ရှစ်လအတွင်း ဘင်္ဂလားဒေ့ရှ်စခန်းတွေမှာ ရိုဟင်ဂျာ ၄ဝ ကျော်သတ်ဖြတ်ခံရ
2023.08.29

၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ အခုဩဂုတ်လကုန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အသက် ၁၈ နှစ်အောက် ယောကျ်ားလေးနှစ်ဦးနဲ့ မိန်းကလေးတစ်ဦး အပါအဝင် ရိုဟင်ဂျာ ၄၃ ဦးကို လက်နက်ကိုင်အဖွဲ့တွေက သတ်ဖြတ်ခဲ့တယ်လို့ စခန်းအတွင်း နေထိုင်နေသူတွေက ပြောပါတယ်။
အခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဧပြီလ ၂ ရက်နေ့အထိ အသတ်ခံရသူ ၁၆ ဦးရှိခဲ့တယ်လို့ RFA က သတင်းထုတ်ခဲ့ပြီးနောက် နောက်ထပ်လေးလအတွင်း ထပ်မံအသတ်ခံရသူ ၂၇ ဦးတိုးလာခဲ့တာပါ။
"၁၂ နှစ်အရွယ်ကလေးကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ပစ်လိုက်တာ။ သူရဲ့ ဦးလေးတစ်ယောက် တခြားအဖွဲ့အစည်းမှာရှိတယ်ဆိုပြီးတော့"
အဲဒီလိုထပ်မံ သတ်ဖြတ်ခံရသူတွေထဲမှာ အမျိုးသမီး နှစ်ဦးလည်း ပါဝင်ပြီးလက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံရသူတွေရှိသလို လက်နက်အဖွဲ့အချင်းချင်းကြား ပစ်ခတ်မှုတွေကြောင့် သေနတ်ကျည်ထိမှန်သေဆုံးခဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၂ ရက်နေ့က စခန်းအမှတ် (၈ )က အသက် ၁၈ နှစ်အောက် ကျောင်းသားတစ်ဦးကို အာရ်ကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် ARSA အဖွဲ့က ဖမ်းဆီးပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘာလုခါလီဒုက္ခသည်စခန်းမှာ နေထိုင်သူ တစ်ဦးက RFA ကိုပြောပါတယ်။
“ကျွန်တော်တို့နဲ့ သိပ်မဝေးလှပါဘူး။ အမှတ် ၈ ဒုက္ခသည်စခန်းနဲ့ဆိုရင်။ အဲ့ဒီကလေးလေးက ကလေးချင်း ကစားနေကြတဲ့အချိန်မှာ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ ပထမ ရိုက်နှက်ခဲ့တယ်။ နောက်ပြီး သေနတ်နဲ့ပစ်သတ်လိုက်တယ်။ ၁၂ နှစ်အရွယ်ကလေးကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ပစ်လိုက်တာ။ သူရဲ့ ဦးလေးတစ်ယောက် တခြားအဖွဲ့အစည်းမှာရှိတယ်ဆိုပြီးတော့။ အဲ့ဒီကလေးလေးရဲ့ ဦးလေးက RSO မှာရှိတယ်ဆိုပြီး ARSA က သတ်ပစ်လိုက်တာဖြစ်ပါတယ်။”
ဒီကိစ္စကို ဘင်္ဂလားဒေ့ရှ်အစိုးရက အမှုဖွင့်ပြီး တရားခံတွေ ဖမ်းမိရေးဆောင်ရွက်နေတယ်လို့ စခန်းအတွင်း နေထိုင်ကြတဲ့ ဒုက္ခသည်တွေကပြောပါတယ်။
ဒုက္ခသည်တွေရဲ့ပြောဆိုချက်အရ ARSA အဖွဲ့နဲ့ တခြားဆက်စပ်အဖွဲ့တွေက ဥပဒေမဲ့သတ်ဖြတ်မှုတွေ ကျူးလွန်နေတာလို့ ဆိုပေမဲ့ ARSA အဖွဲ့ဘက်ကို RFA က ဆက်သွယ်လို့ မရသေးတဲ့အတွက် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
ဩဂုတ်လ ၁၅ ရက်နေ့ကလည်း လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းပစ်ခတ်မှုကြောင့် အသက် ငါးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဒုက္ခသည်စခန်းအတွင်းနေထိုင်သူတွေက ပြောပါတယ်။
ဒါ့အပြင် နောက်ထပ်အမျိုးသမီးတစ်ဦးလည်း ARSA အဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်လို့ ကုတုပါလောင်ဒုက္ခသည်စခန်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“ငါးနှစ်အရွယ်တစ်ယောက်က သူတို့လက်နက်ကိုင်အဖွဲ့အချင်းချင်း သေနတ်ပစ်တာမှာ ကျည်ဆန်ထိမှန်ပြီး သေသွားတာ။ နောက်တစ်ယောက်ကတော့ ARSA အဖွဲ့က အဲ့ဒီအမျိုးသမီးကို သူက ဓားနဲ့ထိုးလိုက်တာ။ အခုက အများအားဖြင့် ARSA က သတ်တာပါ။ ARSA က အခုလေးခြမ်းကွဲသွားပြီ။ အဲ့ဒီ ARSA က ထွက်လာတဲ့ ခွဲထွက်တဲ့ ARSA တွေက သတ်တာလည်းရှိတယ်။ အများအားဖြင့်တော့ ARSA ပါ။ အာတာအူလာ ဦးဆောင်တဲ့ သူရဲ့အဖွဲ့ကပေါ့။”
