ဒုက္ခသည်ပြန်လက်ခံရေးအစီအစဉ် သုံးသပ်ချက်များ


2018.11.16
rohingya-refugees-622.jpg ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက Teknaf ရိုဟင်ဂျာ စခန်းမှာ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: BenarNews

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေ ပြန်လက်ခံရေး မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံရဲ့ ပူးတွဲအစီအစဉ်အရ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်လက်ခံဖို့ မြန်မာဘက်က စောင့်ဆိုင်းခဲ့ကြပေမယ့် ပြန်မလာကြသလို ဒီကနေ့ထိလည်း ရောက်မလာကြသေးပါဘူး။

ဒီအကြောင်း သုံးသပ်ချက်တွေကို RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လက်ခံရေး စုစည်းတင်ပြချက်

(ကျော်သူ)

ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်က မွတ်စလင်ဒုက္ခသည်တွေ ပြန်လာမယ်ဆိုပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေဟာ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲနဲ့ ငါးခူရစခန်းတွေမှာ မနေ့ကနဲ့ ဒီကနေ့ ၂ ရက်လုံးမှာ တစ်နေ့လုံး စောင့်ဆိုင်းနေခဲ့ကြပေမယ့်လည်း ရောက်မလာကြပါဘူး။

ဒါကြောင့် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မနေ့ ညနေပိုင်းက အရေးပေါ်သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့သလို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကလည်း စစ်တွေမြို့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ပြန်လာချင်တယ်လို့ ပြောတဲ့သူတွေဆိုရင် တားမြစ်တာ၊ ပုံစံဖြည့်ဖို့ ပုံစံတွေ သူတို့လက်ထဲမှာမရှိတာ၊ နှှိပ်စက်ညှဉ်းပန်းခံရတာ၊ သတ်ပစ်တဲ့အထိ လုပ်နေတာတွေရှိနေတယ်ဆိုပြီး စစ်တွေမြို့မှာ ဒေါက်တာ ဝင်းမြတ်အေး က သတင်းထောက်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှာ မြန်မာနိုင်ငံဘက် ပြန်လာလိုသူတွေရှိသလို မပြန်လိုတဲ့သူတွေ လည်းရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးမြင့်သူက မနေ့ကသတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပြောပါတယ်။

"လက်ရှိအနေအထားမှာ ဟိန္ဒူဘာသာဝင် ၄၃၈ ဦး ရောက်ရှိနေပြီး အမြန်ဆုံးပြန်လိုတယ်လို့ ကျ နော်တို့ကို ပြောကြားခဲ့ပါတယ်။ တစ်ဘက်နိုင်ငံကို ရောက်နေတဲ့ နေရပ်စွန့်ခွာသူတွေကို သုံးသပ်ရင် အမျိုးအစား ၃ မျိုးတွေ့ရပါတယ်၊ ပထမအုပ်စုကတော့ တတိယနိုင်ငံတစ်ခုခု ဥပမာ ကနေဒါလို နိုင်ငံမျိုးကို သွားလိုသူတွေ ကတော့ ပြန်လာဖို့ရှိမှာ မဟုတ်ပါဘူး၊ ဒုတိယအုပ်စုကတော့ ၂၀၁၆-၁၇ အာဆာ အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်ခဲ့သူတွေ ဖြစ်ပါတယ်၊ ရဲစခန်း ၃၀ နဲ့ တပ်မတော်တပ်ရင်းတို့ကို တိုက်ခိုက်ခဲ့တဲ့ အာဆာ အကြမ်းဖက်အများစုက စည်းရုံးသိမ်းသွင်းခဲ့တဲ့ရွာသားတွေ ဖြစ်ကြပါတယ်၊ ဒီပုဂ္ဂိုလ်တွေကလည်း ပြန်လာလိုတဲ့ဆန္ဒ ရှိမှာမဟုတ်ပါဘူး၊ တတိယအုပ်စုကတော့ ရခိုင်ပြည်နယ်မှာ နေအိမ်တွေ ဆွေမျိုးတွေ လယ်ယာနဲ့ ငါးဖမ်းစက်လှေတွေ ပိုင်တဲ့သူတွေ စီးပွားရေးလုပ်ငန်းရှိတဲ့သူတွေ ဒီပုဂ္ဂိုလ်တွေကတော့ ပြန်လာလိုတဲ့ဆန္ဒ ရှိကြပါတယ်"

ဒုက္ခသည်ပြန်လက်ခံရေးအတွက် အစိုးရရဲ့ အခုလိုလုပ်ဆောင်ချက်တွေအပေါ် ထောက်ခံတယ်လို့ မောင်တောမြို့က ဦးနီမော် က အခုလိုပြောပါတယ်။

