ဘင်္ဂလားဒေ့ရှ်ဘက်မှာလဲ ရိုဟင်ဂျာတွေကို ဘာဆန်ချားကျွန်းကိုပို့နေသလို၊ စခန်းထဲမှာလဲ ကန့်သတ် ချက်တွေများပြီး သူတို့အတွက် စားဝတ်နေရေးနဲ့အနာဂတ်ပျောက်နေကြပါတယ်။ ဒါကြောင့် လူပွဲစားတွေနဲ့ ပင်လယ်ဖြတ်ပြီးထွက်ပြေးတာတွေမကြာခဏရှိနေပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကဆိုရင် ပင်လယ်ပြင်မှာ လှေမှောက်ပြီး အသက်ဆုံးရှုံးရတဲ့ သူတွေလဲရှိခဲ့ပါတယ်။
ဒီလိုထွက်ပြေးရတာနဲ့ပတ်သက်လို့ သင်္ခါလီဒုက္ခသည်စခန်းက ရိုဟင်ဂျာလူငယ်များ အစည်းအရုံးရဲ့ ညွှန်ကြားရေးမှူး ဦးခင်မောင် ကအခုလိုပြောပါတယ်။
“ကျွန်တော်တို့ကို လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာပညာသင်ခွင့်၊ လွတ်လပ်စွာ စီးပွားရေး လုပ်ခွင့်မပေးဘဲ တစ်နေရာမှာ ပိတ်လှောင်ထားတာကြောင့် လူတွေက ကိုယ့်ရဲ့အနာဂတ်ကို ဘာမှ မမြင်တော့ဘူး။ ကျွန်တော်တို့ ဒီကိုသွားရင် ကိုယ့်မိသားစုကို တစ်ခုခုလုပ်ပေးနိုင်မယ်ဆိုတဲ့ ခံယူချက် နဲ့သွားကြတာ၊ မတတ်နိုင်လို့သာ နောက်ဆုံးမှာ ဒီလိုလုပ်ရခြင်းဖြစ်တယ်။”
ပြည်တွင်းကရိုဟင်ဂျာတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်ခွင့်မပေးသေးဘဲ ပြည်ပ ရိုဟင်ဂျာတွေကို ပြန်ခေါ်မယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုး က ဝေဖန်ပါတယ်။
“ဘင်္ဂလားဒေ့ရှ်က လူတွေကို စိတ်ရင်းစေတနာအမှန်နဲ့လက်ခံမယ်ဆိုရင် ပြည်တွင်းမှာ ရိုဟင်ဂျာတွေ လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်တဲ့အခင်းအကျင်းဖြစ်အောင် လုပ်ဖို့လိုတာပေါ့။ အဲ့လိုမဟုတ်ဘဲ ဟိုဘက်(ဘင်္ဂလားဒေ့ရှ်)က လူတွေကို ခေါ်မယ်ဆိုရင် သေတွင်းထဲက ထွက်သွားတဲ့သူတွေကို သေတွင်းထဲကို ပြန်ခေါ်တာနဲ့ အတူတူပဲပေါ့။”
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ပြုစုထားတဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံခဲ့ရတဲ့ ရိုဟင်ဂျာ တစ်ထောင်နီးပါး ရှိတယ်လို့ သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ခရီးသွားလာရင်းဖမ်းမိတဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကိုအရင်က အခုလိုပြောဖူးပါတယ်။
"တရားမဝင် ခိုးထွက်တဲ့သူတွေရှိတယ်။ ပင်လယ်ပြင်မှာ ဖမ်းမိတာတွေရှိတယ်။ ဒါမျိုးတွေနဲ့ ပတ်သက်ပြီး ဖမ်းမိရင် ကျွန်တော်တို့ရဲ့မူဝါဒကတော့ သူတို့ကို ဖမ်းပြီးရင် မူရင်းနေရာကို ပြန်လွှတ်တာ ရှိပါတယ်။ ဖမ်းဆီးတာတော့ မရှိပါဘူး။ သို့သော် တစ်ခုတော့ရှိတယ်။ လူမှောင်ခိုလုပ်ပြီး ခေါင်းဆောင် လုပ်တဲ့သူတွေထဲမှာ မွတ်ဆလင်တွေတင်မကဘဲ ကျန်တဲ့သူတွေပါ ပါတယ်။ ဒါတွေကတော့ ဖမ်းဆီး အရေးယူတာတွေ ရှိပါတယ်။”
ပြည်ပကရိုဟင်ဂျာတွေ ပြန်လက်ခံမယ့်မူဝါဒအပေါ် ဝေဖန်နေတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို RFA က မေးပေမယ့် ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။
စစ်ကောင်စီဟာ ဘင်္ဂလားဒေ့ရှ်ကနေ ပြည်တွင်းပြန်ဝင်လာတဲ့ ရိုဟင်ဂျာတွေကိုလည်း ဖမ်းဆီးအရေး ယူတာတွေ ရှိနေပါတယ်။ လွန်ခဲ့တဲ့ ရှစ်လလောက်က ဘင်္ဂလားဒေ့ရှ် ကုတုပါလောင်၊ ဘာလူခါလီ၊ စေတီမူရာ ဒုက္ခသည်စခန်းတွေကနေ မောင်တော မြောက်ပိုင်းကို ပြန်ဝင်လာတဲ့ ရိုဟင်ဂျာ ၂၉ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီထဲက အသက်မပြည့်သေးတဲ့ ကလေး ကိုးဦးကိုတော့ ဆွေမျိုးတွေဆီ ပြန်ပို့ခဲ့ပေမယ့် ကျန်တဲ့ အယောက် ၂ဝ ကို ဒီနှစ် မေလ ၂၃ ရက်နေ့က တရားမဝင် ခိုးဝင်၊ ခိုးထွက်မှုနဲ့ ထောင်ဒဏ်သုံးနှစ်စီ မောင်တောတရားရုံးက ချမှတ်လိုက်တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ဒီရက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီသွားပြီးလေ့လာခဲ့တဲ့ ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာမဟာမင်းကြီး ဖိလစ်ပိုဂရမ်ဒီက မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတွေရဲ့ အရေးကိစ္စကို မေ့မထားကြဖို့ မေလ ၂၄ ရက်နေ့က ပြောခဲ့ပါတယ်။
ဒုက္ခသည်တွေကလည်း သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး တန်းတူ အခွင့်အရေးတွေ ပေးမယ်ဆိုရင် နေရပ်ပြန်ချင်တဲ့အကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးကို ပြောလိုက်ကြပါတယ်။