အသတ်ခံရသူ အများစုဟာ လူအခွင့်အရေးလှုပ်ရှားသူတွေ၊ စခန်းခေါင်းဆောင်တွေ၊ ARSA အဖွဲ့ကို ဆန့်ကျင်သူတွေနဲ့ ရာဇဝတ်ဂိုဏ်းတွေက နှုတ်ထွက်ထားသူ အများစု ဖြစ်တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့RSO ဟာ အခုနှစ်ထဲ ဘင်္ဂလားဒေ့ရှ်စခန်းအတွင်း ပြန်လည်နေရာရယူလာနိုင်တဲ့အတွက် ARSA နဲ့ RSO ကြား ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
“စိုးရိမ်ချက်တွေအများကြီးရှိတယ်။ ARSA တွေ ပြန်ပြီးအရင်လို ဒုက္ခသည်စခန်းကို ပြန်ပြီး အုပ်ချုပ်စိုးမိုးနိုင်ရင် အန္တရာယ်အရမ်းရှိတယ်။"
ဘာလုခါလီဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ဒုက္ခသည်တစ်ဦးက စိုးရိမ်မှုတွေနဲ့ စခန်းအတွင်းနေထိုင်နေရတယ်လို့ ပြောပါတယ်။
“စိုးရိမ်ချက်တွေအများကြီးရှိတယ်။ ARSA တွေ ပြန်ပြီးအရင်လို ဒုက္ခသည်စခန်းကို ပြန်ပြီး အုပ်ချုပ်စိုးမိုးနိုင်ရင် အန္တရာယ်အရမ်းရှိတယ်။ ARSA အဖွဲ့က RSO ကိုလာပြီးမှ တိုက်ခိုက်လို့ ပြည်သူလူထုကို ထိခိုက်မလားဆိုတဲ့ စိုးရိမ်ချက်လည်းရှိတယ်။ RSO ကို ပြည်သူလူထုက ထောက်ခံနေတော့ မနာလိုမုန်းစိတ်တွေ ပွားများပြီးတော့မှ ARSA က RSO ကိုမနိုင်တော့ ဘယ်သူပဲဖြစ်ဖြစ် သတ်ပစ်လိုက်တာ။ ဒီလိုမျိုးစိုးရိမ်မှုတွေ ရှိတယ်။နောက်နောင်မှာလည်း ဖြစ်မှာပဲ။ သူတို့က နောက်မဆုတ်ဘူး။ ARSA က တနေ့နေ့ ဒီဒုက္ခသည်စခန်းကို အရင်လိုမျိုးပြန်လည် အုပ်ချုပ်ခွင့်ရချင်တယ်။”
တစ်ဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက စခန်းအတွင်း လုံခြုံရေးတင်းကျပ်ပြီး ပြစ်မှုကျူးလွန်တဲ့ ARSA အဖွဲ့ဝင်တွေကို ဖမ်းဆီး အရေးယူတာတွေကြောင့် ARSA အဖွဲ့ဝင်တွေဟာ လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက် အခြေချတာတွေ ရှိလာတယ်လို့ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်စခန်းတွေမှာ နေထိုင်သူတွေက ပြောကြပါတယ်။

လက်ရှိမှာ ARSA အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း လှုပ်ရှားမှုတွေ ပိုများလာလို့ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသူတွေပါ စိုးရိမ်ချက်တွေ ရှိလာနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရခိုင်ပြည်နယ်အခြေစိုက် လူမှုအဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“သူတို့က လှုပ်ရှားလို့ရှိရင် စစ်ရေးအရ လှုပ်ရှားတာတစ်ခုတည်းမဟုတ်ဘူး။ လူသတ်၊ ဓားပြဂိုဏ်းတွေလိုပဲ လူတွေကို သတ်မယ်။ ပြန်ပေးဆွဲမယ်။ ဒီလိုမျိုးရှိတယ်။ မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေကို ဖမ်းမယ်။ သူတို့ ဩဇာမခံလို့ရှိရင် ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်လေ့ရှိတယ်။ ဒါကြောင့် ဒေသခံတွေဘက်မှာ စိုးရိမ်ချက်တွေရှိတယ်။ အရင်တုန်းက ၂၀၁၆ ဖြစ်ပြီး စကစက ဒါတွေကို သေချာရှင်းလင်းလို့ သူတို့က ရခိုင်ပြည်နယ်ကနေပြီးတော့မှ ဘင်္ဂလားဒေ့ရှ်ဘက်ကို တော်တော်များများ ခိုလှုံလှုပ်ရှားတယ်။ အခုဟာက Camp တွေမှာ လှုပ်ရှားမှုတွေ လျော့ပြီး ဒီဘက်မှာ ပိုလှုပ်ရှားလာတယ်။ သူတို့လှုပ်ရှားလို့ရှိရင်လည်း စစ်ရေးအရ လှုပ်ရှားတာမဟုတ်ဘဲနဲ့ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်တာတွေရှိတော့ လူထုမှာ စိုးရိမ်မှုတွေရှိတယ်”
ကော့ဘဇားမှာ ဒုက္ခသည်စခန်း ၃၄ ခုရှိတဲ့အနက် စခန်း ၁ဝ ခုကျော်မှာ အခုလို သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ စခန်းတွင်းနေထိုင်သူတွေက ပြောပါတယ်။