အာရှ-ပစိဖိတ်ဒေသ ဒုက္ခသည်ပြဿနာတွေနဲ့ ရင်ဆိုင်နေရ
2023.02.08

အာရှ ပစိဖိတ်ဒေသအနေနဲ့ အဆင်သင့်အနေအထားမှာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နောက်ထပ် ဒုက္ခသည်ဆိုင်ရာပြဿနာကတော့ လာလိမ့်ဦးမယ်လို့ ဒီပလိုမက်သတင်းက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ဟာ အာရှ ပစိဖိတ်ဒေသတွင်းမှာ လူမှောင်ခိုနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု နိုင်ငံစုံကျော် ရာဇဝတ်မှုတွေ ပေါ်ပေါက်ခဲ့တဲ့ Bali Process ခေါ် ဘာလီ လုပ်ငန်းစဉ် စတင်ခဲ့တာ နှစ် ၂၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။
ဒါပေမဲ့ သက်တမ်းကြာရှည်ခဲ့တာဖြစ်သော်လည်း မူဝါဒပိုင်းဆိုင်ရာ အလေးအနက်ဆွေးနွေးမှု၊ စွမ်းဆောင်ရည် ထူထောင်မှု၊ ဘာလီ လုပ်ငန်းစဉ်ရဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်း စတာတွေမှာ ထူးထူးခြားခြားရယ်လို့တော့ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ အိန္ဒိယသမုဒ္ဒရာမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေ လှေတွေနဲ့မျောပါနေခဲ့ကြတာကလည်း စိတ်မချမ်းမြေ့စရာ နောက်ထပ် ဖြစ်ရပ်တစ်ခုလို့ သတင်းက ဖော်ပြပါတယ်။
ဖေဖော်ဝါရီလ ၉ ရက် နဲ့ ၁၀ ရက်နေ့ သြစတြေးလျနိုင်ငံ Adelaide မြို့မှာ ကျင်းပမယ့် ဘာလီလုပ်ငန်းစဉ်ဆိုင်ရာ ဝန်ကြီးအဆင့်ဆွေးနွေးပွဲဟာ ၂၀၁၅ မုတ္တမပင်လယ်ပြင် ပြဿနာအပြီး ၂၀၁၈ ခုနှစ်ကစလို့ ပထမဆုံး ကျင်းပခဲ့တဲ့ ဝန်ကြီးအဆင့် ညီလာခံဖြစ်ပါတယ်။
အဲဒီ ၂၀၁၅ မုတ္တမပင်လယ်ပြင်ပြဿနာမှာ လူ ရှစ်ထောင်လောက်ကို လူမှောင်ခိုသမားတွေက ပင်လယ်ပြင်မှာ စွန့်ပစ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံတွင်းက အမြစ်မပြတ် မတည်ငြိမ်နိုင်တဲ့ ပဋိပက္ခတွေအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက အခြေအနေတွေ ဆိုးရွားနေတဲ့ ဒုက္ခသည်စခန်းတွေဟာလည်း အန္တရာယ်ခရီးကြမ်းတွေကနေ လွတ်မြောက်လုံခြုံရာ အခွင့်အလမ်းတွေကို ရှာကြံနေကြသူတွေ ခိုလှုံရာဌာနတွေ ဖြစ်နေကြဆဲပါ။
ဆဌမအကြိမ်မြောက်ဝန်ကြီးများအဆင့် ညီလာခံက သဘောတူထားတဲ့ ၂၀၁၆ နှစ်ကုန်ပိုင်း ဘာလီ ကြေညာချက်မှာတော့ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးကိုပဲ ထပ်မံတောင်းဆိုထားပါတယ်။
ဒါ့ပြင် စီစဉ်ဆောင်ရွက်မှုတွေ မလုံလောက်ပေမယ့် ဆဌမအကြိမ်မြောက် ဝန်ကြီးများအဆင့် ဆွေးနွေးညှိနှိုင်းမှု ဖြစ်စဉ်အသစ်တစ်ရပ် ပေါ်ပေါက်လာဖွယ်ရှိပြီး TFPP ခေါ် စီမံကိန်း နဲ့ ပြင်ဆင်ဆောင်ရွက်ရေးအလုပ်အဖွဲ့ ဖွဲ့စည်းရေးလည်း ပါဝင်ပါတယ်။