"ဒါကတော့မှန်တာပေါ့ သူက ၁၅ ရက်နေ့ ဒုက္ခသည်လက်ခံမယ် ဟိုဘက်ကလည်း နှစ်နိုင်ငံသဘောတူ တဲ့အတွက်ကြောင့် ဒီဘက်ကလည်း သူတို့ကိုကြိုဖို့သွားလိုက်တာကို ဒီဘက်ကတော့မှန်ပါတယ်၊ ဟိုဘက်က သူတို့ဘာကြောင့်မပြန်လာလဲ ဘယ်ပြောနိုင်မလဲ ဘာပဲဖြစ်ဖြစ်ဗျာ ကျနော်တို့ ဟိန္ဒူတွေလည်း မတတ်သာလို့ ဟိုဘက်မှာရောက်သွားတယ် ကယ်ပေးထားတာ အရမ်းကျေးဇူးတင်တယ်၊ ဒါပေမဲ့ ကိုယ်မွေးဖွားတဲ့နေရာမှာပဲ ပြန်နေချင်တယ် ကျနော်ကလည်း အဲလိုပဲလာစေချင်ပါတယ်"

ဒုက္ခသည်တွေပြန်လာရေးအတွက် နှစ်ဘက်အစိုးရခေါင်းဆောင်တွေ ညှိနှိုင်းလို့အပြီး မြန်မာဘက်က အဆင်သင့်ဖြစ်ပြီလို့ ကြေညာခဲ့ပြီးနောက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတချို့တို့က ဒုက္ခ သည်တွေပြန်ဖို့ အခြေအနေတွေက မပြည့်စုံသေးဘူးလို့ဆိုပြီး ကြေညာခဲ့ကြပါတယ်။

မနေ့က ဘင်္ဂလားဒေ့ရှ်အစိုးရက သူတို့ပြန်ဖို့ ကားတွေစီစဉ်ထားကာ အစားအစာတွေလည်း ပြင်ဆင် ပေးထားပြီးကာမှ သူတို့ကို နိုင်ငံသားဖြစ်ခွင့်ရဖို့၊ တရားမျှတမှုရဖို့ အခွင့်အရေးတွေမရရင် မပြန်လိုဘူးလို့ ကြွေးကြော်ဆန္ဒပြကြတယ်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

အစိုးရအနေနဲ့ နိုင်ငံတကာဖိအားတွေ လျော့ကျအောင် ခုလိုလုပ်ဆောင်ပေးပေးနေတာဟာ တာဝန် ကျေနေပြီလို့ ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က အခုလို သုံးသပ်ပြောပါတယ်။

"ထွက်သွားတဲ့လူတွေဟာ ကျနော်တို့ မြန်မာနိုင်ငံမှာ ခိုးဝင်ရောနေတဲ့လူတွေဆိုတာ အငြင်းမပွားပါဘူးခင်ဗျ၊ သူတို့တောင်းဆိုချက်တွေဖြစ်တဲ့ ဘင်္ဂလီဟူသမျှကို နိုင်ငံသားဖြစ်ခွင့် သမိုင်းမှာမရှိတဲ့လူမျိုး တစ်မျိုးရဲ့အမည်နဲ့ တိုင်းရင်းသားသတ်မှတ်ပေးရမယ်ဆိုတဲ့အချက် မိမိတို့ရဲ့လိုချင်တဲ့ ဆန္ဒဟူသမျှကို လိုက်လျောပေးရမယ် ဆိုတဲ့အချက် သီးခြားဒေသ လွတ်လွတ်လပ်လပ်နေခွင့်ပေးရမယ်ဆိုတဲ့အချက်တွေဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေတွေနဲ့ ကိုက်ညီမှုမရှိတာ တွေ့ရတယ်၊ မြန်မာနိုင်ငံက တာဝန်ကျေနေပြီ ပြန်လာဖို့မလာဖို့ကတော့ ဒီဘင်္ဂလီတွေဆန္ဒသာလျှင် မူတည်ပါတယ်လို့ ကျနော်တို့က ရှုမြင်ပါတယ်ခင်ဗျ"

ရိုဟင်ဂျာအရေး လုပ်ဆောင်နေသူတစ်ဦးဖြစ်တဲ့ ဦးသာအေးကတော့ အခုလို သုံးသပ်ပြောပါတယ်။

"အဓိကတော့ လူတွေယုံကြည်စိတ်ချလာနိုင်အောင်ပေါ့နော် နိုင်ငံသားဖြစ်ရေးကိစ္စကို တိတိကျကျပုံ ဖော်ပေးဖို့လိုတာပေါ့ လုံခြုံရေးကိုလည်း ပီပီပြင်ပြင် လုပ်ဖို့လိုတယ် မူလနေရာ ပြန်လည်နေရာချထား မယ်ဆိုတဲ့အစီအစဉ်ရယ် သူတို့ဆုံးရှုံးခဲ့တဲ့ လယ်မြေတွေပြန်ပေးဖို့ကိစ္စတွေပေါ့နော် သွားလာခွင့်အပြင် သူတို့ရဲ့ပညာသင်ခွင့် ဒါတွေကမလုပ်မပေးမချင်းကတော့ အဆင်ပြေမယ်လို့မထင်ဘူး"

ကုလသမဂ္ဂနဲ့အတူ နှစ်နိုင်ငံတို့ သဘောတူထားကြတဲ့ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိနဲ့ သူတို့နေရပ်ပြန် လာနိုင်ရေးကို မြန်မာဘက်က တတ်စွမ်းသလောက် ဆောင်ရွက်ပေးနေတာဖြစ်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အချာအာဏာနဲ့အညီ လုပ်ဆောင်ပေးနေတာလို့ သုံးသပ်ကြပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။