ဒီလိုအခြေအနေမျိုး နောက်ထပ် မပေါ်ပေါက်နိုင်ကြောင်းလည်း ဖော်ပြပါတယ်။ ဒါပေမဲ့ အကြောင်းမလှချင်တော့ အဲဒီအနေအထားဟာ အကြီးအကျယ်လွဲချော်သွားခဲ့ပါတယ်။
၂၀၁၅ခုနှစ် နောက်ပိုင်း ပုံမှန်မဟုတ်တဲ့ ရေကြောင်းသွားလာမှုတွေ ကျဆင်းသွားခဲ့သလို နိုင်ငံတကာ လုံခြုံရေးလည်း မှေးမှိန်သွားခဲ့တာပါ။ ဘာလီကြေညာချက် နဲ့ သုံးသပ်ချက်နောက်က အရှိန်အဟုန်လည်း မှိန်ဖျော့သွားခဲ့တာပါ။

ဘာလီလုပ်ငန်းစဉ် ပူးတွဲဥက္ကဋ္ဌ အင်ဒိုနီးရှားနဲ့ သြစတြေးလျတို့ ၂၀၁၇ခုနှစ် တိုင်ပင်နှီးနှောရေးလုပ်ငန်းစဉ်အရ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က သိန်းနဲ့ချီ နေရာပြောင်းရွှေ့ခဲ့ကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းကို ထွက်ပြေးခဲ့ကြရပေမယ့် ဒေသတွင်းတုံ့ပြန်မှုက အားနည်းလှပါတယ်။
TFPP ခေါ် စီမံကိန်း နဲ့ ပြင်ဆင်ဆောင်ရွက်ရေးအလုပ်အဖွဲ့ကတော့ ပိုမိုတက်ကြွပြီး သတင်းအချက်အလက် မျှဝေပြီး ကြီးမားလှတဲ့ ဒုက္ခသည်တွေနဲ့ နေရာရွှေ့ပြောင်းခဲ့ရသူတွေကို စီစဉ်ဆောင်ရွက်ပေးခဲ့ကြပါတယ်။
ဒါပေမဲ့ ဒုက္ခသည်ဦးရေနဲ့ ကူညီဆောင်ရွက်နိုင်တဲ့ အင်အားက မမျှတဘဲ ရှိနေဆဲပါ။ ဒေသတွင်း အစိုးရတွေရဲ့ တုံ့ပြန်မှုတွေကလည်း နှေးကွေးပြီး ကူညီဆောင်ရွက်မှု အားနည်းလှပါတယ်။ ဒုက္ခသည် ၁၈၀ လောက်ပါတဲ့ လှေတစ်စီး နစ်မြုပ်သွားခဲ့ရာမှာ လှေပေါ်ပါသူအားလုံး သေဆုံးသွားခဲ့ရပါတယ်။
ဒါပေမဲ့ ဒုက္ခသည်တွေဟာ၊ သူတို့ကို လူမှောင်ခိုအဖြစ်၊ အန္တရာယ်ကြီးလှတဲ့ ပင်လယ်ကို ဖြတ်၊ ကုန်းတွင်းကို ပို့ပေးနိုင်မယ့်သူတွေကိုသာ ရှာဖွေနေကြတာဖြစ်ပါတယ်။
ဒီအတွင်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေက အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် မွတ်ဆလင်ဘာသာဝင် ၄၂၃ ဦးကို ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မြန်မာစစ်ကောင်စီက မူလနေရပ် ပြန်ပို့ခဲ့ပါတယ်။ သူတို့ဟာ နိုင်ငံကနေ တရားမဝင် စွန့်ခွာပြီး ဘင်္ဂလား ပင်လယ်အော်တွင်းကနေတဆင့် တခြားနိုင်ငံတွေကို သွားရောက်ကြဖို့ ပင်လယ်ပြင်အတွင်းကို ထွက်ခွာသွားခဲ့ကြတာဖြစ်ပါတယ်။
အဲဒီအတွက် လူမှောင်ခိုသမားတွေကို လူတစ်ယောက် ကျပ်ငွေ ၆ သန်းကနေ ၁၀ သန်းအထိ ပေးကြရကြောင်း သိရပါတယ်။ ထွက်ခွာဖို့ ကြိုးစားသူ အများစုမှာလည်း၊ အာဏာပိုင်တွေရဲ့ ဖမ်ဆီးတာခံခဲ့ကြရကြောင်း Eurasia Review သတင်းက ဖော်ပြပါတယ်။